မလေးရှားအသင်းနည်းပြချုပ် တန်ချန်ဟိုက မြန်မာအသင်းနှင့် ယနေ့ယှဉ်ပြိုင်ကစားမည့် အုပ်စုနောက်ဆုံးပွဲတွင် လိုအပ်နေသည့် အနိုင်သုံးမှတ်ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
မလေးရှားအသင်းသည် မြန်မာအသင်းထက် တစ်မှတ်လျော့နည်းနေသောကြောင့် မဖြစ်မနေအနိုင်ရမှသာ ဆီမီး ဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
တန်ချန်ဟိုက ''ကွင်းလုံးပြည့်လာရောက် အားပေးမယ့် ပရိသတ်တွေကြောင့် ဒီပွဲက စိတ်ဝင်စားစရာကောင်းပါတယ်။ မြန်မာ အသင်းဟာ အုပ်စုမှာ ထိပ်ဆုံးကဦးဆောင်နေ တဲ့အသင်းဖြစ်ပြီး အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။ ကစားပုံကျစ်လျစ်ပြီး ကစားသမား ကောင်းတွေပါဝင်သလို တန်ပြန်တိုက်စစ်ကစားပုံလည်း ကောင်းမွန်ပါတယ်။ မြန်မာနဲ့ ယှဉ်ပြိုင်ရမယ့် နောက်ဆုံးပွဲက နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲဖြစ်ပြီး ကျွန်တော့်ကစားသမားတွေကို စိတ်ဓာတ်မြှင့်တင်ပေးထားပါတယ်။ ဆီမီးဖိုင်နယ်တက်ဖို့ လိုအပ်နေ တဲ့ အနိုင်သုံးမှတ်ကို ရယူနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောကြားသည်။
မလေးရှားဘော လုံးအဖွဲ့ချုပ် (FAM) သည် ယနေ့ယှဉ်ပြိုင် မည့် မလေးရှားနှင့် မြန်မာအသင်းပွဲကို ပရိ သတ် ၈၀ç၀၀၀ ကျော်ဆံ့ ဘူကစ်ဂျာလီကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာပရိသတ်အတွက် လက်မှတ်ခွဲတမ်း ၅၀၀၀ ရောင်းချပေးလျက်ရှိ သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာပရိသတ်များအတွက် လက်မှတ်ခွဲတမ်း ပိုမိုရရှိရန် ကြိုးပမ်းလျက်ရှိပြီး လက်မှတ်စောင်ရေ ၁၄၀၀ ထပ်မံရရှိရန် တောင်းဆိုထားကြောင်း သိရသည်။
အုပ်စု(A)တွင် မြန်မာနှင့် ဗီယက်နမ် အသင်းက ခုနစ်မှတ်စီ၊ မလေးရှားအသင်းက ခြောက်မှတ်ရထားပြီး မလေးရှားအသင်းအနေဖြင့် နောက်ဆုံးပွဲတွင် အနိုင်ရမှသာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။
မလေးရှားအသင်းသည် ကမ္ဘောဒီးယားအသင်းကို (၁-၀) ဂိုး၊ လာအိုအသင်းကို (၃- ၁) ဂိုးဖြင့် အနိုင်ရပြီး ဗီယက်နမ်အသင်းကို (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။
မလေးရှားအသင်းသည် မြန်မာအသင်းထက် နားရက် ပိုရထားပြီး ဗီယက်နမ်အသင်းနှင့်ပွဲအပြီးတွင် တစ်ပတ်အနားရထားသည်။
မလေးရှားနှင့် မြန်မာပွဲတွင် နှစ်သင်းစလုံး အမာခံကစားသမားများ အစုံအလင်ပါဝင်နိုင်မည်ဖြစ်ပြီး ပွဲပယ်နှင့် ဒဏ်ရာရကစားသမား ကင်းစင်လျက်ရှိသည်။
မလေးရှားအသင်းသည် ပြီးခဲ့သည့် ၂၀၁၆ ဆူဇူကီးပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲတွင်လည်း မြန်မာနှင့် အဆုံးအဖြတ်ကစားခဲ့ရပြီး (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ကာ အုပ်စုမှထွက် ခဲ့ရသည်။