၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၌ ပြန်လည်ကျင်းပမည်ဟု အတည်ပြု

၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၌ ပြန်လည်ကျင်းပမည်ဟု အတည်ပြု
Published 20 August 2017

၂၀၁၇ ဆီးဂိမ်းစ်ဖွင့်ပွဲ၌် ဖိလစ်ပိုင်အသင်း ကွင်းအတွင်း ဝင်ရောက်လာစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

၂၀၁၉ ခုနှစ်တွင်ကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပတော့မည် မဟုတ်ကြောင်း ကြေညာခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသည် အိမ်ရှင်အဖြစ် ပြန်လည် လက်ခံကျင်းပမည်ဖြစ်ကြောင်း သြဂုတ် ၁၉ ရက်က အတည်ပြု ကြေညာခဲ့သည်။ ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပရေးအဖွဲ့ချုပ် (SEAGF) ကောင်စီအစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့ရာ ဖိလစ်ပိုင် အိုလံပစ်ကော်မတီဥက္ကဋ္ဌ ဂျို့စ်ကိုဂျူအန်ကိုက အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင် အိုလံပစ်ကော်မတီသည် မူလက နိုင်ငံ၏ဘတ်ဂျက် အခြေအနေကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မည် မဟုတ်ကြောင်း ကြေညာခဲ့ပြီး (၂၉) ကြိမ်မြောက် မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပမည့်ရက်တွင် ဆုံးဖြတ်ချက် ပြန်ပြင်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လေးကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၁၉၈၁၊ ၁၉၉၁၊ ၂၀၀၅ ခုနှစ်တွင် လက်ခံကျင်းပခဲ့ပြီး ၁၄ နှစ်အကြာတွင် တစ်ကျော့ပြန် လက်ခံကျင်းပခွင့်ရခြင်းဖြစ်သည်။ ဖိလစ်ပိုင် အိုလံပစ်ကော်မတီဥက္ကဋ္ဌ ဂျို့စ်ကိုဂျူအန်ကိုက “၂၀၁၉ ခုနှစ်မှာ ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပဖို့ ဖိလစ်ပိုင် အစိုးရတာဝန်ရှိသူတွေနဲ့ သဘောတူညီမှု ရထားပါပြီ။ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ဆောင်ရွက်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ နဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ။ အောင်မြင်စွာ ကျင်းပနိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားသည်။ ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲကို  ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent