နာမည်ကြီး အမေရိကန်လက် ဝှေ့သမားဟောင်း ဖလွိုက်မေဝယ်သာက ဂျပန်ကစ်ဘောက်ဆင်သမားနှင့်ပွဲမှာ တရားဝင်ထိုးသတ်မည့်ပွဲမဟုတ်ဘဲ သီးသန့်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် လိမ်ညာခံရသဖြင့် ယင်းပွဲအား ဖျက်သိမ်းရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားသည်။
ကစားသမားဘဝတစ်လျှောက် ပွဲ ၅၀ ထိုးသတ်ရာ ရှုံးပွဲမရှိ ပွဲအားလုံး အနိုင်ရထားသည့် မေဝယ်သာနှင့် အသက် ၂၀ အရွယ် ကစ်ဘောက်ဆင်ကစားသမား နာဆူကာဝါတို့ ဒီဇင်ဘာ ၃၁ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ထိုးသတ်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်က သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲသို့ မေဝယ်သာကိုယ်တိုင် တက်ရောက်ခဲ့သော်လည်း ရက်ပိုင်းအကြာမှာပင် ပွဲဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မေဝယ်သာက ပွဲဖျက်သိမ်းခြင်းနှင့်ပတ်သက်၍ Instagram မှ တစ်ဆင့် ပရိသတ်များအား တောင်းပန်ခဲ့ပြီး မိမိအနေဖြင့် လိမ်ညာခံရခြင်းဖြစ်ကြောင်း ပြောကြားသည်။ “ရှင်းလင်းစွာ အသိပေးလိုပါတယ်။ ကျွန်တော် ဖလွိုက်မေဝယ်သာအနေနဲ့ တန်ရှင်နာဆူကာဝါနဲ့ တရားဝင်ပွဲ ထိုးသတ်ဖို့ သဘောတူညီမှု လုံးဝမရှိပါဘူး။ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ ဂျပန်သွားပြီး နာဆူကာဝါနဲ့ သီးသန့် ပွဲကျင်းပဖို့ ဆွေးနွေးခဲ့တာက ငွေကြေးချမ်းသာတဲ့ ပုဂ္ဂိုလ်အနည်းငယ်ဆီက မြင့်မားတဲ့နှုန်းထားနဲ့ ဝင်ကြေးရောင်းချပြီး ထိုးသတ်ဖို့အတွက်ပါ။ အဲဒီသရုပ်ပြပွဲကို ‘Super Bout’ ဆိုတဲ့နာမည်နဲ့ ဖျော်ဖြေရေးပွဲပုံစံ ပြုလုပ်ဖို့ စီစဉ်ထားတာပါ။ ဒါက တရားဝင်ပွဲမဟုတ်သလို ရုပ်သံကနေ တစ်ကမ္ဘာလုံးကိုပြသဖို့လည်း မရည်ရွယ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အဲဒီသတင်းစာရှင်းလင်းပွဲကို ချက်ချင်းရပ်လိုက်သင့်တယ်။ သတင်းစာရှင်းလင်းပွဲမှာ လွဲမှားတဲ့ သတင်းအချက်အလက်ပေးမိတဲ့အတွက် ကျွန်တော့်ပရိသတ်တွေကို အနူးအညွတ်တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့သဘောတူခွင့်ပြုချက် မပါဘဲ လိမ်လည်လှည့်ဖြားပြီးစီစဉ် ခံရတယ်ဆိုတာ ကျွန်တော့်ဘက်က အာမခံပါတယ်” ဟု ၎င်းက ဆိုသည်။
အသက် ၄၁ နှစ်ရှိပြီဖြစ်သည့် မေဝယ်သာသည် ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် ကစားသမားဘဝမှ အနားယူခဲ့သော်လည်း ပြီးခဲ့သည့် နှစ်သြဂုတ်တွင် UFC ကစားသမား မက်ဂရီဂေါ်နှင့် လက်ဝှေ့ကြိုးဝိုင်းအတွင်း ပြန်လည်ထိုးသတ်ခဲ့ပြီး ယင်းပွဲအပြီးမှာပင် အနားယူကြောင်း ထပ်မံကြေညာခဲ့သည်။ ၎င်းသည် ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကီယောင်းနှင့် မကျေပွဲထိုးသတ်မည်ဖြစ်ကြောင်း အတည်ပြုကြေညာထားသလို UFC လိုက်ဝိတ်တန်းချန်ပီယံ ရုရှားကစားသမား ခါဘစ်နာမာဂိုမီဒေါ့ဗ်နှင့်လည်း ထိုးသတ်ရန် ဆွေးနွေးနေကြောင်း သိရသည်။ ဂျပန်ပွဲစီစဉ်သူများဘက်မူ မေဝယ်သာနှင့် နာဆူကာဝါတို့ထိုးသတ်မည့် ပွဲပျက်ပြယ်ခြင်းအတွက် ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ နာဆူကာဝါမှာလည်း ကစ်ဘောက်ဆင် ၂၇ ပွဲစလုံး ရှုံးပွဲမရှိ အနိုင်ရထားသူ ဖြစ်သည်။