မန္တလေးမြို့ရှိ အဲယားကွန်းတပ်ဆင်ထားသောဆိုင်များ၊ စူပါမားကတ်များကိုရောက်တိုင်း ကိုအောင်မျိုးသူလွင်တစ်ယောက် အထိတ်တလန့်ဖြစ်ဖြစ်သွားတတ်ပြီး ဆိုင်ဝန်ထမ်းများကို သေသေချာချာ လိုက်လံကြည့်ရှုလေ့ရှိသည်။ ကိုအောင်မျိုးသူလွင်သည် အောင်မြေသာစံမြို့နယ်၏ ဓာတ်ခွဲခန်းမှူးတစ်ယောက်ဖြစ်ပြီး သူ့ရုံးခန်းသို့ အလည်သွားတိုင်း အလွန်အင်မတန်ပူပြင်းလှသော မန္တလေးအပူချိန်အောက်တွင် ပန်ကာကြီးကို တဝီဝီလည်အောင် ဖွင့်ထားရင်း ချွေးတလုံးလုံးဖြင့် အမြဲအလုပ်များနေသူ လည်းဖြစ်သည်။ သူ့လူနာများက “ဆရာရယ် အဲယားကွန်းတပ်ထားပါလား” ဟု ပြောတိုင်း ပျာပျာသလဲ ငြင်းလေ့ရှိသောကြောင့် မိတ်ဆွေများက သူ့ကို အဲယားကွန်းကြောက်သော စိတ်အခံရှိသူ (Aircon Phobia) ဟု လှောင်ပြောင်ခေါ်တိုင်းသူက ပြုံးစိပြုံးစိလုပ်ရင်း ခင်ဗျားတို့က ကျုပ်လိုမှ မသိကြတာဟုသာ ပြန်ပြောလေ့ရှိသည်။ သူဘာကိုများ ကြောက်လန့်နေပါသနည်း။
“ဟဲ့ကောင်လေး နင်ဒီလိုနေလို့ မဖြစ်တော့ဘူး။ နင်အိမ်ကိုပြန်တော့။ နင်ဒီလို ဆက်နေရင်နင့်အတွက်လည်း မကောင်းဘူး။ နင့် Partner (လက်တွဲဖော်) အတွက်လည်း မကောင်းဘူး။ နင့်ရန်ကုန်က အိမ်ကိုပြန်တော့။ နင်ဒီလိုအလုပ် ဆက်လုပ်နေလို့မရဘူး။ ဒီလို လူကြားထဲ သွားနေလို့ မရဘူးလေ” ဟု သူနာပြုဆရာမကြီးတစ်ဦးက သူ့လူနာတစ်ဦးကို ကရုဏာဒေါသောဖြင့် ပြောနေခြင်းဖြစ်သည်။ ယင်းသို့ပြောဆိုနေခြင်းမှာ အဆန်းတကြယ် မြင်ရခဲသည်တော့မဟုတ်။ အပတ်တိုင်းနီးပါး ကြုံတွေ့နေရခြင်း ဖြစ်သည်။ သူနာပြုဆရာမကြီး ပြောဆိုနေသည့် လူနာမှာ အသက် ၂၀၊ ၂၅ နှစ်ခန့်သာရှိသော အသားဖြူဖြူ၊ ကိုယ်ဟန်သွယ်သွယ်ရှိသည့် လူငယ်လေးတစ်ဦးဖြစ်ပြီး မိန်းမလျာတစ်ဦးလည်းဖြစ်သည်။ ထိုလူနာလေးကား လူကသာ ဖြူဖြူနွဲ့နွဲ့ဖြစ်သော်လည်း ခေါင်းတော်တော်မာဟန်တူသည်။ ဆရာမကြီးကို တစ်ခွန်းမကျန် ပြန်ပြောလျက်ရှိသည်။ သူ့အနေဖြင့် သူ့အမေဆီ လုံးဝပြန်မည်မဟုတ်ဘဲ ဆေးကုသမှုခံယူရင်း အလုပ်ဆက်လုပ်သွားမည်ဖြစ်ကြောင်း၊ သူ့လက်တွဲဖော်ကလည်း ဖြစ်လာသမျှအားလုံး အတူတူ ရင်ဆိုင်သွားမည်ဟု ဆုံးဖြတ်ထားကြောင်း ပြန်ပြောရင်း သူသောက်ရမည့်ဆေးများကိုသာ တောင်းဆိုလျက်ရှိသည်။ ဘာမှ ပြောမရတော့သည့်အဆုံး သူနာပြုဆရာမကြီးကား “အေး ငါတော့သေသာ သေလိုက်ချင်တယ်။ နင်က နင့်အတွက်၊ နင့်လက်တွဲဖော်အတွက် ခေါင်းထဲမထည့်ရင်တောင် နင့်ပတ်ဝန်းကျင်က လူတွေအတွက် ခေါင်းထဲထည့်သင့်တယ်ဟဲ့။ နင်ဖြစ်နေတာ သာမန်ရောဂါမဟုတ်ဘူးဆိုတာ သိရဲ့လား” ဟု တိုတိုတုတ်တုတ်ပြောလိုက်သော်လည်း ထိုလူနာလေးကား သူ့ဆုံးဖြတ်ချက်ကို မပြင်နိုင်ကြောင်းသာ ထပ်ကာတလဲလဲ ပြောကြားလျက်ရှိသည်။ ထိုလူနာလေး ဘာရောဂါများ ခံစားနေရပါသလဲ။
ထိုလူနာလေးခံစားနေရသည်မှာ ကုရာနတ္ထိဆေးမရှိသော HIV/ADIS လား။ မဟုတ်ပါ လုံးဝမဟုတ်ပါ။ အောင်မြေသာ စံမြို့နယ် ဓာတ်ခွဲခန်းမှူး ကိုအောင်မျိုးသူလွင် ကြောက်လန့်နေသည်မှာလည်း HIV/ADIS မဟုတ်ပါ။ ထိုရောဂါ၏ နာမည်ကို လူတိုင်းသိကြပါသည်။ သို့သော် ရင်းနှီးနေသောကြောင့်လားမသိ။ မည်သူမျှ ထိုရောဂါကို ကြောက်ရွံ့မှုမရှိသကဲ့သို့ ဂရုလည်းမစိုက်ကြပါ။
သူတို့ကြောက်နေကြသည့်ရောဂါမှာ မြန်မာသမားတော်ကြီးများအခေါ် မြစ်ခြောက်နာ၊ သာမန်လူများအခေါ် ချောင်းဆိုး သွေးပါရောဂါ၊ အနောက်တိုင်းဆရာဝန်များ အခေါ် Tuberculosis (TB) တီဘီရောဂါဖြစ်သည်။ ကိုအောင်မျိုးသူလွင်ကြောက်ရွံ့နေသည့် ရောဂါပိုးမှာ တီဘီရောဂါပိုးမွှားများ ဖြစ်ပါသည်။ အထူးသဖြင့် လေမှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်သော၊ အဲယားကွန်းခန်းများတွင် ကြာမြင့်စွာအသက်ရှင်နိုင်ကာ အဲယားကွန်းခန်းထဲသို့ ဝင်လာသမျှ လူတိုင်း၏ အသက်ရှူလမ်းကြောင်းသို့ ရောက်ရှိသွားနိုင်သော တီဘီရောဂါပိုးကို ကြောက်ရွံ့နေခြင်းသာ ဖြစ်သည်။
“တီဘီရောဂါပိုးဟာ လေကနေ တစ်ဆင့်ကူးစက်စေတဲ့ပိုးမွှားဆိုတာ လူတိုင်းသိကြပါတယ်။ လူတိုင်းမသိတာက အဲယားကွန်းခန်းထဲမှာ တီဘီရောဂါပိုးဟာ ကြာမြင့်စွာအသက်ရှင်နိုင်၊ ကူးစက်နိုင်တယ်။ အဲဒါကြောင့် ကျွန်တော့်ဓာတ်ခွဲခန်းမှာ အဲယားကွန်း မတပ်ရဲတာပါ။ တီဘီရောဂါကို အဆင့်သုံးမျိုးခွဲလို့ရတယ်။ ရိုးရိုးတီဘီ၊ ဆေးယဉ်ပါး တီဘီ (Multi – Drug Resistance) နဲ့ ဆေးမတိုးတီဘီ(ဝါ) ပြင်းထန်ဆေးယဉ်ပါးတီဘီ (Extensively Drug – Resistant Tuberculosis (TB)) ဆိုပြီး သုံးမျိုးရှိတဲ့အထဲက ရိုးရိုးတီဘီက ခြောက်လကနေ ကိုးလအထိ ဆေးသောက်ရင် ပျောက်နိုင်တယ် ။ ဆေးယဉ်ပါး တီဘီ (Multi – Drug Resistance) ကတော့ နှစ်နှစ်လောက်ထိ အချိန်ယူကုသရတယ်။ နေ့စဉ် ဆေးအလုံးရေ ၂၀ ခန့် သောက်သုံးရပြီး အပတ်စဉ်ပုံမှန် ဆေးထိုးခြင်းလည်း ခံယူရတယ်။ နောက်ဆုံးအဆင့်ကတော့ ဆေးမတိုး တီဘီပဲ။ အဲဒီအဆင့်ကတော့ အခုထိ ပျောက်ကင်းအောင်ကုသနိုင်တဲ့ ဆေးဝါး မပေါ်သေးဘူး။ ရောဂါပိုဆိုးမလာအောင် ထိန်းပေးနိုင်တာပဲရှိတယ်။ နောက်တစ်ခု ကြောက်စရာကောင်းတာက တီဘီဟာ အဆင့်လိုက် တိုက်ရိုက်ကူးစက်နိုင်တယ်။ ကျွန်တော်တို့ ရိုးရိုးလူတွေထင်ကြတာက တီဘီဖြစ်ပြီဆိုရင် ရိုးရိုးတီဘီပဲ ဖြစ်တယ်ထင်ကြတယ်။ မဟုတ်ဘူးဗျ။ ဆေးယဉ်ပါးတီဘီ သမားဆီကနေကူးရင် အဲဒီလူက ဆေးယဉ်ပါးတီဘီ တန်းဖြစ်တာ။ အဲဒီဆေးယဉ်ပါး တီဘီသမားတွေဟာ တကယ်တမ်းက လူကြားထဲမှာ မသွားလာရဘူး။ သူဆေးသောက်နေစဉ်ကာလမှာ အိမ်မှာနေရင်တောင် မိသားစုနဲ့ သီးခြားနေရမယ်။ သူ့ရဲ့ အသုံးအဆောင်တွေကနေ၊ သူအသက်ရှူတာကနေ ကူးစက်နိုင်တာကိုး။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဆေးယဉ်ပါးတီဘီရောဂါပိုးရှိတဲ့ လူတွေဟာ လူတွေကြားမှာ သွားလာလှုပ်ရှား လုပ်ကိုင်နေရတယ်။ လူအများနဲ့ ထိတွေ့ရတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတယ်။ ဆေးယဉ်ပါးတီဘီရောဂါဝေဒနာ ရှင်တစ်ယောက်ဟာ အဲယားကွန်းတွေ အပြည့်တပ်ဆင်ထားတဲ့ စူပါမားကတ်ကြီး တစ်ခုမှာ၊ ဘဏ်ကြီးတစ်ခုမှာ၊ ရုပ်ရှင်ရုံကြီး တစ်ခုမှာ အလုပ်လုပ်နေပြီဆိုပါတော့။ အဲဒီကို သွားလာနေတဲ့လူတွေအားလုံးမှာ အဲဒီရောဂါကူးစက်မယ့် အခွင့်အလမ်းရှိနေပြီ။ ကျွန်တော်ကြောက်တာ အဲဒါကိုကြောက်တာဗျ”ဟု ကိုအောင်မျိုးသူလွင်က ရှင်းပြသည်။
တီဘီရောဂါ ကူးစက်လွယ်သလား
မန္တလေးမြို့တွင် မြို့နယ်ကြီးခုနစ်ခုရှိ သည့်အနက် အောင်မြေသာစံမြို့နယ်သည် လူဦးရေ တစ်သိန်းရှစ်သောင်းကျော် (၁၈၃၉၆၆) ရှိပြီး တီဘီရောဂါဖြစ်ပွားသည့် လူနာအသစ်များမှာ တစ်လလျှင် ၅၀ ဝန်းကျင်ရှိကြောင်း သိရသည်။ ယင်းအရေအတွက်မှာ အောင်မြေသာစံမြို့နယ် ဒေသန္တရဆေးကုခန်းသို့ လာရောက်စစ်ဆေးပြသသော အရေအတွက်သာဖြစ်ပြီး အမှန်တကယ်ဖြစ်ပွားနှုန်းမှာ ယင်းပမာဏထက်များစွာ များပြားမှုရှိမည် ဖြစ်သည်။
မြန်မာနိုင်ငံ အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်းက ထုတ်ပြန်သည့် ကိန်းဂဏန်း များအလိုအရ မြန်မာနိုင်ငံ၏ တီဘီဖြစ်ပွားနှုန်းမှာ လူဦးရေတစ်သိန်းလျှင် တီဘီလူနာ သစ် ၃၇၀ ခန့်ရှိပြီး လူနာဟောင်းများမှာ လူဦးရေတစ်သိန်းလျှင် ၄၇၃ ဦးရှိကာ သေဆုံးနှုန်းမှာ လူဦးရေတစ်သိန်းလျှင် ၄၉ ဦးနှုန်း သေဆုံးလျက်ရှိသည့်အတွက် ကမ္ဘာပေါ်တွင် တီဘီရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ ၃၀ ထဲတွင် တစ်နိုင်ငံအဖြစ်ပါဝင်လျက်ရှိပြီး အာရှတိုက်တွင် တီဘီရောဂါဖြစ်ပွားမှုအများ ဆုံးနိုင်ငံထဲတွင်လည်း ပါဝင်လျက်ရှိပေသည်။
၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားသူ နှစ်သိန်းနီးပါး (၁၉၁၀၀၀)ခန့်ရှိပြီး ဖြစ်ပွားမှုအများဆုံး နိုင်ငံ ၂၀ စာရင်းတွင် ပါဝင်နေကြောင်း ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါဆိုင်ရာ အချက်အလက်များကို သီးသန့်ထုတ်ပြန်သည့် tbfactorg ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ယင်းဝက်ဘ်ဆိုက် အလိုအရ မြန်မာနိုင်ငံတွင် လူ ၁၀၀ ရှိတိုင်း သုံးယောက်တစ်ပိုင်း (၃၆၁)သည် တီဘီရောဂါကူးစက်ခံနေသည့် နှုန်းထားဖြစ်သည်။
ရန်ကုန်ကဲ့သို့ လူဦးရေထူထပ်သည့် ဒေသများမှာ ပိုမိုဆိုးရွားလျက်ရှိပြီး ရန်ကုန်တိုင်းတွင် လူခြောက်ဦးရှိတိုင်း တစ်ဦးမှာ တီဘီဖြစ်ပွားလျက်ရှိသည်ဟု ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေအဖွဲ့ထံမှ သိရသည်။
နှစ်စဉ် ကမ္ဘာတစ်ဝန်း လူရှစ်သန်းဝန်း ကျင် တီဘီရောဂါခံစားနေရပြီး ယင်းရောဂါဖြင့်ပင် လူ ၁၃ သန်း သေဆုံးနေကြသည်။ ပုံမှန်တီဘီရောဂါသည် ကုသပျောက်ကင်းနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။ သို့သော် ကမ္ဘာတစ်ဝန်း မထိရောက်သည့် တုံ့ပြန်လုပ် ဆောင်ပုံများက ဆေးယဉ်ပါးတီဘီကို ကပ်ရောဂါအဖြစ် ကြီးထွားလာအောင် ခြေကုပ်ယူခွင့်ပေးလိုက်သည်ဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယင်းကိန်းဂဏန်းများကို ကြည့်ရှုလိုက်လျှင် တီဘီရောဂါသည် မြန်မာကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအတွက် လက်တစ်ကမ်းမှ အန္တရာယ်ဆိုးကြီးတစ်ခုဖြစ်ကြောင်း သိသာလှပေသည်။
လူသားချင်းစာနာမှုနှင့် ရောဂါထိန်းချုပ်မှုအပေါ် ဝိဝါဒကွဲပြားစရာများ
တီဘီရောဂါကူးစက်ခံရသူများသည် လူအများနှင့် ထိတွေ့ဆက်ဆံခြင်းကို မဖြစ်မနေ ရှောင်ကြဉ်ရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ တိကျသော ဥပဒေ၊ မူဝါဒမရှိသေးသည့်အတွက် ထိန်းချုပ်ရန် ခဲယဉ်းလျက်ရှိသေးသည်။
တီဘီရောဂါတိုက်ဖျက်ရေး လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ ကြုံတွေ့နေရသည့် အခက်အခဲများစွာအနက် အဓိကအကျဆုံး အခက်အခဲမှာ လူနာများက ၎င်းတို့၏ ညွှန်ကြားချက်ကို လိုက်နာမှုမရှိ ခြင်းအား တစ်စုံတစ်ရာ အရေးယူနိုင်စွမ်းမရှိခြင်းကြောင့် ဖြစ်သည်။
တီဘီရောဂါ ကူးစက်ခံနေရသူများအနက် အချို့သည် လက်ရှိတွင် ကွမ်းယာရောင်းခြင်း၊ ခေါက်ဆွဲဆိုင်တွင် မုန့်ပြင်ပေးခြင်း၊ လက်ဖက်ရည်ဖျော်ခြင်းစသည့် စားသောက်ကုန်များနှင့် တိုက်ရိုက်ထိတွေ့ရသည့် အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်ခြင်း၊ အလုံပိတ်ထားသည့် အခန်းများတွင် အဲယားကွန်းတပ်ဆင်ထားသည့် စူပါမားကတ်ကြီးများတွင် အရောင်းဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေခြင်းစသည့် ဖြစ်စဉ်များသာမက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသားများအထိ ပါဝင်နေသည်။
အမှန်တကယ်အားဖြင့် ယင်းကဲ့သို့သော လူနာများသည် မိမိတို့ခံစားနေရသော တီဘီရောဂါကို ပျောက်ကင်းအောင် ကုသပြီးမှ အလုပ်ပြန်ဝင်ခြင်း၊ ကျောင်းဆက်တက်ခြင်း၊ လူအများကြားသွားလာခြင်း စသည်တို့ ပြုလုပ်သင့်သော်လည်း ၎င်းတို့အနေဖြင့် စီးပွားရေးအခက်အခဲ၊ လူမှုရေးများအရ ဆက်လက်လုပ်ကိုင် သွားလာနေကြဆဲ ဖြစ်သည်။ တီဘီရောဂါတိုက်ဖျက်ရေး ဝန်ထမ်းများအနေဖြင့် မိမိလူနာများအား ယင်းကဲ့သို့ မလုပ်ဆောင်ရန် ပညာပေးဆွေးနွေးမှုများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသော်လည်း တချို့တီဘီလူနာများကမူ လုံးဝလိုက်နာခြင်း မရှိဘဲ လူကောင်းပကတိ အလားသွားလာ လှုပ်ရှားနေကြဆဲ ဖြစ်ပေသည်။
တီဘီရောဂါဝေဒနာရှင်ကို ခွဲခြားဖို့လွယ်ကူသလား
သာမန်လူတစ်ယောက်နှင့် တီဘီဝေဒနာရှင်တစ်ယောက်ကို ယေဘုယျအားဖြင့် ခွဲခြားရန် လုံးဝမလွယ်ကူပါ။
တီဘီရောဂါ၏ လက္ခဏာများမှာ - နှစ်ပတ်ထက်ကျော်၍ ချောင်းဆိုးခြင်း၊ ချောင်းဆိုးလျှင် သွေးပါခြင်း၊ အသက်ရှူလျှင်၊ ချောင်းဆိုးလျှင် ရင်ဘတ်အောင့်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ဖျားခြင်း၊ နုံးခွေခြင်း စသည်တို့ဖြစ်သည်။ ချောင်းဆိုးသွေးပါ သည့် အဆင့်ထိရောက်လျှင် ခွဲခြားရန်လွယ်ကူသော်လည်း ယင်းအဆင့်မရောက်သေးမီ ရောဂါအစပျိုးသည့် အဆင့်တွင်မူ ခွဲခြားရန် မလွယ်ကူလှပါပေ။ မိမိနှင့် အလုပ်တူတူလုပ်နေသူတစ်ဦး တီဘီရောဂါအစပျိုးသည့် အဆင့်တွင် ထိုသူနှင့် အလုပ်တူတူလုပ်နေသည့် ဝန်ထမ်းတစ်ဦးတွင် ကူးစက်ရန်အခွင့်အလမ်း လွန်စွာများပြားလှပေသည်။ အဘယ့်ကြောင့်ဆိုသော် တီဘီရောဂါသည် ဘက်တီးရီးယား ပိုးမွှားကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ရောဂါပိုးကူးစက်ခံရသူနှင့် အတူတူစကားပြောခြင်း၊ သီချင်းဆိုခြင်းတို့မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါဆိုးကြီးတစ်ခုကြောင့် ဖြစ်သည်။
လူအများစုသည် HIV/AIDS ဆိုလျှင် အလွန်အမင်းကြောက်ရွံ့ကြသော်လည်း တီ ဘီရောဂါဖြစ်သည်ဆိုလျှင် ပေါ့ပေါ့တန်တန် သဘောထားတတ်ကြသည်။ အမှန်တကယ်အားဖြင့် တီဘီရောဂါသည် အသက်အန္တ ရာယ် ဆုံးရှုံးသည်ထိ ဖြစ်ပွားစေနိုင်သည့် ရောဂါဆိုးကြီးဖြစ်သည်။ တီဘီရောဂါဖြစ်ပွားနေသူတစ်ဦးသည် လုံလောက်သော ကုသမှုမခံယူပါက အဆုတ်ထိခိုက်ခြင်းအပြင်အာ ရုံကြောမကြီးနာကျင်ခြင်း၊ အရိုးအဆစ်များ ပျက်စီးခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ အသည်းနှင့် ကျောက်ကပ်ထိခိုက်ခြင်းနှင့် နှလုံးထိခိုက်ခြင်းတို့အထိ ဖြစ်ပွားနိုင်ရုံသာမက အသက်ပါသေဆုံးနိုင်ပေသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် တီဘီရောဂါကို ထိရောက်သော ကုသမှုမခံယူသူများ ဒုနှင့် ဒေးတည်ရှိနေသည်။ တီဘီရောဂါဖြစ်ပွားသူများ၏ ၂၆ ရာခိုင်နှုန်း (လူဦးရေငါးသောင်းကျော်) သည် ဆေးကုသမှုခံယူခြင်းမရှိကြောင်း အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းက သတင်းထုတ်ပြန်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အလို အရ မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း လူဦး ရေ ၉၀၀၀၀ ခန့်သည် ဆေးယဉ်ပါးတီဘီရော ဂါကူးစက်ခံနေသော်လည်း ၂၀၁၂ နှစ်ကုန် အထိ ဆေးယဉ်ပါးတီဘီလူနာ ၈၀၀ ကျော် ကိုသာ ဆေးကုသမှုပေးနိုင်ခဲ့ကြောင်း နယ် စည်းမထားဆရာဝန်များအဖွဲ့ (MSF) ၏ မီဒီယာများသို့ ဖြေကြားချက်အရ သိရသည်။ ဆေးကုသမှု ခံယူမထားသည့် ရိုးရိုးတီဘီလူနာများ၊ ဆေးယဉ်ပါးတီဘီလူနာများသည် လူအများကြားတွင် ဆက်လက်လုပ်ကိုင်လှုပ်ရှားနေရင်း ၎င်းတို့ထံမှ ရောဂါပိုးများသည် ပတ်ဝန်းကျင်အနှံ့ ပြန့်ပွားလျက်ရှိနေသည်။ လူနေထူထပ်များပြားသော ကျုးကျော်တဲများမှ မြို့လယ်ကောင်ရှိ အဲယားကွန်းခန်းများအထိ ယင်းရောဂါပိုးများသည် ပျံ့နှံ့နေနိုင်ပါသည်။ ကျွန်တော်တို့ နေ့စဉ်ထိတွေ့နေရသော လမ်းဘေးဆိုင်များ၊ ကွမ်းယာဆိုင်များ၊ အသုပ်ဆိုင်များ၊ စားသောက်ဆိုင်များတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများ၊ စူပါမားကတ်များ၊ ဘဏ်များရှိ ဝန်ထမ်းများ ရှူထုတ်လိုက်သည့် လေများတွင် တီဘီပိုးများ ပါဝင်နေနိုင်သည့် ပြဿနာကို မည်သို့မည်ပုံ ဖြေရှင်းကြမည်နည်း။ NGOs များ၊ သံရုံးများကတော့ ရှင်းပါသည်။ ၎င်းတို့အလုပ်ခန့်မည့် ဝန်ထမ်းများသည် အသည်းရောင်အသားဝါ၊ ဘီပိုး၊ စီပိုး၊ တီဘီရောဂါပိုး ကင်းရှင်းကြောင်း ထောက်ခံစာယူခိုင်းခြင်းဖြင့် ဖြေရှင်းကြသည်။ မန္တလေးမြို့ရှိ ဆရာဝန်ကြီးတစ်ဦး ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တစ် ဆိုင်တွင်ဤဆိုင်ရှိ ဝန်ထမ်းများသည် ကူးစက်ပိုးများ ကင်းရှင်းကြောင်း ပုံမှန်ဆေးစစ်ထားသည်ဟု ကြေညာချက်ကပ်ထားပေသည်။
အဆိုပါနည်းများသည် ဆေးမြီးတိုဖြစ်ကောင်းဖြစ်နိုင်သော်လည်း လတ်တလောထိရောက်သည့် ဖြေရှင်းချက်များဖြစ်သည်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း မြို့ကြီးပြကြီးများတွင် လူအများကြား တိတ်တဆိတ်လမ်းလျှောက်ကာ ရောဂါဖြန့်ဖြူးနေသည့် တီဘီဝေဒနာဆိုးကြီးကို ထိန်းချုပ်ကာကွယ်ရန်အတွက် သင့်တော်ကောင်းမွန်သည့် အစီအမံများ၊ ဥပဒေ၊ နည်းဥပဒေများ စတင်ပြဋ္ဌာန်း လုပ်ဆောင်ရမည့်အချိန် ရောက်နေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။