တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးထားသော နန်းမိုဟွမ်၏ ကျန်းမာရေး ကောင်းမွန်ပြီး မကြာမီ စီရင်ချက်ချမည်ဟု TNLA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတားအိုက်ကျော်က စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။
ရှမ်းပြည်နယ် မူဆယ်ခရိုင် နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်အား TNLA အဖွဲ့က ၂၀၁၈ ခုနှစ် သြဂုတ် ၁၇ ရက်၌ နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်၍ ထိန်းသိမ်းသွားသည်မှာ တစ်လကျော်ကြာပြီ ဖြစ်သည်။
ဖမ်းဆီးခံထားရသည့် နန်းမိုဟွမ်သည် သေဆုံးသွားပြီဖြစ်ကြောင်း ယခုရက်ပိုင်းအတွင်း Facebook တွင် အမျိုးသမီးတစ်ဦး ဆေးရုံတက်နေသည့် ဓာတ်ပုံနှင့် သတင်းများပျံ့နှံ့ခဲ့ပြီး အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ၎င်းက ထိုသို့ပြောကြားခြင်း ဖြစ်သည်။
“ကျန်းမာရေး ကောင်းပါတယ်လို့ ကျွန်တော်တို့ သတင်းရရှိထားပါတယ်။ လက်ရှိ တရားစီရင်ရေးကျတော့ တရားရေးအဖွဲ့က လုပ်ငန်းတော့ လုပ်နေတယ်။ ရုံးချိန်းနှစ်ခါ လုပ်ပြီးပြီလို့ သိရတယ်။ မကြာခင်မှာ စီရင်ချက်ချလိမ့်မယ်” ဟု PSLF/TNLA မှ ဗိုလ်မှူးတားအိုက်ကျော်က ပြောကြားသည်။
နန်းမိုဟွမ်သည် PSLF/TNLA အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန် ထမ်းဆောင်နေစဉ် အပြင်းအထန် ထိခိုက်သေဆုံးသည်အထိ ဝတ္တရားနှောင့်ယှက်ခဲ့သည့်အတွက် အရေးယူပေးရန် PSLF/TNLA ဗဟိုတရားရုံးကို အမှုဖွင့် တိုင်ကြားလာခြင်းကြောင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း၊ ၎င်းအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ ဖြင့် ဗဟိုတရားရုံးက အမှုဖွင့်ထားကြောင်း၊ စီရင်ချက်ချမည့်နေ့တွင် ဆွေမျိုးသားချင်းနှင့် အများပြည်သူ ရှေ့မှောက်၌ အပြစ်ပေးအရေးယူ ဆောင်ရွက်မည်ဟု PSLF/TNLA အဖွဲ့က စက်တင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။
နန်းမိုဟွမ်သည် ရှမ်းတိုင်းရင်းသူ တစ်ဦးဖြစ်ပြီး ၎င်းအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆို မှုများလည်း ရှိသဖြင့် ယခုဖြစ်စဉ်ကြောင့် ရှမ်းလူမျိုးနှင့် တအန်းလူမျိုးကြား လူမျိုးရေးပဋိပက္ခ ဖြစ်လာနိုင်ခြေအပေါ် မည်သို့ကြိုတင် စဉ်းစားထားသနည်းဟု မေးမြန်းမှုအား ယခုဖမ်းဆီးခြင်းသည် လူမျိုးရေးအရ ဖမ်းဆီးခြင်း မဟုတ်ကြောင်း ဗိုလ်မှူးတားအိုက်ကျော်က ဆက်လက်ပြောကြားသည်။
“လူမျိုးရေးဆိုတာက ဘာလူမျိုးဖြစ်လို့ ဖမ်းတာမဟုတ်ဘူးပေါ့နော်။ ဒါပြစ်မှုအရ ဖမ်းဆီးတာဖြစ်တယ်” ဟု ဗိုလ်မှူးတားအိုက်ကျော်က ပြောကြားသည်။
ထို့ပြင် နန်းမိုဟွမ်နှင့် ပတ်သက်၍ မိသားစုဝင်များက မည်သည့်သတင်းမျှ မသိရသေးကြောင်း ၎င်း၏ အစ်မဖြစ်သူက ပြောကြားထားသည်။
နန်းမိုဟွမ်၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို စိုးရိမ်ကြောင်းနှင့် မတရားဖမ်းဆီး ချုပ်နှောင်ထားသည့် လုပ်ရပ်အား ကန့်ကွက်ကြောင်း၊ နေအိမ်တွင် ရပ်ရွာအုပ်ချုပ်ရေးမှူး၊ ရပ်ရွာလူကြီးများအား အသိမပေးဘဲ လက်နက်ဖြင့် ခြိမ်းခြောက်၍ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်မှာ လူ့အခွင့်အရေး ရှုထောင့်မှလည်းကောင်း၊ တရားဥပဒေစိုးမိုးရေး ရှုထောင့်မှလည်းကောင်း မည်သို့မျှ လက်မခံနိုင်သည့် လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာ ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
နန်းမိုဟွမ် အဖမ်းခံရခြင်းကြောင့် ဖော်ဆောင်နေဆဲဖြစ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မှုများ ရှိလာနိုင်ပြီး ရှမ်းနှင့် တအာင်းပလောင် လူမျိုးစုများအကြား ပဋိပက္ခများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း နမ့်ခမ်းဒေသခံ လူငယ်များကွန်ရက်က သတင်းထုတ်ပြန်ထားသည်။
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးပြီး တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသည့် မည်သည့် လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် နန်းမိုဟွမ်အား အမြန်ဆုံး ပြန်လွှတ်ပေးရန် အစိုးရ၏ NRPC ကလည်း ကြေညာချက် ထုတ်ပြန်ထားသည်။
ထို့ပြင် TNLA က ဖမ်းဆီးထားသော နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် ၎င်း၏မိသားစုဝင်များက စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် နမ့်ခမ်းမြို့၌ ဆိုင်းဘုတ်များ ကိုင်ဆောင်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ခဲ့ကြသည့်အပြင် နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန် လူဦးရေထောင်ချီပါဝင်သော နမ့်ခမ်းဒေသခံများက စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် နမ့်ခမ်းမြို့၌ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့သည်။
ထိုသို့ဆန္ဒပြမှုအပေါ် TNLA အဖွဲ့ ဝင်များ အနေဖြင့်လည်း မိဘဆွေမျိုးမိသားစု ရှိသူများ ဖြစ်သည့်အလျောက် လူသားချင်း စာနာမှုဆိုင်ရာ ကိုယ်ချင်းစာတရား ထားရှိရန် လိုအပ်သကဲ့သို့ ရဟန်းရှင်လူ ပြည်သူလူထု၏ ဆန္ဒသဘောထားအပေါ် အလေးအနက်ထားရန် လိုအပ်ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) က ကြေညာချက် ထုတ်ပြန်ထားသည်။
TNLA ၏ မဟာမိတ်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကလည်း နန်းမိုဟွမ်အား အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုထားသည်။
နန်းမိုဟွမ်အား အမြန်ဆုံး ပြန်လွှတ်ပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ စာပေးပို့တောင်းဆိုခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က နိုင်ငံတော်သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ထံ စာပေးပို့ တောင်းဆိုထားကြသည်။