ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်လက ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်ကို ပျက်ကွက်ခဲ့သော တိုက်စစ်မှူး ဒီယေဂိုကော်စတာကို (၂)ပတ်စာဒဏ်ငွေ ချမှတ်လိုက်ကြောင်း သိရှိရသည်။
ဒီယေဂိုကော်စတာသည် ရာသီအဆုံးသတ်ပြီးနောက် ဘရာဇီးလ်နိုင်ငံသို့ ပြန်သွားခဲ့ပြီး သတ်မှတ်ထားသည့်အချိန်တွင် ချယ်လ်ဆီးအသင်းနှင့် ပြန်လည်ပူးပေါင်းရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
ဒီယေဂိုကော်စတာသည် ချယ်လ်ဆီးနည်းပြ ကွန်တီနှင့် မပြေမလည်ဖြစ်နေပြီး အသင်းမှရောင်းထုတ်ခံရလိမ့်မည်ဟု သတင်းကြီးနေသော်လည်း လက်ရှိအချိန်အထိ မည်သည့်အသင်းကိုမှ ရောက်ရှိခြင်းမရှိသေးသလို၊ ချယ်လ်ဆီးအသင်းတွင်လည်း ကစားခွင့်မရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် ယခုကဲ့သို့ (၂)ပတ်စာဒဏ်ကြေးဖြစ်သည့် ပေါင်(၃၀၀၀၀၀)ချမှတ်ခဲ့ခြင်းမှာ ပိုမိုဆိုးရွားသောအခြေအနေ ဖြစ်လာနိုင်ကြောင်းလည်း သုံးသပ်သူတချို့ ရှိနေသည်။
ဒီယေဂိုကော်စတာကမူ မိမိအနေဖြင့် အသင်းအတွက် ကစားခွင့်မရပါက ဘရာဇီးလ်တွင်ပင် တစ်နှစ်လုံး နေထိုင်လိုကြောင်း၊ ယခုကဲ့သို့ ဆက်ဆံခံနေရခြင်းကို မလိုလားကြောင်းနှင့် လွတ်လပ်စွာ အသင်းပြောင်းရွှေ့ခွင့် ပြုစေလိုကြောင်း ပြောကြားခဲ့သည်။