နံနက်ခင်းတစ်ခု၏ အေးစိမ့်စိမ့်ရသက ရင်ထဲကို စီးမျောဝင်လာသည်။ အနောက်တောင်ဘက်ဆီ၌ မိုးများ ညှို့မှိုင်းနေပြီဟူသော အတွေးဖြင့် မြင်ကြည့်လိုက်မိသည်။ ယခုအချိန်သည် မိုးရာသီဖြစ်၍ အနောက် တောင်ဘက်၌ မိုးများညှို့ဆိုင်းလာပြီဟု တွေးမိလိုက်ခြင်းပင် ဖြစ်ပါလိမ့်မည်။ ပြောင်းလဲနေသည့်ခေတ်ကြီး မဟုတ်ပါလား။ နွေခေါင်ခေါင်၌လည်း မိုးများရွာချချင် ရွာချနေသည့် ခေတ်ကြီး၊ မိုးရာသီလည်း နှင်းများ ဝေချင်ဝေနေကြလိမ့်မည်။ ဆောင်းရာသီ၏ အေးမြမြရသနေ့များကတော့ ပျောက်ကွယ်နေခဲ့သည်မှာ ကြာပါပြီ။ ပြောရမည်ဆိုလျှင် ကမောက်ကမ နိုင်လွန်းသည့် နေ့ရက်များနှင့် တစ်မိုးပြီးတစ်မိုးချုပ်သွားသည့် ခေတ်ကြီးဟု ပြောရပါလိမ့်မည်။
ခံစားမှုများကို တွေးနေမိသည်ထက် အံ့သြစရာကောင်းလောက်အောင် ကပြောင်းကပြန်ဖြစ်နေ၍ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရမှ ယုံလိုက်ရသည့် ခေတ်ကာလကြီးဖြစ်နေသည်။ ဥပမာတစ်ခုပြောရလျှင် အရေးကြီးသည့် ကြေညာချက်များ ထွက်ပေါ်လာလျှင် အစစ်လား၊ အတုလားဟု စိစစ်နေရသကဲ့သို့ပင်။ ကြေညာချက်အစစ်များ မကြေညာမီ ကြေညာချက်အတုများ ထွက်လာတတ်သကဲ့သို့ ကြေညာချက်အတုများ ပေါ်ထွက်လာပြီး မကြာမီ ကြေညာချက်အတုများက ကြေညာချက်အစစ် ဖြစ်လာတတ်ပါတော့သည်။ ထို့ပြင် နိုင်ငံခြားဖြစ် အရက်ပုလင်းများကလည်း အတုများသာ များနေသည်။ အတုများကိုသာ သုံးစွဲနေရလေတော့ အရက်ပုလင်းအစစ်ကို သောက်လိုက်ရလျှင် အတုဟု ထင်ယောင်မှား နေတတ်သည်။ အမျိုးမျိုးသော အကြောင်းတရားများကို တွေးကြည့်မိသည်။ အတွေးများသည်လည်း အိပ်မက်မက်သကဲ့သို့ ဖြစ်နေတတ်သည်။ အိပ်မက်အပြင် လက်တွေ့လောကနှင့် လွဲချော်မှုများစွာဖြစ်နေရသည်။ တွေးနေခြင်းထက် မျက်မြင်တွေ့ မြင်ချင်သည့် အခါတွင် အခန်းတံခါးလေးကိုဖွင့်ပြီး ရန်ကုန် မြို့တော်ကြီးကို ငေးမောကြည့်လိုက်မိပါတော့ သည်။ ထိုအရာများသည်လည်း အတွေးနှင့် ငေးမိနေခြင်းသာဖြစ်ကြောင်း တွေးလိုက်မိပြန်သည်။ ကျွန်တော့် အငေးသည် အတုဖြစ်နေပြန်တော့သည်။
ခေတ်စနစ်များနှင့် အပြောင်းအရွေ့များကို လိုက်ပါနေရသည့် မြို့ကြီးကို အတွေးနှင့် ငေးကြည့်နေမိသည် ဆိုကြပါစို့။ မကြာသေးသော ကာလ၌ ဤမြို့ကြီးသည် မြန်မာနိုင်ငံ၏ မြို့တော်ကြီးအဖြစ် ရှိနေခဲ့ပါသေးသည်။ ယခုအချိန်မှာတော့ မြို့တော်အဖြစ်မှ စီးပွားရေး မြို့ကြီးအဖြစ် နိမ့်ကျသွားခဲ့ရပါပြီ။ စီးပွားရေးမြို့ကြီးမှာ စီးပွားရေးအတွက် အဘက်ဘက်က ခက်ခဲကျပ်တည်းနေသည်မှာတော့ မည်သို့ နားလည်ရမည်မှန်းကို မသိတော့ပါချေ။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့ စိတ်ထဲ၊ နှလုံးသားထဲတွင်တော့ ရန်ကုန်ဆိုတာ မြို့တော်ကြီးအဖြစ် သတ်မှတ်နေမိဆဲပင်။ မြန်မာနိုင်ငံ၏ သမိုင်းတွင် ကမ္ပည်းတင်နိုင်လောက်သည့် အဖြစ်အပျက်များ၊ လူပုဂ္ဂိုလ်များများ စွာပေါ်ပေါက်ခဲ့ရသည့် မြို့တော်ကြီးပင် ဖြစ်နေပါသည်။ ရန်ကုန်ဆိုသည်မှာ မြန်မာပြည်အတွက် ပထမမြို့တော်၊ မဟာဗျူဟာအကျဆုံး မြို့တော်ကြီးပင် ဖြစ်နေပါသည်။ ယခုသတ်မှတ်ခံနေရသည့် မြို့တော်ကတော့ မကြာသေးမီကာလတွင်၊ ယခင်တက်လာသည့် အုပ်စိုးသူများလက်ထက်၌ ပြည်သူများနှင့်ဝေးရာ၊ ဝေးနိုင်သမျှဝေးအောင် ရွှေ့ပြောင်းပြီး မင်းစိုးရာဇာဆိုသူများ ပုန်းလျှိုးကွယ်လျှိုး နေထိုင်ခဲ့ရာ နေရာတစ်ခုဖြစ်နေခဲ့သည်။ ပြောမည်ဆိုလျှင် လိုဏ်ခေါင်းများတူးပြီး ကလိုင်ထဲ၌ နေခဲ့ကြသည့် မြို့တော်ကြီးတစ်ခု ဖြစ်နေသည်။ ယခုအချိန်တွင်လည်း လူများ ကျုံးသွင်းသကဲ့သို့ အသွင်းခံနေရသည့် မြို့ကြီးဟု ပြောရပါတော့မည်။ ကန္တာရလွင် တီးခေါင်ကြီးထဲ၌ မြင့်မားထည်ဝါလွန်းလှသည့် အဆောက်အအုံကြီးများ၊ ဥယျာဉ်များ၊ လမ်းမကျယ်ကြီးများနှင့် အထီးကျန်ရပ်တည် နေသကဲ့သို့ ဖြစ်နေတော့သည်။
ပြည်သူနှင့်အတူဆိုသည့် စကားသည် ပြည်သူများနေထိုင်ရာ မြို့များ၊ ကျေးလက်များ၌ အတူနေထိုင်၊ ထိုလူတို့၏ ဘဝများကိုခံစားပြီး ရင်ဆိုင်ရုန်းကန်နေမှ ပြည်သူနှင့်အတူဆိုသည့် ရသကို ဖြစ်ပေါ်စေနိုင်မည် ဖြစ်ပါသည်။ အဓိကအကျဆုံးကတော့ လူတန်းစားပေါင်းစုံ နေထိုင်နေသည့် ရန်ကုန်မြို့ကြီး၌ နေထိုင်နိုင်ဖို့လိုပါသည်။ ပြည်သူများအတွက် လိုအပ်မှုများကိုလည်း လက်တွေ့မြင်တွေ့နေပြီး ရှေ့ဆက်သွားရမည့် လမ်းပြမြေပုံကို ရေးဆွဲနိုင်ပါလိမ့်မည်။ ပြည်သူများ၏ အသံကို နားစွင့်နေခြင်းက ပြည်သူကို အုပ်ချုပ်ချင်သူတို့၏ တာဝန်ဖြစ်ပါသည်။ သို့သော် လက်ရှိခေါင်းပေါင်းဆောင်းထားကြသည့် သူများက တောခေါင်ခေါင်ထဲ၌ ပုန်းရှောင်နေသလို ဖြစ်နေရသည်ကတော့ အင်မတန် အံ့သြစရာ ဖြစ်နေပါသည်။
ရန်ကုန်မြို့ကြီးကို အတွေးနှင့် လျှောက်လာတော့ မြို့တော်ကြီး၏ အသံများကို ကြားနေရပါပြီ။ လူများအားလုံး၏ အသံကို ကိုယ်စားပြုနေသည်ကို ကြားနေရသည်။ ဤအသံများထဲ၌ ညည်းညူနေကြသည့် အသံများ တဖြည်းဖြည်း ကျယ်လောင်လာသည်။ လူများ၏ ညည်းညူးနေသံများကို နားထောင်ကြည့်လိုက်သည့်အခါ ကရုဏာသက်သွားမိသည်။ ယင်းညည်းညူးသံများကို ညည်းညူနေသည့် လူများသည် သူတို့ဘဝများ ဆင်းရဲတွင်းနက်နက်ထဲက လွတ်မြောက်အောင်၊ အဖိနှိပ်ခံ ဘဝများမှ ခေါင်းထောင်ပြီးထနိုင်အောင်၊ လူသားတစ်ယောက်၏ ဂုဏ်သိက္ခာကို ပြန်ရယူနိုင်အောင်ပြီး ဤမြေပြင်ပေါ်၌ အလုယူ ခံလိုက်ရသည့် လွတ်လပ်ရေးအလံကို ပြန်လွှင့်ထူနိုင်အောင်၊ အာဏာရှင်များကို တိုင်းပြည် ပလ္လင်ပေါ်က မောင်းချနိုင်အောင်၊ သူတို့ကို တရားမျှတ ဆက်ဆံမှုများပေးမည့် ခေါင်းဆောင်တစ်ဦး (သို့မဟုတ်) အရည်အချင်းပြည့်ဝသော ဦးဆောင်မှုစစ်စစ် ပေါ်ပေါက်လာနိုင်အောင် စသည့်ရည်မှန်းချက် ပေါင်းများစွာအတွက် တိုက်ပွဲဝင်ခဲ့ကြသူများ၊ ဝင်နေကြသူများပင် ဖြစ်သည်။ တိုက်ပွဲဝင်ခဲ့ရပြီး နှစ်ပေါင်းများစွာကြာသည့်အချိန်ထိ လူများ၏ ညည်းညူသံများ တိတ်မသွားဘဲ ပိုပြီးဆူညံလာပါသည်။ လူများအတွက် နေထိုင်မှု ပိုပြီးကျပ်တည်းလာကြသည်ကို အသက်ရှူမဝဘဲ ညည်းတွားနေကြသံများအဖြစ် ကြားနေရသည်။
နှစ်ပေါင်းများစွာက တိုက်ပွဲကို ရဲရဲကြီး ဝင်ခဲ့ကြသည့် လူများကဘာကြောင့် ညည်းညူနေကြရသလဲ။ လူများအတွက် လိုအပ်ချက်များရရှိရန် တိုက်ပွဲဝင်ခဲ့သည့်အရာများ မရကြ၍ ညည်းညူနေကြရပြီလား။ ပြည်သူများ မျှော်လင့်ခဲ့ကြသည့် နေထိုင်မှုအခက်အခဲများ ပြေလည်စေရန်ဟုဆိုကာ မဟာဗျူဟာကျသည့် ရန်ကုန်မြို့တော်ကြီးကို ပခုံးပေါ် ထမ်းတင်ပေးခဲ့ကြသည် မဟုတ်ပါလား။ ဘာကြောင့် ခိုများကဲ့သို့ ညည်းညူနေကြသနည်း။ ခေတ်ဟောင်း၌ ပျက်စီးခဲ့သည့် လူမှုပတ်ဝန်းကျင်များ အကောင်းဘက်ကို ဦးတည်မလာဘဲ အရိုင်းလောက အမှောင်ထဲကို ပြန်ရောက်နေကြပြီလား။ မင်းမဲ့စရိုက်များဖြင့် ကြမ်းကြမ်းတမ်းတမ်း ရုန်းကန်ရှင်သန်ခဲ့ရသည့် ရန်ကုန်မြို့တော်မှာ ပြန်အရိုင်းဆန်နေကြပြီလား။ တရားမျှတမှု၏ မဏ္ဍိုင်တစ်ခု ပြိုပျက်နေပြီလား။ တရားဥပဒေစိုးမိုးရေး မဲ့နေပြီလား။ လူလူချင်း လုယက်ခိုးဆိုးမှုများ ဖြစ်မြဲဖြစ်နေပြီလား။ မြို့လယ်ကောင် အနုကြမ်းစီးမှုများ၊ ဓားပြတိုက်မှုများ ဖြစ်နေပြီလား။ မြို့လယ်ကောင် လူသတ်မှုများ၊ မုဒိမ်းကျင့်မှုများ ဖြစ်နေကြပြီလား။ လူတစ်ယောက်အတွက် ကိုယ့်ဘဝလုံခြုံနိုင်ရေး အာမခံချက်များ ပျောက်ဆုံးနေပြီလား။ စံချိန်တင် မူးယစ်ဆေးများ ပိုင်ရှင်မဲ့သွားသည်မှာလည်း အံ့သြစရာများ ဖြစ်နေတော့သည်။ နင်းပြားခံလူများ ပခုံးပေါ် ထမ်းတင်ပေးသည့် မြို့တော်ကြီးကို ကုလားထိုင်ပေါ် တက်ထိုင်နေကြသည့် လူကြီးမင်းများ အောက်ခြေ၌ ရေများမြုပ်နေသည်ကို ငုံ့မကြည့်ကြတော့ဘူးလား။
မနက်ဖြန်၌ ကောင်းလာမလားဟူသည့် မေးခွန်းများကလည်း ညည်းညူသံမြည်ရင်း ပေါ်လာနေကြသည်။ အနောက်တောင်ဘက်က မိုးရာသီဖြစ်၍ လေများတိုက်ခတ်လာသည်ထား။ ငြိမ်းချမ်းရေးစားပွဲပေါ်၌ လေကြီးမိုးကြီးများ တိုက်ခတ်နေကြသည်။ အသွင်ကူးပြောင်းရေး ဆွေးနွေးနေသည့် စားပွဲပေါ်၌လည်း လေများတိုက်ပြီး စာရွက်များ လွင့်ပါသွားကြသည်။ မြန်မာပြည်မြောက်ဖျားမှ လေများလည်း ခပ်ကြမ်းကြမ်းတိုက်ခတ်နေသည်။ အနောက်တံခါးပေါက်ကလည်း ကျိုးပဲ့နေပြီး ပြင်ပလေများ အရှိန်အဟုန်ကောင်းကောင်းနှင့် တိုက်ခတ်လာနေသည်မှာ ကြာခဲ့ပြီ။ အမိုးအကာမဲ့နေသည့် လူများဆီလေများ တိုက်ခတ်လာပြီး လူတို့၏ ညည်းညူသံများကို ပြန်သယ်ဆောင်သွားသော်လည်း မြို့တော်အတုထဲက လူများက မသိချင်ယောင် ဆောင်ထားကြသည်လား။ လမ်းဘေး၌ ကြော်ငြာပြီး ရောင်းနေကြသည့် ဂျာနယ်များထဲ၌ ခိုများ ညည်းညူပြနေကြခြင်းကပင် ခေတ်လှောင်အိမ်ကို သရော်နေသည့် ကာတွန်းများ ဖြစ်နေကြပြီလား။ မိုးမှောင်ကျတုန်း မြို့ပြကြီး၏ မီးများ ပျက်ပြနေကြသည်ကလည်း အံ့သြစရာ ကောင်းလွန်းနေတော့သည်။ မီးပျက်နေသော်လည်း မီးကြိုးပြတ်ကျပြီး လူများ ဓာတ်လိုက်သေဆုံးနေခြင်းက ပိုပြီးအံ့သြစရာ ကောင်းနေသည်။ လူအချင်းချင်း တိုက်မိနေသကဲ့သို့ ကားကားချင်း တိုက်နေကြသည်မှာတော့ မဆန်းတော့ပေ။ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းရန် ကားမြည်သံများက ဗွက်ထဲနစ်သွားကြပြီလား။ မီးသတ်ကားဥသြသံများ နေရာအနှံ့အပြား၌ မြည်နေကြသည်။ ယခုဖြစ်ပျက်နေမှုများသည် အိပ်မက်ထဲ၌ ဆွဲသော ပန်းချီကားများတော့ မဟုတ်နိုင်ပါ။
အံ့သြစရာများ မကုန်နိုင်လောက်အောင် အံ့သြနေရသည့်နေ့များ အမြန်ကုန်စေချင်လှပါပြီ။ ဘတ်စ်ကားများပေါ်၌လူများ ကျပ်ကျပ်တည်းတည်း တိုးဝှေ့စီးနေကြသည်ကိုလည်း မြင်နေရသည်။ အနာဂတ် ကလေးငယ်များအတွက် ပညာရေးသည်လည်း စိတ်ကူးယဉ်ဆန်ဆန် စာရွက်များပေါ်၌ စီမံချက်များ ခဏခဏ ပြောင်းပြီး ရေးဆွဲနေကြသည်ကိုလည်း သိနေရသည်။ တွေးကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ လူများ အထိန်းအကွပ်မဲ့နေသကဲ့သို့ လူကြီးများကလည်း ရူးသွပ်နေကြသကဲ့သို့ရှိ၏။ ကျန်ရစ်ခဲ့သည့် ခေတ်မှ ပုံတူများကို မိတ္တူကူးယူနေကြသည့်အတိုင်း ဖြစ်နေသည်။ အုပ်ချုပ်သူများကထုတ်သည့် သတင်းစာများကို လှန်ပြီး နာရေးသတင်းများကိုပင် မဖတ်ချင်တော့။ ပြောရမည်ဆိုလျှင် ကျွန်တော်တို့ လျှောက်လာသည့်လမ်းသည် ဒီမိုကရေစီလမ်းစပေါ် ရောက်နေပြီဟု ဆိုနိုင်ပြီလား။ ဒီမိုကရေစီဟူသည့် စကားလုံးက အိပ်မက်ထဲ ဝင်ပုန်းနေပြီလား။ ဤစကားကို ပြန်စဉ်းစားလိုက်မိသည်။