ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်စူပါဖလား ပထမအကျော့ပွဲစဉ်တွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရပြီးနောက် ကွင်းလယ်ဒိုင်ကို တွန်းခဲ့သည့်အတွက် (၅)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရှိရသည်။
စီရော်နယ်လ်ဒိုသည် ယင်းပွဲတွင် လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်ခဲ့သူဖြစ်ပြီး ပွဲချိန်(၈၀)မိနစ်တွင် ဂိုးသွင်းယူခဲ့ပြီးနောက် အင်္ကျီချွတ်ကာ အောင်ပွဲခံခဲ့သည့်အတွက် အဝါကတ်အပြခံခဲ့သည်။ ထို့နောက် (၈၂)မိနစ်တွင် ဟန်ဆောင်လှဲချခဲ့သည့်အတွက် ဒုတိယအဝါကတ် ပြသခံခဲ့ရပြီး နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုသည် အနီကတ်ပြသခံရချိန်တွင် ဒေါသထွက်ပြီး ဒိုင်လူကြီးကို နောက်မှ တွန်းခဲ့သည့်အတွက် ယခုကဲ့သို့ (၅)ပွဲပယ်ပြစ်ဒဏ်ဖြင့် အရေးယူခံခဲ့ရခြင်းဖြစ်သည်။
မူလက ဗြိတိန်မီဒီယာများက (၁၂)ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ယခုအခါ (၅)ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးပေါင်(၂၇၀၀)သာ ပေးဆောင်ရမည်ဖြစ်သည်။
ထို့ကြောင့် စီရော်နယ်လ်ဒိုသည် စပိန်စူပါဖလား ဒုတိယအကျော့ကို လွဲချော်မည်ဖြစ်သလို၊ လာလီဂါအဖွင့်ပွဲစဉ်(၄)ပွဲကိုလည်း လွဲချော်မည်ဖြစ်သည်။
ယခုပြစ်ဒဏ်အတွက် (၁၀)ရက်အတွင်း အယူခံဝင်နိုင်ကြောင်းလည်း သိရှိရသည်။