နံနက်ခင်းမှာသောက်ရတဲ့ လက်ဖက်ရည်တစ်ခွက်ဟာ လူကြိုက်အများဆုံး ဖြစ်ပါတယ်။ ကျွန်တော်လည်း နံနက်ပိုင်းအချိန်မှာ လက်ဖက်ရည်တစ်ခွက်ကို သောက်လိုက်ရမှ စိတ်ကြည်လင်မှုရှိတယ်ဆိုတဲ့ အသိကို ကျွန်တော့်အဖေက သင်ပေးလိုက်တာပါ။ နံနက်ဆိုရင် အဖေက စတီးဒန်အိုးအသေးထဲ ရေတစ်ဝက်လောက်နဲ့ လက်ဖက်အချိုခြောက်ကို နပ်နေအောင်ကျိုပြီး နို့ဆီ၊ သကြားတွေနဲ့ လက်ဖက်ရည်ကောင်းကောင်းကို နေ့တိုင်း ဖျော်ပေးတယ်။ အဖေဖျော်ပေးတဲ့ လက်ဖက်ရည်က အချိုမပေါ့တဲ့ ပုံမှန်လက်ဖက်ရည်တစ်ခွက်ဖြစ်ပေမယ့် ကျွန်တော်တို့ မိသားစုအတွက် အရမ်းအရသာရှိလှပါတယ်။ အဖေ၊ အမေ၊ ညီလေးတို့နဲ့ မိသားစုလိုက် နံနက်စာ ဝိုင်းဖွဲ့ပြီးစားရင်း စကားပြောရင်း မနက်စာ အစာပိတ်အနေနဲ့ လက်ဖက်ရည်ကို သောက်ကြပါတယ်။
လက်ဖက်ရည်ဟာ မြန်မာလူမျိုးတို့ရဲ့ နေ့စဉ်ဘဝမှာ အရေးပါသော မြန်မာ့ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ မြန်မာလူမျိုးတို့ဟာ လက်ဖက်ကို လက်ဖက်ရည် အနေနဲ့ ပြောင်းလဲသောက်ကြရုံသာမကဘဲ မြန်မာ့ရိုးရာ စားစရာတစ်ခုဖြစ်တဲ့ လက်ဖက်သုပ်အနေနဲ့ပါ စားသုံးလေ့ရှိကြတယ် ဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ ဓလေ့ရိုးရာ တစ်ခုပါ။ မြန်မာလက်ဖက်ရည်ဟာ နို့ဆီပါဝင်တဲ့အတွက် အရသာစွဲမက်ဖွယ် နို့အရသာလေးနဲ့ ထူးခြားကောင်းမွန်တဲ့အရသာမျိုးကို ပေးစွမ်းပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့သူတွေအတွက်ကတော့ နေ့တစ်နေ့ရဲ့ နံနက်ခင်းမှာ လက်ဖက်ရည်တစ်ခွက်မပါဘဲ မပြည့်စုံနိုင်ပါဘူး။
မြန်မာနိုင်ငံအတွင်း လက်ဖက်ရည်ဆိုင်တွေဟာ တစ်နေ့ထက်တစ်နေ့ လမ်းမကြီးဘေး၊ လမ်းသွယ်တွေမှာ တခမ်းတနားနဲ့ စားသောက်ဖွယ်ရာမျိုးစုံတွေနဲ့အတူ တွဲဖွင့်လာကြပါတယ်။ လက်ဖက်ရည်ဆိုင်တွေမှာဆိုရင် များစွာသော ဧည့်သည်တွေနဲ့ ပြည့်နေပြီး ဆူညံလှုပ်ရှား အသက်ဝင်လို့နေပါတယ်။ လက်ဖက်ရည်ဆိုင်ဆိုတာထိုင်ပြီး လက်ဖက်ရည်သောက်ရသည့် အရသာအပြင် နေ့စဉ် လူမှုဘဝအကြောင်း၊ သတင်းတွေအပြင် ဗဟု သုတတွေ နှီးနှောဖလှယ်ရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်ကနေ သိန်းဆယ်ချီ၊ ရာချီ၊ သိန်းချီ၊ သောင်းချီတန်တဲ့ ကျောက်စိမ်း၊ မြေ၊ အိမ်၊ ကား၊ ဆိုင်ကယ်တွေ စသဖြင့် အလုပ်ဖြစ်သွားကြာတာတွေလည်း ရှိကြပါတယ်။ နေ့စဉ် အလုပ်လုပ်ကိုင်ကြသည့် ပုဂ္ဂိုလ်များအတွက် လက်ဖက်ရည်ဆိုင်ရဲ့ စားပွဲတစ်ခုပေါ်မှာ လက်ဖက်ရည်ကို တစိမ့်စိမ့်သောက်ရတဲ့နေရာအပြင် စကားစမြည်ပြောဆိုသည့် နေရာတစ်ခုဖြစ်နေပါတယ်။
ကျွန်တော်နေထိုင်တဲ့ မန္တလေးမြို့မှာဆိုရင် တစ်နေ့ထက်တစ်နေ့ လက်ဖက်ရည်ဆိုင်တွေက လမ်းမတွေရဲ့ဘေးမှာ အသီးသီး နေရာယူလာကြပါတယ်။ ဟိုးနှစ်ကာလကြာရှည်စွာ ဖွင့်လာကြတဲ့ လက်ဖက်ရည်ဆိုင်တွေ လည်းရှိသလို ယခုမှ အစားအသောက်ကို အသားပေးပြီးဖွင့်လာကြတဲ့ လက်ဖက်ရည်ဆိုင်တွေလည်း ပေါ်ထွက်လာပါတယ်။ ကျွန်တော်နေထိုင်တဲ့ အနီးတစ်ဝိုက်ဆိုရင် လက်ဖက်ရည်ဆိုင် ငါးဆိုင်အထိရှိလာတယ်။ အဲ ဒီဆိုင်တွေမှာလည်း မနက်ဆိုရင် ဆိုင်မှာ ထိုင်သောက်တဲ့သူတွေ၊ ပါဆယ်ဝယ်တဲ့သူတွေနဲ့ လူပြတ်တယ်လို့ မရှိပါဘူး။
“အန်ကယ်က ၁၉၇၆ ခုနှစ်က ၆၂ လမ်းမှာဖွင့်ခဲ့တဲ့ ဒေသကောလိပ်မှာ ကျောင်းတက်ခဲ့တာ။ သူငယ်ချင်းတွေနဲ့ မန္တလေးမြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေကို စက်ဘီးကိုယ်စီနဲ့ ပတ်ထိုင်ခဲ့ကြတာ။ အဲဒီနှစ်တုန်းကဆိုရင် အခုလို လက်ဖက်ရည်ဆိုင်တွေ အများကြီးမရှိခဲ့ဘူး။ လက်ဖက်ရည်ဆိုင်မှာဆိုရင် လက်ဖက်ရည်၊ စားစရာဖြစ်တဲ့ ထပ်တစ်ရာ၊ ပလာတာ၊ အီကြာကွေး၊ စမူဆာ အဲဒါလောက်ပဲ မှာစားလို့ရခဲ့တယ်။ အဲဒီတုန်းက ဖွင့်တဲ့ဆိုင်တွေဟာ အခုချိန်မှာ တခမ်းတနားနဲ့ အစားအသောက်မျိုးစုံနဲ့ ဖွင့်လာကြတယ်” ဆိုပြီး မန္တလေးမြို့မှာနေထိုင်တဲ့ အသက် ၆၃ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောပြပါတယ်။
၁၉၇၆ ခုနှစ်ဝန်းကျင်က လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲဝိုင်း လေးဝိုင်း ငါးဝိုင်း လောက်ပဲရှိခဲ့ပြီး စားပွဲနဲ့ထိုင်ခုံတွေက ယခု ချိန်မှာသုံးနေကြတဲ့ စတီး၊ ပလတ်စတစ်ပစ္စည်း တွေ မဟုတ်ဘဲ ပြည်တွင်းသစ်သားတွေသာ အသုံးပြုထားကြတာပါဆိုပြီး အဆိုပါအမျိုးသားကြီးက ဆက်လက်ပြောပြပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အကောင်းဆုံး လက်ဖက်တွေကို စိုက်ပျိုးသည့် နိုင်ငံတစ် နိုင်ငံဖြစ်ပါတယ်။ လက်ဖက်ဟာ ရှမ်း၊ ချင်း၊ ကချင်ပြည်နယ်လိုမျိုး ရာသီဥတုကောင်းမွန် ပြီး ကျယ်ပြန့်သည့် မြေနေရာရှိတဲ့ဒေသမျိုး မှာ ဖြစ်ထွန်းကြောင်း သိရပါတယ်။
လက်ဖက်ကို တရုတ်ဧကရာဇ် Shen Nung က အကြမ်းအားဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ခန့်က ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကြားသိဖူးပါတယ်။ ဘယ်လိုတွေ့ခဲ့တာလဲဆိုရင် တရုတ်ဧကရာဇ်ရဲ့ ပွက်ပွက်ဆူနေတဲ့ အိုးထဲကို သစ်ရွက်လေးတစ်ရွက် လွင့်ကျလာခဲ့တယ်။ သူက အဲဒီအိုးထဲကရေကို သောက်လိုက်တယ်။ သောက်လိုက်တဲ့ ရေရဲ့ အရသာက ပိုကောင်းလာရုံသာမကဘဲ ခန္ဓာကိုယ် ပေါ့ပါးသွက်လက်လာတာကို သူသတိထား မိခဲ့တယ်ဆိုပြီး ဒဏ္ဍာရီတစ်ခုအနေနဲ့ ကြားသိဖူးပါတယ်။
နောက်ထပ်ဒဏ္ဍာရီတစ်ခုက လက်ဖက်ကို ဘုရားရှင်ကိုယ်တော်တိုင် ဖန်ဆင်းထားတယ်ဆိုပြီး ယူဆကြပါတယ်။ တရုတ်ပြည် ဘုရားဖူးခရီးစဉ်တစ်ခုမှာ ဘုရားရှင်ဟာ ကိုးနှစ်တာလုံး မနားမနေ ကျင့်ကြံအားထုတ်မယ်လို့ သစ္စာခံယူခဲ့တယ်။ ဒါပေမဲ့ အချိန်အတန်ကြာပြီးတဲ့နောက်မှာ ဘုရားရှင်ဟာ အိပ်ငိုက်လာခဲ့တယ်။ သူအသိဝင်လာတဲ့ အချိန်မှာတော့ သူအိပ်ငိုက်တဲ့အတွက် သူ့ရဲ့မျက်ခွံတွေကို ဖြတ်တောက်ပစ်ဖို့ ဆုံးဖြတ်ပြီး မျက်ခွံတွေကို ဖြတ်တောက်ပြီး မြေကြီးပေါ် ပစ်ချလိုက်တယ်။ ထင်မြင်ယူဆချက်အရ ပြောရမယ်ဆိုရင် မျက်ခွံတွေဟာ အမြစ်ဖြစ်သွားပြီး လူတစ်ဦးရဲ့ မျက်ခွံပုံသဏ္ဍာန်နဲ့တူသော အရွက်ပုံစံ အညှောင့်လေးတွေထွက်နေတဲ့ အ ပင်ပေါက်လေးတွေ ဖြစ်ပေါ်လာတယ်လို့ ယူဆရပါတယ်။ အဲဒီနောက်မှာ ဘုရားရှင်ဟာ ထွက်လာတဲ့အပင်ရဲ့ အရွက်တွေကို ဝါးလိုက်တဲ့အခါမှာတော့ သူရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ကွယ်ပျောက်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီ အပင်ဟာ ကိုယ်တော်နဲ့အတူ တရုတ်ပြည်ကို သယ်ဆောင်လာတဲ့အပင်လို့ ပြောခဲ့ကြပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုက ဘုရားရှင်ဟာ တရုတ်ပြည်ကို သွားခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေ အထောက်အထားတော့ မရှိပါဘူးဆိုတဲ့ အကြောင်းတွေလည်း လေ့လာမှတ်သားချက်အရ သိရပါတယ်။
အိန္ဒိယနိုင်ငံဟာ လက်ဖက်ရည်ထုတ်လုပ်တဲ့ ထိပ်တန်းနိုင်ငံဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးမီက တရုတ်နိုင်ငံဟာ ကျယ်ပြန့်တဲ့ မြေယာတွေရှိတဲ့အတွက် ထိပ်တန်းထုတ်လုပ်တဲ့ နိုင်ငံတစ်ခု ဖြစ်လာပါတယ်။ တရုတ်ပြည်မှာ လက်ဖက်ရည်သောက်သုံးမှုဟာ ဟန်မင်းဆက် ၂၀၆-၂၂၀ အေဒီမှာ အထင်အရှားဖြစ်လာပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မတိုင်မီကတည်းက လက်ဖက်ရည်က တရုတ်ရိုးရာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။
လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဟာ နိုင်ငံတော် အစိုးရအကြီးအကဲ၊ ခရိုနီ၊ သူဌေး၊ ဝန်ထမ်း၊ လက်လုပ်လက်စား အစရှိသဖြင့် လူတန်းစားမရွေးက တန်ရာတန်ကြေးပေးပြီး လက်ဖက်ရည်၊ အစားအသောက်မျိုးစုံကို မှာယူစားသောက်ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြင့် စကားမျိုးစုံပြောဆိုလို့ရတဲ့ နေရာ တစ်နေရာပါ။ လက်ဖက်ရည်ဆိုင်တွေဘက်ကလည်း စားသောက်တဲ့သူများအောင် ထိုင်ရင်း ဖုန်းတွေကနေတစ်ဆင့် သတင်းနဲ့ ဗဟု သုတမျိုးစုံတွေရအောင် အင်တာနက်အသုံးပြုဖို့အတွက် Wifi Free တွေကိုလည်း တပ်ဆင်ထားကြသလို နေ့စဉ်ထွက်သတင်းစာ၊ အပတ်စဉ်ထွက်ဂျာနယ်၊ လစဉ်ထွက်မဂ္ဂဇင်းတွေကိုလည်း ထားရှိပေးကြတာ မြင် တွေ့ရပါတယ်။
လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဟာ တန်ဖိုးရှိရှိ အသုံးချတတ်သူအတွက် အစားအသောက် သုံးဆောင်လို့ရတဲ့ နေရာတစ်ခုအပြင် ဗဟုသုတ ရှာဖွေစုဆောင်းရင်း စီးပွားရေးအမြင် ကျယ်လာအောင် စွမ်းဆောင်ပေးနိုင်သော နေရာတစ်နေရာအဖြစ် ဆက်လက်တည်ရှိနေမှာ မလွဲပေ။