အပျော်ဖတ်စာပေအတွေးတစ်စ

အပျော်ဖတ်စာပေအတွေးတစ်စ
Published 12 September 2018

မကြာမြင့်လှသေးသော ကာလတစ်ခုလောက်တုန်းဆီက ကျွန်တော်သည် အပျော်ဖတ် စာပေဆိုသည့် ဝေါဟာရကို စောကြောနေမိခဲ့ပါသည်။ ဤဝေါဟာရက ကျွန်တော် စာပေဟူ၍ တစ်လုံးတစ်ပါဒမျှ လောက် လောက်လားလား မဖတ်ရှုတတ်မီကတည်းက ပေါ်ထွန်းနေနှင့်ပြီးသား ဝေါဟာရဖြစ်သည်။ သို့သော် အပျော်ဖတ်စာပေသည် မည်ကဲ့သို့သော စာပေမျိုးကိုဆိုလိုကြောင်း အဓိပ္ပာယ်အားဖြင့် တိတိကျကျ အဘိဓာန်ထဲ၌ သတ်မှတ်လက်ခံထားကြခြင်းမျိုးတော့လည်း မဟုတ်ပြန်။ မိမိကိုယ်ပိုင်အတ္တနော မဟိဖြင့်သာ ဖွင့်ဆိုကြသော အဓိပ္ပာယ်သတ်မှတ်ချက် ဝေါဟာရတစ်ခုသာ ဖြစ်၍နေသည်။ များသောအားဖြင့် အပျော်ဖတ် စာပေဟူသည်မှာ အနှစ်သာရအရ လေးနက်မှုမရှိသော ပေါ့သွပ်သော လူပြိန်းများအကြိုက် ဆူလွယ်နပ်လွယ် စာပေအရေးအသား ပုံသဏ္ဌာန်တစ်ရပ်ဟူ၍သာ အကြမ်းဖျင်း ရှုမြင်လက်ခံထားကြပြီး ဖြစ်သည်။

ခက်နေသည်မှာ ကျွန်တော်တို့က အပျော်ဖတ်စာပေကို ယခုကဲ့သို့ အကြမ်းဖျင်းသိမှတ်လက်ခံထားသည့်တိုင် တကယ့် နဖူးတွေ့ဒူးတွေ့ ပြောကြဆိုကြသည့်အခါ သဘောထားချင်း တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရန်အတွက်မူ အမြဲပင် မလွယ်မကူ ဖြစ်နေသည်။ မျိုးဆက်တစ်ခုနှင့်တစ်ခု အသက်အရွယ် ကွာခြားမှုအရဖြစ်စေ၊ ကျင်လည်ရာ အသိုင်းအဝိုင်း မတူကွဲပြားမှုအရဖြစ်စေ၊ လူတစ်ဦးချင်းစီ၏ ပြုပြင်ပြောင်းလဲရန် ခက်ခဲလှသော မူလ ဗီဇအရဖြစ်စေ အငြင်းအခုံ တိုက်ပွဲငယ်လေးများကတော့ ရှိစမြဲ။ ဤသို့ ဖြင့် အပျော်ဖတ် စာပေဟူသော ဝေါဟာရသည် ကိန်းသေဆန်ဆန် သတ်မှတ်ချက်မျိုးမဟုတ်ဘဲ နှိုင်းရဆန်သော သတ်မှတ်ချက်တစ်ခုအဖြစ်သာ တည်ရှိနေတော့သည်။ သဘာဝတော့ဖြင့် ကျပါသည်။ ပညာရပ်ဆိုင်ရာ ဝေါဟာရ သတ်မှတ်ချက်တိုင်းလိုလို ဤသဘောမျိုး ဆောင်တတ်ကြသည် မဟုတ်လား။

အပျော်ဖတ်စာပေဟူ၍အများစု သိမှတ်လက်ခံထားကြသော စာအုပ်အမျိုးအစားများတွင် အငှားဆိုင်စင်များပေါ်ရှိ လုံးချင်းဝတ္ထုရှည်များက အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။ ယခင်ကာလတစ်လျှောက်လုံးတွင် လုံးချင်းဝတ္ထုစာအုပ်များကသာ ဈေးကွက်၏ခွဲတမ်းကို ရာခိုင်နှုန်း အတော်များများ စိုးမိုးထားခဲ့သည်။ ဈေးကွက်အတွင်း တသသဖြစ်ရသည့် လက်ရာကောင်းများနှင့်အတူ လေးစားဖွယ်ရာ စာရေးဆရာများ ထွက်ရှိမှု အားနည်းလာပြီးနောက်ပိုင်း အပျော်ဖတ်စာပေဟူသော ဝေါဟာရက တွင်ကျယ်လာသည်။ စာရေးဆရာအချင်းချင်း ကြားတွင်လည်း အပျော်ဖတ်စာရေးဆရာဟူသော အတန်းအစားတစ်ရပ် ပေါ်ပေါက်လာသည်။ ဤအဆင့်အတန်းခွဲခြားမှုကလည်း စာရင်းဇယားဖြင့် ထုတ်ပြန်ရခြင်းမျိုး မဟုတ်သောကြောင့် ကြက်သွန်ကဲ့သို့ပင် သိုသိုသိပ်သိပ်နိုင်လှပါသည်။

၁၉၈၇ ခုနှစ်ထုတ် ရသမဂ္ဂဇင်းဟောင်းတစ်အုပ် ကျွန်တော့်တွင်ရှိသည်။ ဤ မဂ္ဂဇင်း၏ထူးခြားချက်မှာ ကျွန်တော့် အတ္တနောမဟိအရ အပျော်ဖတ် စာရေးဆရာများအဖြစ် လက်ခံထားသူများနှင့် ကျွန်တော့် အတ္တနော မဟိအရ ရသတန်ဖိုးစစ်မှန်သည်ဟု ယူဆထားသော စာရေးဆရာများ ကြမ်းတစ်ပြေးတည်းတွင် တန်းတူလက်ရာများ ယှဉ်တွဲဖော်ပြထားခြင်းဖြစ်သည်။ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဝတ္ထုလတ်စသဖြင့် ဝတ္ထုအမျိုး အစားများကလည်း စုံလင်လှသည်။ ထိုအချိန်တုန်းက အပျော်ဖတ်စာပေဆိုသော ဝေါဟာရကို မသုံးစွဲကြရသေးသည်လား။ သို့မဟုတ် ဤ ဝေါဟာရရှိပါလျက် အားကောင်းဖွံ့ထွားမှု မရှိသေးသည်လား။ ဒုတိယတွက်ဆချက်က ဖြစ်နိုင်ခြေနှင့် ပိုနီးစပ်လိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်။ ဆိုလိုသည်မှာ ဤဝေါဟာရ က ရှိနှင့်ပြီးသော်ငြား ထိုစဉ်ကာလက အသံထွက် မကျယ်လောင်ခဲ့သေးခြင်းသာ ဖြစ်လိမ့်မည်။ ယင်းသည်လည်း အကြောင်းများ ရှိ ကောင်း ရှိနိုင်ပါသည်။

သိသာသော အချက်ကလေးများ ကျွန်တော် ထပ်မံဖြည့်စွက်ကြည့်မိသည်။ ဤ မဂ္ဂဇင်းထဲမှ ဖော်ပြပါဝတ္ထုများ၏ စာရေးဆရာများကို ဦးစွာစာရင်းပြုစုရန်ကိုမူ ကျွန်တော်မမေ့။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက် အားလုံးစုပေါင်းလိုက်တော့ ဆယ့်ခြောက်ယောက်၊ ဝတ္ထုဆယ့်ခြောက်ပုဒ်၊ ဝတ္ထုရှည် သုံးပုဒ်၊ ဝတ္ထုတို ၁၂ ပုဒ်၊ ဝတ္ထု လတ်ကဖြင့် တစ်ပုဒ်။ တကယ့်ကို ရသစာဖတ် အားကောင်းသော ခုနှစ်များထဲက တစ်ခုဖြစ်ခဲ့လိမ့်မည်။ ယင်းတို့ထဲကမှ မဂ္ဂဇင်း စာမျက်နှာများပေါ်သာမက လုံးချင်းဝတ္ထုဈေးကွက်ထဲထိ ဝင်ရောက်ရေးသားရပ်တည်နေသော စာရေးဆရာစာရင်းကို ပြန်လည်ရွေးထုတ် ကြည့်လိုက်သည်။ ၁၂ ယောက် ထွက်လာသည်။ ကျွန်တော့် အတ္တနောမဟိအရ အပျော်ဖတ် စာရေးဆရာဟု သတ်မှတ်ထားသူများမှာ ဤ ၁၂ ယောက်ထဲ၌ ရှိနေကြသည်။

အဆုံးသတ်တွင် ကျွန်တော် အထပ်ထပ် အခါခါ သုံးသပ်ပိုင်းဖြတ်ပြီးသည့် နောက်သုံးယောက် ထွက်လာသည်။ ဤ သုံးယောက်သည်ကား အပျော်ဖတ်စာရေးဆရာဟု အမည်နာမ တပ်ထိုက်ပါသည်။ ကျွန်တော့် အတ္တနောမဟိဟုဆိုသော်လည်း ကျွန်တော့်နေရာ၌ အခြားစာပေသုတေသီတစ်ယောက်ဆိုပါက သုံးယောက်ထက်ပင် ပိုသွားနိုင်ဦးမည်လားမသိ။ ကျွန်တော်က ဘာကြောင့် ဤသုံးယောက်ကို အပျော်ဖတ် စာရေးဆရာစာရင်းထဲ ထည့်သွင်းရသလဲ ပြန်စဉ်းစားသည်။၁၉၈၇ ခုနှစ်မဆိုထားနှင့် လက်ရှိ ကျွန်တော် ရောက်နေသည့် ၂၀၁၈ ခုနှစ်မှာပင် ဤသုံးယောက်၏ လုံးချင်းဝတ္ထုများကို စာအုပ်အဟောင်းဆိုင်များတွင် ထင်ထင်ရှားရှား ရှာဖွေတွေ့ရှိ နိုင်သေးသည်။ ယင်းက ဤသုံးယောက်၏စာအုပ်များ ဈေးကွက်ထဲ၌ အဆက်မပြတ် တည်ရှိနေခဲ့သည့်သဘော။ ဤ သုံးယောက်ထဲ၌ တစ်ယောက်ကတော့ အတော်ပင် ထင်ရှားသည်။ သူ့တွင် ထင်ရှားကျော်ကြားသော ဝတ္ထုများလည်း အများအပြားရှိခဲ့သည်။ ကျွန်တော် ကိုယ်တိုင်လည်း သူ့ဝတ္ထုများ ဖတ်ပြီး ကြီးပြင်းခဲ့ရသည်။ သူ့ဝတ္ထုအများအပြားက အမှီးဝတ္ထုများ ဖြစ်နေခြင်း၊ လူပြိန်းကြိုက် ဗေဒင်ယတြာများနှင့်  ဖောင်းပွလွန်းနေခြင်းများအားဖြင့် အတွေးအခေါ်ပိုင်းဆိုင်ရာ ဆန်းသစ်လွတ်လပ်ပြီး ဘဝနေနည်းများကို သွန်သင် လမ်းညွှန်ပြသနိုင်သော လက်ရာမွန်များ ရှိလင့်ကစား စာပေသရုပ်ခွဲပညာရှင်များ၏ တညီတညွတ်ကြီး လစ်လျူရှုမှုအောက်တွင် သူသည်လည်း အပျော်ဖတ်စာရေးဆရာ စာရင်းထဲ ဝင်၍သွားရသည်။

ဤ ခုနစ်ဆွေး ရှစ်ဆွေးမဂ္ဂဇင်းဟောင်းကို ကောက်ကိုင်မိလေတိုင်း ကျွန်တော့်မှာ စာရေးဆရာများကို ဘာကြောင့်များ ခွဲခြားခွဲခြားမြင်မိရသလဲ ဟူသည်ကို အတွေးနယ်ချဲ့မဆုံး ဖြစ်နေတော့သည်။ ၁၉၈၇ ခုနှစ်က အနေအထားကို ကျွန်တော့်လိုကောင်က ဘာများ ပြောနိုင်ပါတော့မည်နည်း။ သို့သော် ကျွန်တော်နှင့် နီးစပ်ရာ ခုနှစ်များအရ ရသစာပေဈေးကွက်အတွင်း ဆုတ်ယုတ်မှုများကတော့ မျက်ဝါးထင်ထင်ရှိခဲ့ပါသည်။ ယင်းသည် အဆင့်အတန်းတစ်ခုအားဖြင့် ရပ်တည်နိုင်ခဲ့သော စာရေးဆရာအချို့ အဘယ်ကြောင့် ယခုအချိန်တွင် အပျော်ဖတ်စာရေးဆရာစာရင်းထဲ ရောက်ရှိ သွားရသလဲဆိုသည့် အဖြေတော့ဖြင့် အတိအကျကြီး မဟုတ်သေး။ ကျွန်တော် ပြောချင်သည်မှာ သူတို့သည်လည်း အခြားစာရေးဆရာများနှင့်တန်းတူ ဤ ဗျည်း ဤအက္ခရာ ဤ စကားလုံးများကိုပင် ကိုင်တွယ်ရေးသားရသည်သာ ဖြစ်သည်။ သို့သော် သူတို့ ဝါကျ အများစုက ဖွာလန်ကြဲနေသည်။ သူတို့ ဇာတ်လမ်း ဇာတ်အိမ်များက ဖန်တစ်ရာတေနေသည်။

အများကြိုက် ဖျော်ဖြေရေးကို ဇောင်းပေးရခြင်း၊ ဈေးကွက်အဆက်မပြတ်အောင် ခပ်စိပ်စိပ်ထုတ်ဝေရခြင်း၊ ရပ်တည်မှု မခိုင်မာခြင်းနှင့် ဇာတ်လမ်းဇာတ်အိမ် လျော့ရဲ ခြင်းများကို အလွယ်တကူ အပြစ်တင်နိုင်သော်လည်း သူတို့ကိုယ်တိုင်ကိုယ်ကျ ထားရှိအပ်သည့် အားထုတ်မှု အပိုင်းများတွင်လည်း သိသိသာသာကြီး လစ်ဟာနေခဲ့သည်ကို တွေ့ရသည်။ ဤနေရာအထိ ကျွန်တော်က ၁၉၈၇ ခုနှစ်ထုတ် မဂ္ဂဇင်းဟောင်းတစ်အုပ်မှ အပျော်ဖတ်စာရင်းဝင် စာရေးဆရာ သုံးယောက်ကို တွက်ဆကြည့်ခဲ့ခြင်း ဖြစ်သည်။ ထိုခုနှစ် နောက်ပိုင်း လုံးချင်းဝတ္ထုစာရေးဆရာ အများစုကတော့ အပုံကြီး ဆိုးရွားမည်မှာ ပြောစရာပင် လိုမည်မထင်။ သူတို့ဆီမှာ ရှေး က ပြောစမှတ်တွင်ခဲ့သည့် လုံးချင်းဝတ္ထုရေး စာရေးဆရာများ၏ ဝါကျအရသာနှင့် ခန့်ထည်သော ဇာတ်အိမ်ကြီးများဆီကကြွင်းကျန်ရစ်သည့် အရိပ်လက္ခဏာများ လုံးလုံးလျားလျား ပျောက်ကွယ်နေပြီဖြစ်သည်။

အော့နှလုံးနာလောက်အောင် ပျက်ယွင်းလာသော ခေတ်စနစ်ကြီးကလည်း ရသ စာပေနိမ့်ကျမှုကို အစဉ်တစိုက် မီးလောင်ရာ လေပင့်ခဲ့သည်။ စာပေစိစစ်ရေး၏ ထင်ရာ မြင်ရာ ဖြတ်တောက်မှုများကို ဂျပန်ခေတ် ကင်ပေတိုင်နှင့်ပင် တင်စားကာ စာပေကင်ပေတိုင်ဟု ဆိုစမှတ်ပြုရသည်အထိ ဖြစ်ခဲ့သည်။ အထွေထွေအကျပ်အတည်းများ အောက်တွင် လူထုက ဝပ်ဆင်းနေပြီး ရသ ထုတ်ကုန်များအပေါ် ယခင်ကကဲ့သို့ မစူးစိုက် နိုင်အားတော့။ စာပေမဟုတ်သော အခြားတစ်ဖက်က ဖျော်ဖြေရေးများ၏ သာလွန် ကောင်းမွန်စွာ ချဲ့ထွင်လာနိုင်ခြင်းများကလည်း အရေးပါလှသည်။ ဤသို့ဖြင့် စဉ်းစား တွေးခေါ်နိုင်မှုကို သင်းကွပ်ထားသော အ ပျော်ဖတ်စာအုပ်များကသာ စာဖတ်သူများ၏ လက်ထဲသို့ အလွယ်တကူ ရောက်ရှိသွားကြသည်။ ကာလတရား ကြာမြင့်လာသောအခါ  ဤစာအုပ်များက တကယ့်ရသစာ ပေနေရာအထိ  ခပ်တည်တည်ဝင်ယူလာပြီး အပျော်ဖတ်စာရေးဆရာများကလည်း အစစ်အမှန် ရသဖန်တီးသူ  အနုပညာရှင်ကြီးများသဖွယ် အလေးထားကိုးစားမှု ရရှိလာကြသည်။ ယင်းသည် လတ်တလောအတွက်လည်း အမှန်တရား ဖြစ်၍နေပါသည်။

Most Read

Most Recent