မြန်မာ့ဒီမိုကရေစီခရီးရှည်၏ အဓိက မောင်းနှင်အားသည် ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်မှု၊ ထောက်ခံမှု၊ ယုံကြည်မှုပင် ဖြစ်သည်ဟုဆိုလျှင် မငြင်းဆိုနိုင်သည့်နည်းတူ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာအဖြစ် ပြောင်းလဲလာနေသည့် ခေတ်ပြိုင်အခင်းအကျင်းတွင် မြန်မာ့ဒီမိုကရေစီခရီးရှည်ကြီး အောင်မြင်၊ ထမြောက် ခရီးပေါက်ရေးသည် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှု၊ ထောက်ခံမှုတို့နှင့်လည်း ဗျူဟာမြောက် ဆက်စပ်နေသည်ကို မျက်ခြည်မပြတ်သင့်ပေ။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အမြော်အမြင်ရှိရှိ ထိတွေ့ဆက်ဆံရေးကို ဖော်ဆောင်နိုင်ရေး ရှေးရှုရမည်ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီ စပ်ကူးမပ်ကူး ကာလတွင် စိန်ခေါ်မှုများ၊ အကျပ်အတည်းများ မြင့်မားလာသည်နှင့်အမျှ ထိတွေ့ဆက်ဆံမှုများ၊ ညှိနှိုင်းဆွေးနွေး အဖြေရှာမှုများကို ချဲ့ထွင်နိုင်ရန် အရေးကြီးနေဆဲဖြစ်သည်။ ကုလသမဂ္ဂနှင့်ဆက်ဆံရေး၊ အထူးသဖြင့် လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံ၊ လူ့အခွင့်အရေးကော်မရှင်တို့နှင့် ဆက်ဆံရေးကို ဗျူဟာမြောက် အလေးထား၊ ဖော်ဆောင်နိုင်ရေးသည် ရှေ့တန်းရောက်လာမည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာ့သံခင်းတမန်ခင်းအား ကောင်းမောင်းသန်ရေး ဦးတည်လျက်၊ အားနည်းချက်၊ အားသာချက်များကို ခရေစေ့တွင်းကျ လေ့လာ၊ သုံးသပ်၍ ပြုပြင်ပြောင်းလဲနိုင်ရေး ဦးတည်ကြရမည်ဖြစ်သည်။
ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးတွင် လုံခြုံရေးကောင်စီနှင့် သံခင်းတမန်ခင်းသည် အရေးကြီးဆုံးဖြစ်သည်။ မြန်မာ့သံတမန်များအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါး နိုင်ငံ၊ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံတို့နှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို မျက်ခြည်မပြတ်ထိန်းကျောင်း ဖော်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနသည် လုံခြုံရေးကောင်စီ အပါအဝင် ကုလသမဂ္ဂနှင့်ဆက်ဆံရေးဆိုင်ရာ မူဝါဒ၊ နည်းနာ၊ ဗျူဟာ၊ လုပ်ဟန်များအပေါ် အခြေပြုသည့် အထူးစီမံချက်ကို ကာလတို၊ ကာလလတ်၊ ကာလရှည်သတ်မှတ်၍ ရေးဆွဲဖော်ဆောင်နိုင်ရေး မဖြစ်မနေ စိုင်းပြင်းရမည်ဖြစ်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံဆိုင်ရာ အထူးအလုပ်အဖွဲ့များကို နယူးယောက်မြို့နှင့် နေပြည်တော်တို့တွင်လည်းကောင်း၊ လူ့အခွင့်အရေးကောင်စီဆိုင်ရာအထူးအလုပ်အဖွဲ့ကို ဂျနီဗာမြို့နှင့် နေပြည်တော်တို့တွင်လည်းကောင်း သီးခြားထူထောင်၍ ဟန်ချက်ညီညီလေ့လာစောင့်ကြည့်၊ သတင်းအချက်အလက် ဖြန့်ချိ ပြီး၊ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံနိုင်ရေး ပြင်ဆင်ဆောင်ရွက်သင့်သည်။ ကုလသမဂ္ဂနှင့် မဟာဗျူဟာမြောက်ဆက်ဆံရေးတွင် လုံခြုံရေး ကောင်စီ၏ အခန်းကဏ္ဍသည် အရေးအကြီးဆုံးဖြစ်သဖြင့် ထိပ်တန်းဦးစားပေး၊ ဖော်ဆောင်ရမည်မှာ ဧကန်မုချဖြစ်သည်။
၁၉၄၈ ခုနှစ် ဧပြီ ၁၀ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးနှင့်တစ်ခုတည်းသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့သည်။ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီတွင် ဗီတိုအာဏာကျင့်သုံးခွင့် ရှိသည့် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနှင့် ဆက် ဆံရေးသည် ပထမဦးစားပေး ဖြစ်ပြီး၊ အလှည့်ကျအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံနှင့်ဆက်ဆံရေးကိုလည်း ဟန်ချက်ညီညီ ဗျူဟာမြောက် ထိန်းကျောင်းနိုင်ရန် ရှေးရှုရမည်ဖြစ်သည်။ လုံခြုံ ရေးကောင်စီနှင့် သံခင်းတမန်ခင်းကို ကျောထောက်နောက်ခံပြုလျက် နိုင်ငံတကာသံခင်း တမန်ခင်း မျက်နှာစာကောင်းတစ်ရပ်ကို စနစ်တကျ ချဲ့ထွင်ထူထောင်လာနိုင်မည်ဆိုလျှင် နိုင်ငံတကာဆက်ဆံရေးသည် ပိုမို အားကောင်းလာနိုင်ပြီး၊ ဖိအားများ၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများကို ထိထိရောက်ရောက် ကျားကန်၊ လျှော့ချလာနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးဦးတည်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ခြေလှမ်းများသည် မြန်မာနှင့်လုံခြုံရေးကောင်စီ ဆက်ဆံရေးတွင် စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့သော မှတ်တမ်းများပင်ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ဗီတိုအာဏာများကြောင့် ဆုံးဖြတ်ချက်များ မချမှတ်နိုင်ခဲ့လင့်ကစား ယနေ့တိုင် မြန်မာ့အရေးသည် လုံခြုံရေးကောင်စီတွင် သံခင်းတမန် ခင်း စိုးရိမ်ရေမှတ် ကျော်လွန်နေဆဲပင်ဖြစ်သည်။ ခြေရာကောက်ကြည့်မည်ဆိုလျှင် လုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာထုတ်ပြန်ချက်များကို ၂၀၀၇ ခုနှစ် အောက်တိုဘာလ၊ ၂၀၀၈ ခုနှစ် မေလနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတို့တွင် ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံဆိုင်ရာအစည်းအဝေးများကို ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ လေးကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ငါးကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် သုံးကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တစ် ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် နှစ်ကြိမ်၊ ၂၀၁၂ ခုနှစ် တွင် နှစ်ကြိမ်၊ ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၁၀ ပြည့်နှစ်တွင် သုံးကြိမ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် ငါးကြိမ်ပြုလုပ်ခဲ့သည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်ပြည်ထောင်စု၏ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး နစ်ကီဟာလေးသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်လျက်ရှိသည်။ စက်တင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏အစီအစဉ်မူကြမ်း (စက်တင်ဘာလ) ၌ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်ပါရှိသည်ကို မတွေ့ရှိရပေ။ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၊ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲများ အစီအစဉ် ပြင်ပတွင် နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအကြီးအကဲများအကြား မြန်မာနိုင်ငံနှင့် ပတ်သက်၍ အလွတ်သဘော အမြင်ဖလှယ်၊ ဆွေးနွေးမှုများ ရှိကောင်းရှိလာနိုင်သည်။
နေပြည်တော်၏ကုလသမဂ္ဂသံခင်းတမန်ခင်းတွင် အထွေထွေညီလာခံကလည်း အက္ခရာကျပြီး ၁၉၉၁ ခုနှစ် ၄၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ပထမဆုံး အ ကြိမ်ချမှတ်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံသည် ၁၉၉၁ ခုနှစ်မှ ၂၀၁၇ ခုနှစ် ကြားကာလတွင် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ် ချက် ၂၆ ရပ်ကို ၂၀၁၆ ခုနှစ်မှလွဲ၍ နှစ်စဉ်မပျက် ချမှတ်ခဲ့ပြီးဖြစ်သည်။ ကုလသမဂ္ဂ ညီလာခံ၊ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲများတွင် မြန်မာအစိုးရအကြီးအကဲများအနေဖြင့် အချက်အလက်ခိုင်ခိုင်မာမာ၊ ကြောင်းကျိုးဆီလျော်စွာ ထောက်ပြ၊ ရှင်းလင်းဆွေးနွေးနိုင်ရန် လစ်ဟာနေဆဲပင် ဖြစ်သည်။ မြန်မာ့သံတမန်များအနေဖြင့် အထွေထွေညီလာခံကို အကြောင်းပြုလျက် နိုင်ငံတကာဆက်ဆံရေး ပိုမိုအားကောင်းရန် တည်ဆောက်လာနိုင်မည်ဆိုလျှင် မြန်မာ့ သံခင်းတမန်ခင်း ဝန်ထုပ်ဝန်ပိုးသည် သိသိ သာသာလျော့ကျလာမည့်အပြင် နိုင်ငံတကာ သံခင်းတမန်ခင်းတွင် ပိုမိုလူးသာလှိမ့်သာ ဖြစ်လာနိုင်ဖွယ် ရှိသည်။
၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဥက္ကဋ္ဌသစ် အီကွေဒေါနိုင်ငံ၏လူသားရင်းမြစ် နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Fernanda Espinosa Garce’s က အမှာစကားပြောကြား၊ ဖွင့်လှစ်မည်ဖြစ်သည်။ H.E. Ms. Maria Fernanda Espinosa Garce’s ကို ၂၀၁၈ ခုနှစ် ဇွန် ၅ရက်တွင် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ဥက္ကဋ္ဌလောင်းနှစ်ဦးစလုံးသည် အမျိုးသမီးများဖြစ်ပြီး သူသည် စတုတ္ထမြောက် အမျိုးသမီးဥက္ကဋ္ဌတစ်ဦးအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲမစတင်မီ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် H.E. Mr. Antonio Guterresu သည် ကုလသမဂ္ဂအဖွဲ့ကြီး၏ လုပ်ငန်းဆောင် ရွက်ချက်ဆိုင်ရာ နှစ်စဉ်အစီရင်ခံစာကို ရှင်းလင်း တင်ပြမည်ဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၁ ရက် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ အထွေထွေ မူဝါဒရေးရာဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးခဲ့သည်။ ၂၀၁၇ ခုနှစ် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲတွင် ဒုတိယသမ္မတဟင်နရီဗန်ထီးယူ တက်ရောက်ဆွေးနွေးခဲ့သည်။ ဦးသိန်းစိန်သည် ၆၇ ကြိမ်မြောက် အထွေထွေညီလာခံတွင် သမ္မတအနေဖြင့်လည်းကောင်း၊ ၆၄ ကြိမ်မြောက် အထွေထွေညီလာခံတွင် ဝန်ကြီးချုပ်အနေဖြင့်လည်းကောင်း၊ အထွေထွေ မူဝါဒရေးရာဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးခဲ့သည်။ ၂၀၁၈ ခုနှစ် ၇၃ ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံတွင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့ တက်ရောက်ဆွေးနွေးကြမည် ဖြစ်သည်။ ၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရဖွဲ့စည်းပြီးနောက်ပိုင်း ကုလသမဂ္ဂအထွေထွေညီလာခံ၊ အထွေထွေ မူဝါဒရေးရာဆွေးနွေးပွဲများတွင် ကိုယ်စားပြု ပါဝင်မှုသည် တစ်နှစ်ထက်တစ်နှစ် လျော့ကျ လာနေသည်မှာ အနာနှင့်ဆေးလွဲနေသည့် သဘောဟု သုံးသပ်မိသည်။
အချုပ်အားဖြင့်ဆိုသော် နိုင်ငံတကာဖိအားများ တစ်စထက်တစ်စ မြင့်တက်လာချိန်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် တို့အနေဖြင့် နိုင်ငံတကာသံခင်းတမန်ခင်းကို ဆတိုးဖော်ဆောင်ရန် ခြေလှမ်းပြင်သင့်သည်။ ဖိအားများ၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများ မြင့်တက်လာခိုက် ထိတွေ့ ဆက်ဆံမှုများ မတိုးသည့်အပြင် လျှော့ချနေဦးမည်ဆိုလျှင် ဖိစီးမှုဝန်ထုပ်ဝန်ပိုးကို ခါးစည်းခံရရန် သာ အကြောင်းများနေဦးမည်ဖြစ်သည်။ သို့ ဖြစ်၍ အကြီးအကဲများ၊ ခေါင်းဆောင်များ၊ သံကြီးတမန်ကြီးများ၊ သံတမန်များအနေဖြင့် နိုင်ငံတကာ သံခင်းတမန်ခင်း အားကောင်း မောင်းသန်ရေးကို ရှေးရှုလျက် ကုလသမဂ္ဂမှ အစပြု၍ သံခင်းတမန်ခင်း အစီအမံသစ်များ၊ ဗျူဟာသစ်များ၊ နည်းနာသစ်များနှင့်အတူ မဟာဗျူဟာမြောက် ချဉ်းကပ်၊ ဖော်ဆောင်နိုင်ရေး မနှေးဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။