ဘိန်းများဖြင့် ပြည့်နှက်နေသော လာအို၏ တောင်ကုန်းများ

ဘိန်းများဖြင့် ပြည့်နှက်နေသော လာအို၏ တောင်ကုန်းများ
Published 10 September 2018

ဇွန် ၂၇ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ၌ လာအိုနိုင်ငံ ဟူအာဖန်ဒေသရှိ သူ၏ရွာတွင် ဘိန်းရှူနေသည့် မှုန်ရွာသား ဗိုပါလီကို တွေ့ရစဉ် (Photo - AFP)

လာအိုနိုင်ငံမြောက်ပိုင်းက မြူနှင်းတွေဝေနေတဲ့ တောင်ကုန်းထိပ်က တဲလေးတစ်လုံးထဲမှာ ဗိုပါလီဟာ ဆေးရှူနေပါတယ်။

သူရဲ့အဆိပ်ကတော့ ကွန်မြူနစ်နိုင်ငံရဲ့ မွဲတေစုတ်ပြတ်ပြီး လူသူသိပ်မရောက်တဲ့ တောင်တန်းဒေသတွေက တောင်တန်းသား ဆင်းရဲသားတွေ တရားမဝင်စိုက်ပျိုးတဲ့ ဘိန်းပင်တွေကနေ ထုတ်ယူထားတဲ့ အစေးတွေပါပဲ။

“တစ်နေ့ကို ကျွန်တော်သုံးခါ ရှူပါတယ်” လို့ အသက် ၆၀ အရွယ်ရှိ မှုန်ရွာသားတိုင်းရင်းသားကြီးက ကြားနိုင်ရုံမျှ အာခေါင်ခြစ်သံနဲ့ သူရဲ့ နှစ် ၃၀ ကြာ အလေ့အထအကြောင်းကို ပြောပြပါတယ်။

“ကျွန်တော့်ဘဝကို ကျွန်တော် ဖျက်ဆီးခဲ့တာပါ။ ကျွန်တော့်မှာ ဝင်ငွေမရှိပါဘူး။ ဒါပေမဲ့ ဒါကို မရှူရရင် ကျွန်တော်နေလို့ မကောင်းပါဘူး”

ဒီကနေ့အတွက် သူရဲ့ ပထမဆုံး ဆေးရှူမှုကို ပြုလုပ်ဖို့ သူကစကားပြောတာကို ရပ်လိုက်ပါတယ်။

သူဟာ လက်မအရွယ်လောက်ရှိတဲ့ အမည်းရောင်အစေးလုံးကလေး တစ်လုံးကို  ဖယောင်းတိုင် မီးပေါ်မှာရှို့ပြီး ဝါးပြောင်း ကလေးနဲ့ အသေအချာ ရှူသွင်းနေပါတယ်။ နူးညံ့အောင်ပြုလုပ်ထားတဲ့ ခပ်ပျော့ပျော့ အရာကလေးပေါ် မီးတောက်က လူးလိမ့်နေပါတယ်။ ဗိုပါလီကလေး၊ ငါးခါလောက် ရှိုက်သွင်းလိုက်တယ်။ မီးခိုးတွေက သူ့နှာခေါင်း ပေါက်ကနေ ပန်းထွက်လာတယ်။ သူက သလိပ်သံနဲ့ ခက်ခက်ခဲခဲ ရှူသွင်းနေရတာပါ။

မှုန်ရွာဟာ ဘိန်းကို ဆေးဝါးအဖြစ်နဲ့ အပန်းဖြေစရာအဖြစ် စိုက်ပျိုးပြီး သုံးစွဲနေတာ မျိုးဆက်တွေချီပြီး ကြာခဲ့ပါပြီ။

ဒါပေမဲ့ လာအိုနိုင်ငံမှာ ဆေးစွဲသူတွေနဲ့ပတ်သက်ပြီး ပြည့်စုံတဲ့ စစ်တမ်းမရှိရုံမက ပြန်လည်ထူထောင်ရေး အစီအစဉ်တွေလည်း မရှိပါဘူး။

နိုင်ငံငါးခုကြားမှာ ညပ်နေတဲ့ လာအိုဟာ ရွှေတြိဂံဒေသ မူးယစ်ဆေးကုန်သွယ်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာတာ ဆယ်စုနှစ်တွေချီပြီး ကြာခဲ့ပါပြီ။

ဟီးရိုးအင်းက အမေရိကန်ရဲ့ လမ်းပေါ်ကို စရောက်ခဲ့ပြီး မူးယစ်ဆေးဝါးတွေကရတဲ့ ပိုက်ဆံတွေက အမေရိကန်ရဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး တိုက်ပွဲတွေထဲမှာ ပါဝင်ပတ်သက်သွားခဲ့တဲ့ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်း ဘိန်းဟာ လာအိုနိုင်ငံရဲ့ အဖိုးတန်ပို့ကုန် ဖြစ်လာခဲ့ပါတယ်။

ကွန်မြူနစ်တွေရဲ့ ဦးဆောင်မှုက ဝင်ငွေကောင်းတဲ့ ဘိန်းစိုက်ပျိုးမှုကို ဥပဒေနဲ့ ငြိစွန်းတယ်လို့ ၂၀၀၆ ခုနှစ်မှာ ကြေညာချက်ထုတ်ပြန်ပြီးနောက် လာအိုဟာ ဘိန်းကင်းစင်တဲ့ နိုင်ငံဖြစ်ရေးဆီ ဦးတည်ခဲ့ပါတယ်။

ဘိန်းဆန့်ကျင်ရေး လှုပ်ရှားမှုကို အကြီးအကျယ် ဆောင်ရွက်နေချိန်မှာ တောင်တန်းသားတွေက သူတို့ကိုယ်တိုင် သုံးစွဲဖို့ ဘိန်းစိုက်ပျိုးရေးကို လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်။ ပြည်ပတင်ပို့ဖို့အတွက်လည်း ဒုစရိုက်ဂိုဏ်းတွေက လုပ်ဆောင်လာကြတဲ့အခါမှာ ဘိန်းကို စီးပွားဖြစ် စိုက်ပျိုးသူတွေလည်း ရှိလာပါတယ်။

“ဒီဝေးလံသီခေါင်တဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်သူတွေဟာ သိပ်ကို ဆင်းရဲကြပါတယ်” လို့ လာအိုမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ LCDC ရဲ့ အမြဲတမ်းအတွင်းဝန် အွန်ဖီအောခွန်ဗီအန်းသောင်က ပြောပါတယ်။

“သူတို့အနေနဲ့က ကျွန်တော်တို့ ဥပဒေတွေနဲ့ပတ်သက်ပြီး ပညာရေးနဲ့ ဗဟုသုတ များများစားစား မရှိတာမို့ မှောင်ခိုလုပ်ငန်းအတွက် သူတို့ကို ဖြားယောင်းအသုံးချဖို့ သိပ်ကိုလွယ်ကူပါတယ်” လို့လည်း သူက ဆိုပါတယ်။

၂၀၁၅ ခုနှစ်မှာ လာအိုနိုင်ငံက မြေ ၅၇၀၀ ဟက်တာ (၁၄,၀၀၀ ဧက) မှာ ဘိန်းစိုက်ပျိုးတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ ၂၀၀၇ ခုနှစ်တုန်းကဆိုရင် အဲဒီရဲ့ သုံးဆရှိမယ်လို့ ဆိုပါတယ်။

ဒီနှစ်အတွင်း ဗီယက်နမ်မှာ ဘိန်းစိမ်းနဲ့ ဟီရိုးအင်းတွေ သိမ်းဆည်းရမှုတွေအများကြီး ဖြစ်ခဲ့တာဟာ မှုန်ရွာသားတွေအတွက်  ဧည့်လမ်းညွှန်အလုပ်တွေ ရသွားစေပါတယ်။ ဘိန်းနဲ့ အကြီးအကျယ် ဖယ်ထုတ်ထားခြင်းခံရတဲ့ လာအိုနိုင်ငံက လူ့အသိုင်းအဝိုင်း တစ်ရပ်တို့အကြား ဆက်နွှယ်ချက်ကို ပြန်လည်သုံးသပ်လေ့လာလာကြလို့ပါ။

“ဒီလယ်သမားတွေဟာ လာအိုနိုင်ငံရဲ့ အဆင်းရဲဆုံး ဒေသတချို့ကနေ ရောက်လာကြတာပါ။ သူတို့ဟာ တန်ဖိုးနည်းလွန်းတဲ့ ကောက်ပဲသီးနှံတွေသာ စိုက်ပျိုးခွင့်ရကြပြီး  ဈေးကွက်နဲ့ နည်းပညာတွေနဲ့ ထိတွေ့နိုင်ဖို့  အခွင့်အလမ်းနည်းလွန်းပါတယ်” လို့ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က အာလင်းဖော့က ပြောပါတယ်။

လာအိုနိုင်ငံရဲ့ ဗီယက်နမ်နယ်စပ် ဟူအာဖန်ဒေသက ဘိန်းစိုက်ပျိုးခဲ့တဲ့ ရွာပေါင်း ၁၀ ရွာမှာ ကော်ဖီစိုက်ပျိုးရေး စီမံကိန်းတစ်ရပ်ကို UNODC က ဦးဆောင်နေပါတယ်။

မြေသြဇာကောင်းတဲ့ ကုန်းမြင့်ဒေသဖြစ်ပြီး ရာသီဥတုက အေးမြတဲ့ အနေအထားဟာ ဘိန်းပင်တွေကို ဖြစ်ထွန်းစေသလို ကော်ဖီပင်တွေ စိုက်ပျိုးဖို့အတွက်လည်း ကောင်းပါတယ်။

ရည်ရွယ်ချက်ကတော့ ဇိမ်ခံသောက်သုံးတဲ့ Arabica ကော်ဖီမျိုးကို စိုက်ပျိုးစေဖို့ပါ။ အဲဒီ ကော်ဖီအမျိုးအစားဟာ အမေရိကန်ကနေ ကိုရီးယားနဲ့ ဂျပန်အထိ ချမ်းသာတဲ့ ဈေးကွက်တွေကို တင်ပို့နိုင်ပါတယ်။

“အရင်က ဘိန်းစိုက်ပျိုးဖို့လွဲပြီး ကျွန်တော်တို့မှာ တခြားရွေးစရာ မရှိပါဘူး” လို့ ဒူးလောက်မြင့်တဲ့ ကော်ဖီပင်တွေတစ်ဝိုက်ရှိနေရင်းက မှုန်ရွာသား မာစုဘူအာက ပြောပါတယ်။

“ဒါပေမဲ့ နှစ်တိုင်း ကျွန်တော်တို့ ပိုက်ဆံနည်းနည်းလေးပဲ ရပါတယ်။ ဒီတော့ ကျွန်တော်တို့ ကော်ဖီပြောင်း စိုက်လိုက်ပါတယ်” လို့ သူက ဆိုပါတယ်။

ရွာသားတွေအနေနဲ့ နှစ်စဉ်နှစ်တိုင်း ဝင်ငွေတွေ အများကြီး မြင့်တက်လာဖို့လည်း ရှိနေပါတယ်။ ခေတ်အဆက်ဆက်သူတို့ ထုတ်လုပ်သမျှကို ခေါင်းပုံဖြတ်နေတဲ့ ပွဲစားတွေကို ရှင်းထုတ်လိုက်ပြီး သူတို့ထွက်ကုန်တွေကို ဈေးကွက်ကို တိုက်ရိုက်ရောင်းချခွင့်  ရရှိသွားလို့ပါပဲ။

“လယ်သမားတွေကိုယ်တိုင် ပူးပေါင်းဆောင်ရွက်တဲ့ အမှန်တကယ် ကူးသန်းရောင်းဝယ်ရေးတစ်ရပ်ကို ကျွန်တော်တို့ တည်ဆောက်ဖို့ ကြိုးပမ်းနေပါတယ်” လို့လည်း ဖော့က ပြောပါတယ်။

ဘိန်းစိုက်ပျိုးမှုဟာ စီးပွားရေးအရ သိပ်တွက်ခြေမကိုက်နိုင်တော့ပေမဲ့ လာအိုရဲ့ ပိုပြီးအရေးပေါ်ဖြစ်လာတဲ့ မူးယစ်ဆေး ပြဿနာကတော့ စိတ်ကြွဆေးလို့ခေါ်တဲ့ မက်အမ်ဖီတမင်းပါပဲ။

မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေနဲ့ နယ်စပ်တွေက အစိုးရသြဇာ သက်ရောက်နိုင်မှု နည်းပါးတဲ့ ဒေသတွေဟာ လာအိုနိုင်ငံရဲ့ စိတ်ကြွဆေး ကုန်ကူးသူတွေအတွက် လွတ်လွတ်လပ်လပ် ထိထိရောက်ရောက် လုပ်ကိုင်နိုင်တဲ့နေရာတွေ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံဟာလည်း  ယာဘနဲ့ အိုက်စ်လို့ခေါ်တဲ့ စိတ်ကြွဆေး အမျိုးအစားတွေကို သူရဲ့ကွပ်ကဲမှုမဲ့တဲ့ နယ်စပ်ဒေသတွေကနေတစ်ဆင့် စံချိန်တင် ကုန်ကူးတဲ့ နိုင်ငံပါပဲ။

လာအိုနိုင်ငံမှာ နယ်စပ်ဝင်ပေါက် အများကြီးရှိတဲ့အနက် စကင်နာတွေနဲ့ ဓာတ်မှန်ကိရိယာတွေရှိတဲ့ နယ်စပ်ဂိတ်ဟာ နှစ်ခုပဲ ရှိပါတယ်။

ပြီးတော့ မူးယစ်ဆေးဂိုဏ်းတွေရဲ့ ရင်းမြစ်တွေကလည်း သူတို့ကို တားဆီးဖို့ကြိုးစား နေတဲ့ရဲတွေရဲ့ ရင်းမြစ်တွေကို သေးနုပ်သွားစေပါတယ်လို့ LCDC က အွန်ဖီအောခွန်ဗီအန်းသောင်က ပြောပါတယ်။

“သူတို့က လျင်မြန်ပြီး ခေတ်မီတဲ့ ယာဉ်တွေနဲ့ ဆက်သွယ်ရေးတွေကို အသုံးပြုပါတယ်။ ကျွန်တော်တို့ ရဲတွေမှာတော့ အဲဒါမျိုးတွေ မရှိပါဘူး” လို့လည်း သူကဆိုပါတယ်။

လာအိုနိုင်ငံဟာ မူးယစ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နယ်ခြားဖြတ်ကျော် ထောက်လှမ်းရေးကို မြှင့်တင်ဖို့ရာ အိမ်နီးချင်းနိုင်ငံတွေနဲ့  ပူးပေါင်းဆောင်ရွက်နေပြီး မစ္စတာ အိတ်စ်လို့ခေါ်တဲ့ လာအိုနိုင်ငံသား နာမည်ကြီး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်ကို ဒီနှစ်အတွင်း  ထိုင်းနိုင်ငံမှာ ထောင်ဒဏ်တစ်သက် ချမှတ်နိုင်တဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။

ဒါပေမဲ့ ငါးကြီးကြီးတွေကတော့ လက်လှမ်းမမီနိုင်သေးပါဘူး။

ဘာပဲဖြစ်ဖြစ် ဘိန်းစွဲခြင်းသံသရာဟာ  လာအိုနိုင်ငံရဲ့ လယ်သမားတွေအကြားမှာ လည်နေဆဲပါပဲ။

“ကျွန်တော့်အတွက် အကြီးမားဆုံး နောင်တကတော့အခု ကျွန်တော့်သားဟာ လည်း မူးယစ်ဆေးစွဲသူတစ်ယောက် ဖြစ်လာတာပါ” ဟု ဗိုပါလီက သူရဲ့ပြောင်းကို နောက်တစ်ကြိမ်မရှူမီ ခဏနားနေတုန်း ပြောလိုက်ပါတယ်။

ဘိန်းငွေ့တွေက သူ့ကိုရိုက်ခတ်နေဆဲမှာ သူ့တင်းကုပ်ကလေးထဲ ကလေးလေးလို  ခွေနေတာမို့ ဗိုပါလီကတော့ ကမ္ဘာ့ရာဇဝတ် မှုကွန်ရက်တစ်ခုမှာ ပါဝင်နိုင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

Most Read

Most Recent