သေဆုံးသွားတဲ့အသံ

သေဆုံးသွားတဲ့အသံ
Published 6 September 2018

Photo: xpressmedia.in

မှေးခနဲ ငိုက်မျဉ်းနေရာမှ ဆတ်ခနဲ သတိအနေအထားနဲ့ ခေါင်းကို ပြန်မတ်လိုက်ချိန်မှာ ကျွန်တော်ဟာ ဆူညံသံတွေကြားထဲ ရောက်ရှိနေကြောင်း သတိပြုမိသွားပါတယ်။ ကျွန်တော့်ပတ်ပတ်လည်မှာ စားပွဲဝိုင်းတွေ... လူတွေ...အသံတွေ။ ကျွန်တော့်ကိုယ်ကျွန်တော် မယုံနိုင်ဘူး ဖြစ်နေတယ်။ ငါ ဘယ်ကိုရောက်နေပါလိမ့်လို့ ပြန်စဉ်းစားမိတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ဟာ လူတွေကြားထဲမှာ။ ပြီးတော့ အသံတွေကြားထဲမှာ...။

ကျွန်တော်ဟာ အစမှာတော့ ကြားနေရတဲ့ အသံတွေကို သတိမပြုမိသေးပါဘူး။ ခါတိုင်းလည်း ဒီနေရာကိုရောက်ရင် ဒီလိုပဲ ကြားနေကျလို့ သိနေတာကိုး။ အဲဒီတော့ ဒီအသံတွေဟာ ကျွန်တော့်စိတ်ထဲ မထူးဆန်းဘူးလို့ ထင်နေမိပါတယ်။ သို့သော် ဒီနေ့မှာတော့...။ တိတိကျကျပြောရရင် ယခုရောက်ရှိနေတဲ့ အချိန်မှာတော့ ကြားနေကျ အဲဒီအသံတွေကို ထူးဆန်းတယ်လို့ ထင်နေမိပါတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ ကျွန်တော် အဲဒီအသံတွေကိုလိုက်ပြီး နားထောင်မိလျက်သား ဖြစ်နေတယ်။ အဲဒီတော့မှ ပိုပြီးအံ့သြသွားရတော့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအသံတွေကို ကျွန်တော်ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်နေလို့ပါပဲ။ တကယ်တော့ ဒါဟာ ထူးဆန်းတယ်လို့ ပြောလို့ရသလို မထူးဆန်းဘူးလို့လဲ ပြောလို့ရပါတယ်။

နည်းနည်းရှင်းပြဖို့ လိုလိမ့်မယ်ထင်ပါတယ်။ ဒီလိုပါ။ ကျွန်တော်ကြားနေရတဲ့ အသံတွေက တစ်သံတည်းမဟုတ်ပါဘူး။ တစ်ယောက်တစ်ပေါက် ပြောနေကြတဲ့အတွက် အသံပေါင်းစုံ ရောနှောထားတဲ့ အသံအစုအပေါင်းကြီးလို့ ပြောရမယ်ထင်ပါတယ်။ ဥပမာ ပေးရရင် သံတိုသံစ ပေါင်းစုံကို စက်နဲ့ရောကြိတ်ပြီး အလုံးကြီးဖြစ်အောင် လုပ်လိုက်သလို ခုလည်း အဲဒီအသံပေါင်းစုံဟာ စုပေါင်း ရောနှောလုံးထွေးပြီး အသံအစိုင်အခဲကြီးအဖြစ် ပေါင်းစည်းကာ ကျွန်တော့်နားပေါက်ထဲ တိုးဝင်လာသလိုပါပဲ။ ကျွန်တော်တို့နားတွေဟာ ခုလို အသံမျိုးစုံ ရောနှောပေါင်းစပ်ထားတဲ့ အသံတွေစုပြုံတိုးဝင်လာတဲ့အခါ ဘယ်အသံကတော့ ဘာကိုဆိုလိုတာ၊ ဘယ်အသံကတော့ ဘာကိုပြောချင်တာဆိုပြီး တစ်သံချင်း ခွဲထုတ်ပေးနိုင်တဲ့ ကိရိယာမျိုး မတပ်ထားပါဘူး။ ဒါကြောင့် ကျွန်တော့်နားဟာ လုံးထွေးနေတဲ့ အသံအစိုင်အခဲကြီးကို သူ့အတိုင်းပဲ လက်ခံယူလိုက်ပါတယ်။ အဲဒီတော့ နောက်ဆုံးရလဒ်ဟာ ဆူညံနေတဲ့ အသံအစုအဝေးကြီးရဲ့ ပဲ့တင်သံကို ကျွန်တော့်နားက လက်ခံသိမ်းပိုက်လိုက်ရတယ် ဆိုတာပါပဲ။

ကျွန်တော်ဟာ နားထဲတိုးဝင်လာသမျှ အသံတိုင်းကို သေသေချာချာ စူးစိုက်နားထောင်ကြည့်ပါတယ်။ ဘာမှမထူးခြားပါဘူး။ ဘာမှန်းမသိတာက ဘာမှန်းမသိတာပါပဲ။ အဓိပ္ပာယ်ဖော်မရတာက အဓိပ္ပာယ်ဖော်မရတာပါပဲ။ ကျွန်တော်သိတာကတော့ ကျွန်တော့်နားထဲမှာ ဆူညံပေါက်ကွဲနေတဲ့ အသံလုံးကြီးဆိုတာပါပဲ။ အသံလုံးကြီးကလွဲလို့ တခြားအဓိပ္ပာယ်ကို ဘယ်လိုမှဖော်မရပါဘူး။ ဆူညံသံမှလွဲပြီး အခြားဘာအဓိပ္ပာယ်မှ မရှိပါဘူး။ ကျွန်တော်ဟာ အသံကို မျက်စိနဲ့ မမြင်ရပေမယ့် အကြားအာရုံနဲ့ ပုံဖော်ကြည့်တဲ့အခါ တော်တော်ကြီးတဲ့ အသံလုံးကြီးပါလားလို့ မှတ်ချက်ချမိပါတယ်။ အဲဒီ ဧရာမအသံလုံးကြီးဟာ ကျွန်တော့်နားထဲကို တစ်လုံးပြီးတစ်လုံး ဆက်တိုက် တိုးဝင်လာနေပါတော့တယ်။ ကျွန်တော်ဟာ နားထဲဝင်လာတဲ့ အသံလုံးကြီးရဲ့ဒဏ်ကို လှိမ့်ခံနေရပါတော့တယ်။ လှိုင်းတွေဟာ တစ်လုံးပြီးတစ်လုံး ကမ်းခြေကို လာရောက် ရိုက်ခတ်သလိုပဲ အဲဒီအသံလုံးကြီးဟာ တစ်လုံးပြီးတစ်လုံး ကျွန်တော့်နားစည်ကို လာရောက် ရိုက်ခတ်နေကြပါတယ်။

ကျွန်တော်ဟာ အသံလုံးကြီးရဲ့ ဒဏ်ကို လူးလှိမ့်ခံစားရင်း ဘေးဘီဝဲယာကို ငဲ့စောင်းကြည့်မိပါတယ်။ ကျွန်တော့် ပတ်ပတ်လည်မှာ အသံထွက်ကိရိယာတွေ အများကြီးပါပဲ။ အသံလုံးကြီးရဲ့ ရင်းမြစ်တွေ အများကြီးပါပဲ။ အသံလှိုင်းတွေရဲ့ မြစ်ဖျားခံရာတွေ အများကြီးပါပဲ။ ကျွန်တော်ဟာ အသံထွက်ပေါက်တွေကို လိုက်ကြည့်ပါတယ်။ အဲဒီ အသံထွက်ပေါက်တွေ ဖွင့်လိုက်၊ ပိတ်လိုက် မနားတမ်း အလုပ်လုပ်နေကြပါတယ်။ ဖွင့်လိုက်တိုင်း အသံတွေ ထွက်ကျလာတယ်။ နောက် ပိတ်သွားတယ်။ ပြီး ပွင့်လာတဲ့အခါ အသံတွေ ထွက်ကျလာပြန်တယ်။ ဘယ်တော့မှ မကုန်ဆုံးနိုင်တော့ဘူးလို့ ထင်ရတဲ့အသံတွေ။ ဟိုအပေါက်ကလည်းထွက် ဒီအပေါက်ကလည်းထွက်။ ဟောဟို အပေါက်ကလည်းထွက်။ အဲဒီ ထွက်လာသမျှ အသံတွေဟာ ပြင်ပလေထဲ ရောက်ရှိသွားတဲ့အခါ ပေါင်းစည်းသွားကြပါတယ်။ နောက် အဖျော်စက်ထဲထည့်ကာ အမွှေခံလိုက်ရတဲ့ သစ်သီးတွေလိုပဲ အသံတွေဟာ ပျော်ဝင်ပေါင်းစပ်ပြီး မူလအသံတွေ ပျောက်ကာ အသံသစ်ဘ၀ ရောက်သွားပါတော့တယ်။ တစ်နည်းပြောရရင် အသံအချင်းချင်း ရောနှောပေါင်းစပ်ထားတဲ့ အသံဖျော်ရည်တစ်ခွက်ပေါ့လေ။

ကျွန်တော်ဟာ အဲဒီအသံဖျော်ရည်ကို တစ်ခွက်ပြီးတစ်ခွက် မော့သောက်နေရတာနဲ့ တူပါတယ်။ သို့သော် ခက်နေတာက ဘာအရသာမှမရှိတဲ့ အသံဖျော်ရည်ကို သောက်နေရတာပါပဲ။ ပိုဆိုးတာက မသောက်ချင်ဘဲ ကြိတ်မှိတ်မျိုချနေရတာပါပဲ။ ဘာအဓိပ္ပာယ်မှ မရှိတဲ့ ဖျော်ရည်တစ်ခွက်ပါပဲ။ တကယ်တော့ ဆူညံခြင်းအရသာမှတစ်ပါး အခြားမရှိတဲ့ ဖျော်ရည်တစ်ခွက်ပါပဲ။ ကြည့်စမ်း ကျွန်တော်အခုမှ အထိတ်တလန့် ပြန်စဉ်းစားမိပါတယ်။ ကျွန်တော်ဟာ အဲဒီအဓိပ္ပာယ်မဲ့ ဖျော်ရည်ကို သောက်လာခဲ့တာ ဘယ်လောက်တောင် ကြာမြင့်ခဲ့ပြီလဲ။ နေ့စဉ်နဲ့အမျှ ကျွန်တော်မော့သောက်ခဲ့မိတဲ့ အဲဒီဖျော်ရည်တွေ ဘယ်နှခွက်တောင် ရှိခဲ့ပြီလဲ။ ကျွန်တော်ဟာ အဲဒီဖျော်ရည်တွေကို မသောက်ချင်လည်း သောက်။ သောက်ချင်လည်းသောက်။ သောက်မှန်းမသိ သောက်။ သောက်မှန်းသိသိနဲ့ သောက်။ အဲဒီလိုပုံစံမျိုးစုံနဲ့ သောက်ခဲ့မိမှာ သေချာပါတယ်။ ခုလည်း ကျွန်တော်ဟာ အသံဖျော်ရည်တွေကို တစ်ခွက်ပြီးတစ်ခွက် အဆက်မပြတ် သောက်မိလျက်သား ဖြစ်နေပါတယ်။

ကြာလာတော့ ကျွန်တော်ဟာ ဘာနဲ့တူ သလဲဆိုတော့ အသံမြစ်ထဲ စီးဆင်းနေတဲ့ လူတစ်ယောက်နဲ့ တူနေပါတယ်။ အဲဒီ အသံမြစ်ထဲမှာ ကျွန်တော်ဟာ မြုပ်သွားလိုက် ပြန်ပေါ်လာလိုက်နဲ့ပေါ့။ ကျွန်တော်ဟာ အသံမြစ်ထဲ စုံးစုံးမြုပ်သွားလိုက်။ နောက် အသံမြစ်ထဲကနေ တိုးထွက်ပြီး ခေါင်းလေးဖော်ကာ အသက်ရှူလိုက်။ တစ်ဖန် ဟိုးအဝေးကနေ လိမ့်လာတဲ့ အသံလှိုင်းတွေက ရိုက်ချလို့ ပြန်မြုပ်သွားလိုက်နဲ့။ အသံမြစ်ကြောင်းတစ်လျှောက် ကျွန်တော်ဟာ အဲဒီလိုမျိုး စီးဆင်းသွားနေပါတော့တယ်။ ပြောရရင် ကျွန်တော်ဟာ အသံမြစ်ထဲမှာ ကူကယ်ရာမဲ့နေပါတယ်။ ကျွန်တော့်ကို ကယ်တင်မယ့်လူ မရှိပါဘူး။ အံ့သြဖို့ကောင်းတာက ကျွန်တော်ဟာ အဲဒီ အသံမြစ်ထဲမှာ အသက်ရှူရပ်ပြီး သေဆုံးမသွားသေးတာပါပဲ။ အခုလို ဆူညံနေတဲ့ အသံလှိုင်းတွေ ကြားထဲမှာ အသက်ရှင် ရပ်တည်နိုင်နေသေးတဲ့ ကျွန်တော့်ကိုယ်ကျွန်တော်လည်း အံ့သြမိပါတယ်။ ဒါနဲ့ ကျွန်တော် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်တဲ့အခါ ကျွန်တော့်လိုပဲ အသက်ရှင်နေဆဲလူတွေကို တွေ့ရပါတယ်။ သူတို့အားလုံးလည်း ကျွန်တော့်လိုပါပဲ။ သို့သော် ကွာခြားချက်တော့ ရှိပါတယ်။ ကျွန်တော်က အသံတိတ်နေသလောက် သူတို့က အသံတွေ ထုတ်လွှင့်နေကြပါတယ်။ သူတို့ ပါးစပ်ပေါက်တွေဟာ တံခါးရွက်တွေလိုပါပဲ။ ဖွင့်လိုက် ပိတ်လိုက်။ ပြန်ဖွင့်လိုက် ပြန်ပိတ်လိုက်နဲ့။ သူတို့ကို ကြည့်ရတာဟာ အသံထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ တူပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ဟာ အသံထုတ်စက်ရုံတွေကြားထဲ ရောက်နေပါတယ်။ အသံထုတ် ကိရိယာတွေကြားထဲ ရောက်နေတာနဲ့ တူပါတယ်။ ဘာလို့လဲဆိုတော့ အသံထုတ်ကိရိယာတွေဟာ အသံတွေကို ပြန်နားထောင်ဖို့မလိုသလို အသံတွေကို နားလည်ဖို့၊ အဓိပ္ပာယ်ဖော်ဖို့လည်း မလိုပါဘူး။ အရေးကြီးတာ အသံတွေကို အချိန်နဲ့အမျှ ထုတ်လွှင့်နေဖိုပါပဲ။

ဒါကြောင့်လည်း ကျွန်တော့်ပတ်ပတ်လည်က အသံထွက်ကိရိယာတွေဟာ ကိုယ့်အသံကိုယ် ပြန်နားမထောင်ဘဲ ကိုယ့်အသံကိုယ် အဓိပ္ပာယ်မဖော်ကြတော့ဘဲ အသံတွေသာ ထုတ်ပေးနေကြပါတော့တယ်။ ဒါကြောင့် သူတို့ဆီက ထွက်လာတဲ့အသံဟာ သူတို့အတွက် ဆူညံသံလို့ မထင်ကြတာပေါ့။ အဲဒီအသံတွေက သူတို့အတွက် ဒုက္ခတစ်ခု၊ ရောဂါတစ်မျိုးလို့ မထင်ကြတာပေ့ါ။ သူတို့အသံတွေဟာ ပတ်ဝန်းကျင်အတွက် ‘ညစ်ညမ်းမှု’ လို့ မထင်မှတ်ကြတာပေ့ါ။ အဲဒီလို မထင်မှတ်ကြလို့လည်း အဆက်မပြတ်အသံတွေ ထုတ်လွှင့်နေနိုင်ကြတာပေ့ါ။ တကယ်တော့ သေချာကြည့်ပြီးတွေးလေ သူတို့ဟာ လူတွေနဲ့ မတူလေလေပါပဲ။ လက်စသတ်တော့ ကြည့်စမ်း လူသားရယ်လို့ ကျွန်တော်တစ်ယောက်တည်း ရှိတာပါလား။ ဟောဒီ ပတ်ဝန်းကျင်မှာ အသံမထွက်တဲ့အရာဆိုလို့ ကျွန်တော် တစ်ဦးတည်း ရှိနေပါလား။ ကျွန်တော်ဟာ တဖြည်းဖြည်းနဲ့ ကြောက်ရွံ့လာမိပါတယ်။ ကျွန်တော်ဟာ နေရာမှားပြီး ရောက်နေတဲ့ လူတစ်ယောက်နဲ့ တူပါတယ်။ ကျွန်တော်ဟာ အသံထွက်တဲ့ အရာတွေကြားထဲမှာ သင်းကွဲတစ်ကောင်လို ကျွန်တော်ခံစားနေရပါတယ်။ ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် ဘာလုပ်သင့်သလဲ။ ဟောဒီ ပတ်ဝန်းကျင်ကနေ အမြန်ဆုံး ပြေးထွက်သွားရမလား။ လောလောဆယ် ကျွန်တော်ဘယ်မှ ပြေးထွက်လို့မရပါဘူး။ အဲဒီအသံပေါင်းစုံက ကျွန်တော့်ကို ဝိုင်းဝန်းပိတ်ဆို့လို့ စည်းကာထားကြပါတယ်။ အဲဒီအတွက် ကျွန်တော် အကူအညီတောင်းဖို့ လိုနေပါတယ်။

ကျွန်တော်တစ်ခုခုလုပ်မှ ဖြစ်တော့မယ်။ ဒါကြောင့် ကျွန်တော့်ပါးစပ်ကို ဖွင့်ဟလိုက်ပါတယ်။ အသံကုန်ညှစ်ကာ ကျွန်တော် အော်လိုက်ပါတယ်။ ‘ကယ်ကြပါဦးဗျို့’ ဟူသော အသံဟာ ပြင်ပလောကထဲသို့ ထိုးထွက်မလာနိုင်ဘဲ ကျွန်တော့်လည်ချောင်းထဲမှာပင် လဲကျ သေဆုံးသွားပါတယ်။

Most Read

Most Recent