ပရီးမီးယားလိဂ်ပွဲစဉ်(၁) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၁) ပွဲကြိုသုံးသပ်ချက်
Published 12 August 2017

ဝက်ဖို့ဒ်နှင့် လီဗာပူးလ်တို့ ပြီးခဲ့သည့်ရာသီက တွေ့ဆုံခဲ့စဉ်(Photo:AFP)

■ ဝက်ဖို့ဒ် နှင့် လီဗာပူးလ် (၁၂-၈-၂၀၁၇ ညနေ ၆ နာရီ)

လီဗာပူးလ်က ရာသီကြိုမှာ တောက်လျှောက်ခြေစွမ်းပြခဲ့တယ်။ အသင်းရဲ့ တိုက်စစ်ပိုင်းကလည်း ခြေစွမ်းပြနေတယ်။ ဝက်ဖို့ဒ်နည်းပြသစ် မာကိုဆေလ်ဗား က ဟားလ်စီးတီး ကိုင်တွယ်စဉ် မနှစ်က လီဗာပူးလ်ကို (၂-ဝ)နဲ့အနိုင်ကစားဖူးတယ်။ ဒါပေမဲ့ လက်ရှိအသင်းက တည်ဆောက်ဆဲပါ။ လီဗာပူးလ်ပဲနိုင်မယ်။

■ ချယ်လ်ဆီး နှင့် ဘန်လေ (၁၂-၈-၂၀၁၇ ည ၈း၃၀ နာရီ)

မိုက်ကယ်ကင်း ထွက်သွားတဲ့ ဘန်လေရဲ့ခံစစ်ပိုင်းက ပြန်လည်အားဖြည့်မှုတွေ လုပ်ထားပေမယ့် အထိုင်ငြိမ်၊ မငြိမ်ပြဿနာရှိတယ်။ ကစားရမှာက ရာသီကြိုမှာ ရလဒ်တွေဆိုးနေလို့ ပြန်ပေါက်ကွဲပြမယ့် ချယ်လ်ဆီးအသင်းရဲ့ ကွင်း၊ ချယ်လ်ဆီးအသင်း ဂိုးတွေဆက်တိုက်သွင်းလိမ့်မယ်။

■ ခရစ္စတယ်ပဲလေ့စ် နှင့် ဟတ်ဒါဖီးလ် (၁၂-၈-၂၀၁၇ ည ၈း၃၀ နာရီ)

ပဲလေ့စ်ရဲ့လူစာရင်းက အပြောင်းအလဲ သိပ်မရှိပေမယ့် တောင့်တင်းပြီးသားပါ။ လော့ဖ်တက်ချိခ်ကို အားဖြည့်လိုက်လို့လည်း ပိုကောင်းသွားနိုင်တယ်။ ဖရန့်ဒီဘိုးဝါးရဲ့အသင်းကိုစောင့်ကြည့်ရမှာဖြစ်ပြီး ဟတ်ဒါဖီးလ်ကတော့ အားနည်းချက်တွေရှိနေပါတယ်။ ပဲလေ့စ် အနိုင်ရလိမ့်မယ်။

■ အဲဗာတန် နှင့် စတုတ်စီးတီး(၁၂-၈-၂၀၁၇ ည ၈း၃၀ နာရီ)

ငွေအများကြီးသုံးထားပေမယ့် အဲဗာတန်ရဲ့ တကယ့်လိုအပ်ချက်က တိုက်စစ်ပိုင်းဖြစ်နေတယ်။ ရွန်နီက တိုက်စစ်မှူးစစ်စစ်အနေနဲ့ လူကာကူလိုအနေအထားမျိုး မရှိနိုင်ဘူး။ ဘာကလေကိုလည်း အဲဗာတန်မသုံးဘူး။ အသင်းက အားနည်းနေပါသေးတယ်။ မထင်မှတ်ဘဲ သရေကျသွားနိုင်တယ်။

■ ဆောက်သမ်တန် နှင့် ဆွမ်ဆီး(၁၂-၈-၂၀၁၇ ည ၈း၃၀ နာရီ)

အနာဂတ်မရေမရာဖြစ်နေတဲ့ ဗန်ဒိုက်မကစားနိုင်ဘူး။ စတီဖင်စ်ပဲ ကစားဖို့များတယ်။ ယိုရှီဒါနဲ့တွဲမယ်။ ဆောက်သမ်တန်ရဲ့ ပြင်ဆင်မှုက အားရစရာသိပ်မရှိဘူး။ ဆွမ်ဆီးကလည်း ဆီဂတ်ဒ်ဆန်၊ လော်ရန်တေးတို့ကစားဖို့မရှိဘူး။ လက်ရှိအနေအထားအရတော့ ဆောက်သမ်တန်နိုင်ဖို့များပါတယ်။

■ ဝက်စ်ဘရွန်း နှင့် ဘုန်းမောက်(၁၂-၈-၂၀၁၇ ည ၈း၃၀ နာရီ)

ဝက်စ်ဘရွန်းက ဂျေးရိုဒရီဂွက်ဇ်လောက်ကိုပဲ အဓိက ခေါ်ယူမှုပြုလုပ်ထားတယ်။ ဖလက်ချာ ထွက်သွားတယ်။ အသင်းက မနှစ်ကအသင်းပုံစံပဲဖြစ်နေမယ်။ ဘုန်းမောက်က ဒီဖိုး၊ နာသန်အကီ၊ ဘီဂိုဗစ်တို့အားဖြည့်ထားတယ်။ အသင်းက ပိုကောင်းလာနိုင်ခြေလည်းရှိတယ်။ ဘုန်းမောက်သရေကစားနိုင်ပါတယ်။

■ ဘရိုက်တန် နှင့် မန်စီးတီး(၁၂-၈-၂၀၁၇ ည ၁၁:၀၀ နာရီ)

တန်းတက် ဘရိုက်တန်အသင်းနဲ့ ပွဲမှာ မန်စီးတီး အမှားခံ မှာ မဟုတ်ပါဘူး။ ခံစစ်က ဖိအားမဲ့အခြေအနေမျိုးမှာ တိုက်စစ် က ခြေစွမ်းပြတတ်တဲ့ မန်စီးတီးအတွက် ဒီပွဲက ဂိုးများများသွင်း တဲ့ ပွဲတစ်ပွဲလည်း ဖြစ်လာနိုင်တယ်။ ဘရိုက်တန်အသင်း ပရီးမီး ယားလိဂ်ရဲ့ ရှုံးပွဲအရသာကို စတင်မြည်းစမ်းကြည့်ရလိမ့်မယ်။

Most Read

Most Recent