၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ်ကို ပြီးခဲ့တဲ့ သောကြာနေ့က အာဆင်နယ်-လက်စတာပွဲနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ကျန်ကိုးပွဲကို စနေ၊ တနင်္ဂနွေနေ့တွေမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ချယ်လ်ဆီးက အိမ်ကွင်းမှာ ဘန်လေအသင်းကို လက်ခံကစားရမှာဖြစ်တာကြောင့် နိုင်ပွဲနဲ့ တာထွက်ဖို့ များနေပါတယ်။ ရေပန်းအစားဆုံး မန်စီးတီးကလည်း တန်းတက် ဘရိုက်တန်အသင်းနဲ့ ဆုံတွေ့နေပြီး အဖွင့်လှဖို့များပါတယ်။ အသင်းကြီးတွေထဲမှာ မန်ယူကတော့ ခြေစွမ်းမာကျောတဲ့ ဝက်စ်ဟမ်းနဲ့ ဆုံတွေ့နေပြီး ပွဲအကျပ်ဆုံးဖြစ်နေတယ်လို့ ဆိုရမှာပါ။
■ ဝက်ဖို့ဒ် နှင့် လီဗာပူးလ် (၁၂-၈-၂၀၁၇ စနေ ညနေ ၆း၀၀)
ယမန်နှစ်ရလဒ် >>> ဝက်ဖို့ဒ် ဝ-၁ လီဗာပူးလ်
ဝက်ဖို့ဒ်က အားနည်းတဲ့ တိုက်စစ်ပိုင်းအတွက် အန်ဒီဂရေးကို ခေါ်ယူအားဖြည့်လိုက်တယ်။ ဒါပေမဲ့ အစဉ်အလာအရ လီဗာပူးလ်နဲ့တွေ့တိုင်း ရုန်းကန်ရလေ့ရှိပြီး နောက်ဆုံး ခြောက်ပွဲတွေ့ဆုံမှုမှာ ဝက်ဖို့ဒ်သွင်းဂိုး နှစ်ဂိုးပဲ ရှိခဲ့တာပါ။ လီဗာပူးလ် ချန်ပီယံလိဂ် ခြေစစ်ပွဲရှိပေမယ့် သုံးမှတ်ပြည့်ယူနိုင်မှာပါ။
■ ချယ်လ်ဆီး နှင့် ဘန်လေ (၁၂-၈-၂၀၁၇ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် >>> ချယ်လ်ဆီး ၃-၀ ဘန်လေ
ဟာဇက်၊ ဘာကာယိုကိုတို့ ဒဏ်ရာရနေသလို၊ မိုဆက်စ်လည်း ပွဲပယ်ခံထားရတာကြောင့် ချယ်လ်ဆီး တင်းပြည့်ကျပ်ပြည့်ရှိ မနေဘူး။ ဒါပေမဲ့ ဘန်လေက အဝေးကွင်းညံ့သလို၊ အဓိက,ကစားသမားတွေကို ရောင်းထုတ်ပြီး အားနည်းသွားပါတယ်။ ချယ်လ်ဆီး ဂိုးမပြတ်ဘဲ အနိုင်ရသွားဖို့ များပါတယ်။
■ ခရစ္စတယ်ပဲလေ့စ် နှင့် ဟတ်ဒါဖီးလ် (၁၂-၈-၂၀၁၇ စနေ ည ၈း၃၀)
နောက်ဆုံးရလဒ် >>> ပဲလေ့စ် ၁-၁ ဟတ်ဒါဖီးလ်
နွေရာသီ ပြင်ဆင်မှုကောင်းတဲ့ ဟတ်ဒါဖီးလ်ကို ပဲလေ့စ် သတိထားရမယ်။ ပဲလေ့စ် နည်းပြသစ် ဖရန့်ဒီဘိုးဝါးရဲ့ ကစားကွက်သစ်၊ နည်းဗျူဟာသစ်တွေ အသင်းနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ အချိန်ယူရမှာပါ။ တန်းတက် ဟတ်ဒါဖီးလ် အဝေးကွင်းမှာ တစ်မှတ်ခွဲ ယူသွားနိုင်ခြေ ရှိပါတယ်။
■ အဲဗာတန် နှင့် စတုတ်စီးတီး (၁၂-၈-၂၀၁၇ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် >>> အဲဗာတန် ၁-၀ စတုတ်စီးတီး
အဲဗာတန်က ပေါင်သန်း ၁၀၀ နီးပါး သုံးစွဲပြီး အသင်းကို အားသစ်လောင်းထားတယ်။ ကစားသမားသစ်တွေကိုလည်း ယူရိုပါလိဂ်ခြေစစ်ပွဲမှာ စမ်းသပ်ခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲအတွက် အဆင်သင့် ဖြစ်နေနိုင်ပါတယ်။ ပြင်ဆင်မှု အားနည်းလှတဲ့ စတုတ်စီးတီး သရေတောင် မရနိုင်ပါဘူး။
■ ဆောက်သမ်တန် နှင့် ဆွမ်ဆီး (၁၂-၈-၂၀၁၇ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် >>> ဆောက်သမ်တန် ၁-၀ ဆွမ်ဆီး
အသင်းက ထွက်ခွာခွင့်တောင်းဆိုတဲ့ ဗန်ဒိုက်ကြောင့် ဆောက်သမ်တန် မတည်မငြိမ် ဖြစ်နေသလို၊ ဆွမ်ဆီးကလည်း ဆီဂတ်ဒ်ဆန် ထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် အားနည်းသွားပါတယ်။ စုဖွဲ့မှုသာသလို၊ အိမ်ရှင်လည်းဖြစ်နေတဲ့ ဆောက်သမ်တန် အနိမ့်ဆုံး သရေကစားနိုင်မှာပါ။
■ ဝက်စ်ဘရွန်း နှင့် ဘုန်းမောက် (၁၂-၈-၂၀၁၇ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် >>> ဝက်စ်ဘရွန်း ၂-၁ ဘုန်းမောက်
ဂျေးရိုဒရီဂွက်ဇ် ရောက်လာရုံနဲ့ ဝက်စ်ဘရွန်းရဲ့ တိုက်စစ်အားနည်းတဲ့ ပြဿနာက ပြေလည်သွားမယ်မထင်ဘူး။ ဘုန်းမောက်ကတော့ နေရာစုံမှာ တောင့်တင်းလာပြီး အသင်းလိုက် ဟန်ချက်ညီလာပါတယ်။ ဒီဖိုးနဲ့ ဂျိူရှူအာကင်း တိုက်စစ်အတွဲကို မျှော်လင့်ကြည့်ချင်လို့ ဘုန်းမောက်ကို ရွေးလိုက်တယ်။
■ ဘရိုက်တန် နှင့် မန်စီးတီး (၁၂-၈-၂၀၁၇ စနေ ည ၁၁း၀၀)
နောက်ဆုံးရလဒ် >>> ဘရိုက်တန် ၂-၁ မန်စီးတီး
ပရီးမီးယားလိဂ်ကို ပထမဆုံးတန်းတက်လာတဲ့ ဘရိုက်တန်က ရေပန်းအစားဆုံး မန်စီးတီးအသင်းနဲ့ ပွဲဦးထွက်မှာ ဆုံတွေ့နေတာ ကံဆိုးပါတယ်။ ပေါင်သန်း ၂၀၀ ကျော် သုံးစွဲပြီး ဒီရာသီကို အများကြီးမျှော်လင့်ထားတဲ့ မန်စီးတီး ဒီပွဲမှာ အမှားအယွင်း မရှိနိုင်ပါဘူး။ မန်စီးတီး ဂိုးပြတ်နိုင်မှာပါ။
■ နယူးကာဆယ် နှင့် စပါး (၁၃-၈-၂၀၁၇ တနင်္ဂနွေ ည ရး၀၀)
နောက်ဆုံးရလဒ် >>> နယူးကာဆယ် ၅-၁ စပါး
တန်းတက် နယူးကာဆယ်က ပရီးမီးယားလိဂ် အတွေ့အကြုံများပေမယ့် အဆင့်မီ ကစားသမားနည်းတယ်။ ဘင်နီတက်ဇ်တောင် နှစ်မကူးခင် ထုတ်ပယ်ခံရနိုင်တယ်လို့ သုံးသပ်နေကြတယ်။ နယူးကာဆယ်က စပါးကို ဒုက္ခပေးတတ်ပေမယ့် စုဖွဲ့မှုချင်း အရမ်းကွာလို့ စပါးကိုပဲ ကြိုက်ပါတယ်။
■ မန်ယူ နှင့် ဝက်စ်ဟမ်း (၁၃-၈-၂၀၁၇ တနင်္ဂနွေ ည ၉း၃၀)
ယမန်နှစ်ရလဒ် >>> မန်ယူ ၁-၁ ဝက်စ်ဟမ်း
ကြားရက်မှာ ကစားခဲ့တဲ့ ဥရောပစူပါ ဖလားမှာ ရှုံးနိမ့်ခဲ့တဲ့ မန်ယူအသင်း ဒီပွဲမှာထပ်ပြီး ခြေချော်ရင် ဖိအားများသွားမှာပါ။ ဝက်စ်ဟမ်းက ခြေစွမ်းမာကျောပြီး ဟာနန်ဒက်ဇ်၊ ဇာဘလက်တာတို့ကိုလည်း ခေါ်ယူထားတာကြောင့် မန်ယူ ပေါ့ဆလို့ မရပါဘူး။ မန်ယူ ကပ်နိုင်ဖို့ပဲ များပါတယ်။