ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြောက်ဘက် လူသူနှင့် အလွန်ဝေးကွာသည့် အမှိုက်ပြန်လည်သန့်စင်ရုံ (အမှိုက်ရုံ) သို့ လူကုန်ကူးခံရသူ မြန်မာနှင့် လာအိုနိုင်ငံသား ၃၅ ဦးအား ထိုင်းအစိုးရနှင့် MAT အဖွဲ့ ပူးပေါင်းကယ်တင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့် အကွာတွင်ရှိသော လက်လွန်ကယောက်နယ်မြေ၊ မြို့ရွာများနှင့် အလှမ်းကွာဝေးသော လယ်တောစပ်တွင် တည်ရှိသည့် ပလပ်စတစ် ပြန်လည်သန့်စင်သည့် အလုပ်ရုံတွင် ရောင်းစားခံထားရသည့် မြန်မာနိုင်ငံသား အမျိုးသား ငါးဦး၊ အမျိုးသမီး ခုနစ်ဦးနှင့် ခြောက်နှစ်အရွယ် ကလေးတစ်ဦး၊ လာအိုနိုင်ငံသား ၂၂ ဦးအား ထိုင်းလူကုန်ကူး တိုက်ဖျက်ရေး DSI နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ ပူးပေါင်းပြီး သြဂုတ် ၁၁ ရက်၊ မွန်းလွဲက ကယ်တင်လိုက်ခြင်းဖြစ်ကြောင်း MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောကြားသည်။
“ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးထောက်လှမ်းရေး အရာရှိ Pol. Maj. Jatuporn Arunleaktawin Chief of Prevention and Suppression Div. 2 Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice တို့ ဦးဆောင်ပြီး ထိုင်းအစိုးရ လူကုန်ကူး တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့တို့နဲ့အတူ ပူးပေါင်းကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဦးကျော်သောင်းက ပြောကြားသည်။
ယင်းသို့ လူကုန်ကူးခံရသူများအား ပြန်လည်ကယ်တင်ရန်အတွက် ပလပ်စတစ်ပြန်လည်သန့်စင်စက်ရုံသို့ ရောင်းစားခြင်း ခံရသည့်ဇနီးမောင်နှံနှစ်ဦးက သြဂုတ် ၈ ရက်က MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းထံသို့ ဖုန်းဆက်သွယ်၍ အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လူကုန်ကူးခံရသူ၊ ရောင်းစားခံရသူများမှာ ပွဲစားများ၏ စကားကို အယုံလွယ်ပြီး တရားဝင် အလုပ်လုပ်ရမည်ဟုဆိုကာ ဘတ် ၁၀၀၀၀ ပေးပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူများ ပါဝင်ကြောင်း သိရသည်။ လူကုန်ကူးခံရသူ တစ်ဦး၏ ပြောပြချက်များအရ ၎င်းတို့သည် မော်လမြိုင်မှတစ်ဆင့် ရေးသို့၊ ထိုမှတစ်ဆင့် ထားဝယ်သို့၊ ထားဝယ်မှ တစ်ဆင့် ထီခိသို့ ပို့သည်။ နယ်စပ်အလည် ဗီဇာစာရွက်လုပ်၍ ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် နာရီဝက်ခန့် မောင်းသွားပြီးနောက် တောင်ပေါ်တွင် ဘုရားများရှိသည့် နေရာနှင့် မလှမ်းမကမ်းနေရာတစ်ခု လူကုန်ကူးခံရသူ မြန်မာပေါင်း ရာချီ၍ရှိသည့် နေရာသို့ ရောက်ရှိလာခဲ့သည်ဟုဆိုကြောင်း ဦးကျော်သောင်းက ပြောကြားသည်။
အဆိုပါ ပလပ်စတစ် ပြန်လည်သန့်စင်သည့် အလုပ်ရုံတွင် လွန်ခဲ့သော ၂၀၁၃ ခုနှစ် ကလည်း လူကုန်ကူးခံနေရသည့် မြန်မာအလုပ်သမား ၂၆ ဦး (ကျား ၁၀ ဦး + မ ၁၆ ဦး) နောက်တိုးနှစ်ဦး လာအို ၂၄ ဦး (ကျား ၄ ဦး + မ ၂၀) စုစုပေါင်း ၅၂ ဦးအား ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ နိုင်း MAT တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့သည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက “ထိုင်းနိုင်ငံမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ရတာ ပိုမို ခက်ခဲလာတယ်။ လူကုန်ကူးခံရသူတွေရဲ့ အချက်အလက်တွေနဲ့ လူကုန်ကူးမှု ဖြစ်နေတဲ့ နေရာတွေကို ကျွန်တော်တို့ အတိအကျ တင်ပြပြီးတော့၊ မြန်မာသံရုံးက အကူအညီတောင်းခံစာပါမှ လုပ်ပေးတာမျိုး၊ တရားရုံးက ဝရမ်းရမှ လူကုန်ကူးမှု ဖြစ်နေတဲ့ နေရာကို စီးနင်းဝင်ရောက်တာတို့ လုပ်ပါတယ်။ ထားဝယ်ထီခိလမ်းကြောင်းဟာ ထိုင်း၊ မလေး၊ အင်ဒိုနီးရှားတို့အထိ မြန်မာလူကုန်ကူးဂိုဏ်းနဲ့ ထိုင်းလူကုန်ကူးဂိုဏ်းတွေ ဖမ်းမိတာပဲ။ ကျွန်တော်တို့ ရရှိတဲ့ အချက်အလက်တွေကို နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့နဲ့ DSI တို့ကို ကျွန်တော်တို့ အချက်အလက်တွေနဲ့ တင်ပြဖူးပါတယ်။ မလုပ်ကြသေးဘူး” ဟု ဆိုသည်။
ကိုရွှေသိန်း