လက်ထဲက ပိုက်ဆံကို ကြည့်ရင်း မကြည်ကြည်လှိုင် သက်ပြင်းရှည်ကြီး ချမိသည်။ ယခုလတွင် အလုပ်ပါးသည့်အတွက် လခနှင့် OT ပေါင်းမှ လခက နှစ်သိန်းမပြည့်ချင်။ သူ့အတွက် တစ်လစာ သုံးငွေ ငါးသောင်းကိုဖယ်ပြီး ကျန်သည့်ငွေ တစ်သိန်းခွဲခန့်ကို ရွာမှ မိဘနှစ်ပါးအတွက် ဆေးဖိုးနှင့် စားစရိတ် လွှဲပေးရန် ဘဏ်သို့ ခြေဦးလှည့်ခဲ့သည်။
မကြည်ကြည်လှိုင်သည် ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ကညွှတ်ကုန်း ကျေးရွာသူဖြစ်ပြီး မွေးချင်းမောင်နှမ သုံးယောက်အနက် အငယ်ဆုံးသမီးလည်း ဖြစ်သည်။ အကြီးနှစ်ယောက်က အိမ်ထောင်ကျသွားသဖြင့် ကျန်ရှိသည့် မိဘနှစ်ပါးကို သူ၏ လုပ်ခလစာလေးဖြင့် ရှာဖွေကျွေးမွေး နေသူလည်း ဖြစ်သည်။
မကြည်ကြည်လှိုင် ရန်ကုန်သို့ ရောက်ခဲ့သည်မှာ လေးနှစ်ခန့်ရှိပြီ ဖြစ်သည်။ ရန်ကုန်ရောက်သည့်နေ့မှစ၍ အထည်ချုပ် လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရင်း မိဘနှစ်ပါးကို ရှာဖွေကျွေးမွေးခဲ့သည်။ သူ၏ မိဘနှစ်ပါး အသက်အရွယ် ကြီးရင့်လာသည့်အတွက် ကျန်းမာရေးမကောင်း၊ ချူချာသည်။ ဖခင်ဖြစ်သူက နာတာရှည်ရောဂါဖြစ်ပြီး မိခင်ဖြစ်သူက မျက်လုံးခွဲထားရသည်။ တစ်လထက်တစ်လ မိဘနှစ်ပါး၏ စားစရိတ်ထက် ဆေးကုသစရိတ်ကို အလျင်မီအောင် မကြည်ကြည်လှိုင်တစ်ယောက် ဖြည့်ဆည်းပေးရသည်။
မကြည်ကြည်လှိုင်၏ အသက်မှာ ၂၅ နှစ်ဖြစ်သော်လည်း လူငယ်ပီပီ အပျော်အပါးကို မမက်အား။ လစဉ်သူသုံးဖို့ ဖယ်ထားသည့် ငွေငါးသောင်းထဲမှ အဆောင်လခနှင့် စားစရိတ်အတွက် လောက်ငအောင် မနည်းခြိုးခြံခြွေတာ၍ နေထိုင်ခဲ့သည်မှာ ရန်ကုန်ကို စရောက်ကတည်းကပင်။
အဆောင်ငှားခက တစ်လကို ငါးသောင်း။ သူငယ်ချင်းတစ်ယောက်နဲ့ စပ်တူနေထိုင်သည့်အတွက် အဆောင်ငှားခက တစ်လကို နှစ်သောင်းခွဲ ရှိနေသည်။ လစဉ် သူသုံးဖို့ ငွေငါးသောင်းက အဆောင်ငှားခနဲ့တင် နှစ်သောင်းခွဲ ပလုံသွားပြီဖြစ်သည်။ ကျန်ငွေ နှစ်သောင်းခွဲဖြင့် တစ်လလုံး သူဘယ်လိုများ ရုန်းကန်နေသနည်း။
“ညီမက တစ်လကို နှစ်သိန်းရတယ်ဆိုရင် ညီမအတွက် အဆောင်ခနဲ့ စားစရိတ်ကို ငါးသောင်းလောက်ပဲ ဖယ်ပြီး ကျန်တဲ့တစ်သိန်းခွဲကို မိဘတွေဆီပို့တယ်။ ညီမကတော့ တစ်လလုံး ငါးသောင်းနဲ့ လောက်အောင် သုံးတယ်။ ဘာလို့ဆိုတော့ အိမ်မှာက စားစရိတ်ထက် မိဘတွေရဲ့ ဆေးဖိုးက ပိုအရေးကြီးနေတော့ သူတို့ကို ပိုပြီးပေးရတာ” ဟု ဆိုနင့်စွာဖြင့် သူကဆိုသည်။
လစဉ် ငွေကြေးမလောက်ငမှုများ ရှိနေသော်လည်း သူငယ်ချင်းများ၏ ဖေးမမှုကြောင့် ယနေ့အထိ သူ့ဘဝက အဆင်မပြေမှု သံသရာထဲတွင် တဝဲလည်လည် ဖြစ်နေတုန်းပင်။
“ညီမမှ မပို့ရင်လည်း အိမ်မှာက မိဘတွေကို စောင့်ရှောက်ပြီး ကျွေးမွေးမယ့်သူက မရှိဘူး။ အခက်အခဲတွေက အများကြီးပဲ။ ပြီးရင် စားရေးသောက်ရေးအပြင် မိဘတွေရဲ့ ဆေးဖိုးဝါးခကလည်း ရှိသေးတယ်။ မိဘနှစ်ပါးစလုံးကလည်း အသက်ကြီးပြီဆိုတော့ အလုပ်က မလုပ်နိုင်ဘူး” ဟု မကြည်ကြည်လှိုင်က ဆိုသည်။
နယ်မှ မိဘနှစ်ပါး၏ စားစရိတ်နှင့် ဆေးဖိုးကို လစဉ်အလျင်မီနိုင်ဖို့ မကြည်ကြည်လှိုင်တစ်ယောက် ထမင်းတစ်နပ်ပဲ စားခဲ့ရသည့် နေ့ပေါင်းက မရေတွက်နိုင်၊ ရေသောက်ဗိုက်မှောက် အိပ်ခဲ့ရသည့် ညပေါင်းက မမှတ်မိလောက်အောင် နက်ခဲ့သည်။
ရန်ကုန်မြို့တွင် လှိုင်သာယာ၊ ရွှေလင်ပန်း၊ ရွှေပြည်သာ၊ ရွှေပေါက္ကံ၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာနှင့် တောင်ဥက္ကလာမြို့နယ်များရှိ စက်မှုဇုန်များ အပါအဝင် စက်မှုဇုန်ပေါင်း ၂၉ ဇုန်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံ ၃၅၀ ခန့်ရှိနေပြီး ဝန်ထမ်း ၂၄၀၀၀၀ ရှိတဲ့အနက် ၉၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြသည်။ အထည်ချုပ်စက်ရုံမှ အလုပ်သမား အများအပြားသည် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ လာကြသည်။
ဧရာဝတီတိုင်းဒေသကြီးသည် ၂၀၀၈ ခုနစ်တွင် နာဂစ်မုန်တိုင်းကို ဆိုးဆိုးရွားရွား ခံခဲ့ရပြီး ရခိုင်ပြည်နယ်မှာလည်း ၂၀၁၀ ခုနစ်တွင် ဂီရိမုန်တိုင်းဒဏ်ကို ခံခဲ့ရသော ဒေသဖြစ်သည်။ သိန်းနှင့်ချီသော ယင်းဒေသခံပြည်သူများ၏ အိုးအိမ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုများကြောင့် အသက်ရှင် ရပ်တည်နိုင်ရန် ရန်ကုန်မြို့က စက်မှုဇုန်များကဲ့သို့သော နေရာများတွင် လုပ်ကိုင်၍ ရွှေ့ပြောင်းအခြေချ လာခြင်းဖြစ်သည်။
ထို့ပြင် အစိုးရ၊ တပ်မတော်နှင့် ခရိုနီကြီးများ၏ စီမံကိန်းကို အကြောင်း ပြုတောင်းဆုပြည့်ခဲ့ကြသည့် အ တွက် ကျေးရွာနေပြည်သူများက သူ တို့၏ လယ်ယာမြေများကို စွန့်ခွာ၍ ရန်ကုန်မြို့သို့ ရွှေ့ပြောင်းလာခြင်း ကလည်း စက်မှုဇုန်တွင် အလုပ်လုပ်ကိုင်သူများလာရန်နှင့် ကျူးကျော် နေထိုင်မှုတွေဖြစ်လာရန်အတွက် ပင်မသွေးကြော တစ်ခုလို ဖြစ်နေသည်။
၂၀၁၅ သြဂုတ်တွင် အနည်းဆုံး အခကြေးငွေ တစ်နေ့ကျပ် ၃၆၀၀ ကို အတည်ပြုခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် အသက်ဝင်ခဲ့သော်လည်း အလုပ်သမား ၁၅ ဦးနှင့် အောက် လုပ်ငန်းငယ်များမှာ ယခုနှုန်းထားနှင့် သက်ဆိုင်ခြင်း မရှိပေ။
၂၀၁၅ စက်တင်ဘာ ၁ ရက် တွင် အနည်းဆုံးအခကြေးငွေ စတင် ကျင့်သုံးပြီးနောက်ပိုင်း လုပ်ငန်းရှင် များဘက်က အချိန်မှန်ကြေး၊ ရက်မှန် ကြေး၊ ကျွမ်းကျင်အဆင့်ဘောနပ်၊ ဆုကြေးငွေနှင့် ဖယ်ရီခများကို ရပ် ဆိုင်းလိုက်သည့်အတွက် လစာတိုး သော်လည်း ရရှိသည့်နှုန်းထားမှာမူ ယခင်အတိုင်းပင်ဖြစ်နေသည်။
ထို့ပြင် အနည်းဆုံးအခကြေး ငွေ ကျပ် ၃၆၀၀ ဟု ဆိုသော်လည်း အလုပ်သင် သုံးလအတွက် တစ်နေ့လျှင် အနည်းဆုံးအခကြေးငွေ ကျပ် ၁၈၀၀၊ အစမ်းခန့်ကာလ သုံးလအ တွက် ကျပ် ၂၇၀၀ အဖြစ် အဆင့်ခွဲ ထားသည့် စနစ်လည်း ရှိသေးသည်။ ထိုသို့ ခြောက်လလုပ်ကိုင်ပြီးမှသာ အလုပ်ရှင်ဘက်က အလုပ်ခန့်အပ် လျှင် ငွေကျပ် ၃၆၀၀ ကို စတင်ရရှိ မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် သတ်မှတ်ထားသည့် အနိမ့် ဆုံး လုပ်ခလစာသည် အမြင့်ဆုံးတွင် ရှိနေသည့် အနေအထားပင်။
ယင်းအနည်းဆုံးအခကြေးငွေ ဥပဒေသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်နှင့် မတိမ်းမယိမ်း ဖြစ်စေခဲ့သော်လည်း ကမ္ဘောဒီယား၊ ဗီယက်နမ်တို့ထက် နိမ့်ကျသောကြောင့် အာရှဒေသအတွင်း အနိမ့်ဆုံး ဖြစ်ခဲ့သည်။
ရှေ့ပြေးအသံ (Progressive Voice) ၏ ၂၀၁၆ ခုနစ် ဒီဇင်ဘာက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် တွေ့ဆုံမေးမြန်းခဲ့သည့် အထည်ချုပ် အလုပ်သမား ၉၅ ရာခိုင်နှုန်းက ပုံ မှန်အားဖြင့် တစ်ပတ်လျှင် ခြောက်ရက် အလုပ်လုပ်ကြရသည် ဟူ၍လည်းကောင်း၊ အလုပ်သမား ၈၈ ရာခိုင် နှုန်းမှာ ပုံမှန်အားဖြင့် တစ်ရက်လျှင် ၁၀ နာရီနှင့်အထက် အလုပ်လုပ်ကြရသည် ဟူ၍လည်းကောင်း ဖြေကြားခဲ့သည်။ အလုပ်သမားများ အနေဖြင့် အချိန်ပိုလုပ်ရန် ငြင်းဆန်မှု နည်းခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ငြင်းဆန်နိုင်ကြောင်း မသိခြင်း၊ လူနေမှုစရိတ်မြင့်တက်နေ သည်ကို ရင်ဆိုင်နိုင်ရန် အချိန်ပို လုပ်ခလစာ လိုအပ်ခြင်း သို့မဟုတ် တစ်ခါတစ်ရံ အတင်းအကျပ်စေခိုင်း ခံရခြင်းနှင့် ခြိမ်းခြောက်အနိုင်ကျင့် ခံရခြင်းတို့ ပါဝင်ကြောင်း အစီရင်ခံက ဆိုသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်းကြောင့် အထည်ချုပ်လုပ်ငန်း အပါအဝင် ကုန်ထုတ်လုပ်ငန်း တစ်ခုလုံးတွင် အလုပ်သမားတစ်ဦး ချင်း၏ ပျှမ်းမျှလစာ တိုးမြင့်လာ သော်လည်း အလုပ်သမားအများစု အတွက်မူ လူနေမှုစရိတ်က လောက်ငမှု မရှိသေးပေ။ အဘယ်ကြောင့်ဆို သော် ငွေကြေးဖောင်းပွမှုနှင့် ကုန် ဈေးနှုန်းကြီးမြင့်လာမှုကြောင့် အလုပ်သမားများမှာ အနည်းဆုံးအခ ကြေးငွေ မသတ်မှတ်မီ ကာလများကဲ့သို့ပင် ဝမ်းရေးအတွက် အလျင်မီအောင် ရုန်းကန်လှုပ်ရှားနေရဆဲ ဖြစ်သည်။
၂၀၁၅ ခုနစ် စက်တင်ဘာ ၁ ရက်က စတင်အသက်ဝင်ခဲ့သည့် အနည်းဆုံး အခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်ပြီးနောက်ပိုင်း သုံးလအတွင်း အခြေခံ စားသောက်ကုန်များ၏ ဈေးနှုန်းများ တရိပ်ရိပ် ဖြင့် ထိုးတက်လာခဲ့သည်။ ထို့ပြင် အဆောင်ငှားရမ်းခများပါ တိုးမြင့်လာသည့်အတွက် အလုပ်သမားများ၏ လုပ်ခလစာ တိုးခြင်းသည် စကားအရာသာ ထင်ခဲ့သည်။
အခြေခံ စားသောက်ကုန်ထဲတွင် အထင်ရှားဆုံးပြရမည် ဆိုပါက ယခင် ကန်စွန်းရွက် တစ်စည်းကို ကျပ် ၁၅၀၊ ၂၀၀ ခန့်သာ ပေးရသော်လည်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ပြီး နောက်ပိုင်းတွင် ကျပ် ၃၀၀ အထိ ဖြစ်လာခဲ့သည်။ ထို့ပြင် နေ့စဉ်စားနေရသည့် ဆန်ဈေး၊ ဆီဈေးနှင့် နောက်ဖေးမီးချောင်သုံး ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာလည်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ပြီး သုံးလအတွင်း တရိပ်ရိပ် မြင့်တက်လာသည်။
ဆန်ဈေးနှုန်းမှာ ၂၀၁၅ ခုနစ် စက်တင်ဘာတွင် ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၄၀၀၀ရှိရာမှ နိုဝင်ဘာတွင် ကျပ် ၄၅၅၀၀ သို့ လည်းကောင်း၊ ရွှေဘိုပေါ်ဆန်း တစ် အိတ်လျှင် ကျပ် ၅၁၅၀၀ မှ ကျပ် ၅၄၀၀၀ သို့လည်းကောင်း၊ မြောင်းမြ ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၄၅၀၀ မှ ကျပ် ၄၇၀၀၀ သို့လည်း ကောင်း၊ ဧည့်မထတစ်အိတ်လျှင် ကျပ် ၂၅၀၀၀ မှ ကျပ်၂၈၀၀၀ သို့ လည်းကောင်း၊ ငစိန်တစ်အိတ်လျှင် ကျပ်၂၀၀၀၀ မှ ကျပ်၂၁၅၀၀ သို့ လည်းကောင်း အသီးသီး ဈေးတက် လာခဲ့သည်။ ယင်းဈေးနှုန်းများ သည် ရန်ကုန်မြို့တွင်း ရောင်းချနေသော ဆန်ဆိုင်အချို့မှ ကောက်ယူထားသည့်ဈေးနှုန်းများဖြစ်ပြီး ဈေးနှုန်း အနည်းငယ် အပြောင်းအလဲ ရှိနိုင် သော်လည်း ဆန်ဈေးနှုန်းက တက် သည်မှာ အသေအချာပင်။
ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည့် စားသောက်ကုန်ပစ္စည်းများသည် မြန်မာနိုင်ငံတွင် ပြည်သူများ နေ့စဉ်စားသောက်နေရသည့် အစားအသောက်များဖြစ်သည်။ ယင်းအခြေခံ စားသောက်ကုန်ဈေးနှုန်းများ တက်လာသည့်အတွက် အခြေခံစက်ရုံ၊ အလုပ်ရုံ အလုပ်သမားများမှာ အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ တိုးမြင့်ရရှိခဲ့သော်လည်း ဒုံရင်းဘဝ၌သာ ကျင်လည်ရုန်းကန်နေရဆဲ ဖြစ်သည်။
“ကုန်ဈေးနှုန်းကတော့ တစ်လနဲ့ တစ်လ မတူဘူး။ အရင်လတုန်းက ဆိုရင်တောင် ဆန်တစ်ပြည်ကို ကျပ် ၂၀၀၀ လောက်နဲ့ ဝယ်လို့ရ သေးတယ်။ အခုလက်ရှိမှာ ကျပ် ၂၅၀၀ တန်လောက်မှ ဆန်က ကောင်းကောင်းကန်းကန်း စားရတာ။ ကျပ် ၁၈၀၀၊ ကျပ် ၁၅၀၀ ဆို တာက ဆန်ကွဲကို စားနေရတဲ့အ တိုင်းပဲ။ ကုန်ဈေးနှုန်းတွေ ဒီလိုမြင့်တက်လာတဲ့အပေါ်မှာ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာက ဖူလုံမှု မရှိဘူး။ ဖူလုံမှု မရှိတဲ့အပေါ်မှာ ကုန်ဈေးနှုန်းကလည်း အနောက်ကနေ အချိန်နဲ့ တစ်ပြေးညီ မြင့်တက်လာတော့ ကျွန်မတို့ရဲ့ လုပ်အားက လုပ်သာလုပ်နေရတယ်။ ကျွန်မတို့ အလုပ်သမားတွေမှာ သင့်တင့်မျှတတဲ့ စားသောက်နေထိုင်မှုမျိုးကို အခုချိန်အထိ မရရှိသေးဘူး” ဟု အထည်ချုပ်စက်ရုံမှ အလုပ်သမ တစ်ဦးက ပြောသည်။
အနည်းဆုံးအခကြေးငွေ ဥပဒေအရ နှစ်နှစ်ပြည့်လျှင် အနည်းဆုံး အခကြေးငွေကို ပြန်လည်သတ်မှတ် ရမည်ဟု ပြဋ္ဌာန်းထားသော်လည်း သုံးနှစ်အကြာ ၂၀၁၈ ခုနစ် မေလရောက်မှ အနည်းဆုံး အခကြေးငွေကို ကျပ် ၃၆၀၀ မှ ကျပ် ၄၈၀၀ သို့ တိုးမြှင့်သတ်မှတ်နိုင်ခဲ့သည်။
ထိုသို့ အနည်းဆုံး အခကြေးငွေကို တစ်ရက်လျှင် ကျပ် ၄၈၀၀ သို့ တိုးမြှင့်သတ်မှတ်ပြီး နောက်ပိုင်းတွင် အမေရိကန်- တရုတ် ကုန်သွယ်ရေး စစ်ပွဲကြောင့် ပြည်တွင်း၌ နိုင်ငံခြား ငွေလဲလှယ်နှုန်း စံချိန်တင် မြင့်တက်ခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး ကိုးရာခိုင်နှုန်းအထိ ကျခဲ့သည်။
မြန်မာနိုင်ငံတွင် အဓိက စီးပွား ရေးပြဿနာများဖြစ်သည့် ကုန်သွယ်ရေး လိုငွေများခြင်း၊ ပို့ကုန် နည်းပါးခြင်း၊ ဘတ်ဂျက်လိုငွေ များပြားခြင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှု နည်းပါးခြင်း၊ စီးပွားရေး တိုးတက်မှု ကျဆင်းခြင်း၊ ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက် များပြားခြင်း စသည့် ပြဿနာများကို မဖြေရှင်းနိုင်သော အချိန်တွင် နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်ခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့ခြင်းက နိုင်ငံ့စီးပွားရေးကိုသာမက အခြေခံ လူတန်းစားများအထိပါ ရိုက်ခတ်ခဲ့သည်။
မြန်မာကျပ်ငွေ ကျဆင်းသည့်အပြင် ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် အနည်းဆုံး အခကြေးငွေကို တိုးမြှင့်သတ်မှတ်ခဲ့သော်လည်း အခြေခံအလုပ်သမား လူတန်းစားများ၏ ဝင်ငွေနှင့် ထွက်ငွေမှာ ပိုလျှံဖို့ထက် အကြွေးမတင်လျှင်ပင် ကျေးဇူးတင်ရမည့်ကိန်း ဆိုက်နေသည်။
လက်ရှိတွင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည့် အခြေခံ စားသောက်ကုန်များ၏ ဈေးနှုန်းများသည် တရိပ်ရိပ် ဈေးတက်လျက်ရှိသည်။ ရန်ကုန်မြို့အတွင်း ရောင်းချနေသည့် ဈေးများတွင် ကန်စွန်းရွက် တစ်စည်းကိုပင် ကျပ် ၄၀၀ ဖြင့် ဝယ် စားနေရသည်။ ကြက်ဥတစ်လုံးလျှင် အရွယ်အစားလိုက်၍ ကျပ် ၁၂၀ မှ ၁၇၀၊ ဘဲဥတစ်လုံးလျှင် အရွယ်အစားလိုက်၍ ကျပ် ၁၄၀ မှ ကျပ် ၂၀၀ အထိ ဈေးနှုန်းက ရှိနေသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကမူ ကုန်ဈေးနှုန်းမြင့်တက်ရာတွင် အခြေခံ စားသောက်ကုန်များ အများကြီး ပြောင်းလဲသွားခြင်း မရှိကြောင်း ဘီဘီစီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားခဲ့သည်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့၏ လစဉ်ပုံမှန် ထုတ်ပြန်နေသည့် မြန်မာနိုင်ငံ၏ စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေ အစီရင်ခံစာများတွင် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ လစဉ်မြင့်တက်လျက်ရှိသည်။
“ကုန်ဈေးနှုန်းတွေတက်လာတော့ ညီမတို့ ရတဲ့လစာနဲ့ သိပ်ပြီး အဆင်မပြေတော့ဘူး။ အခု စက်ရုံမှာ နိုင်ငံခြားက Order မရတော့ O.T လည်းမခေါ်တော့ဘူး။ O.T ဆင်းနေရရင် လစာပိုရတော့ အဆင်ပြေတာ ပေါ့။ O.T လည်းမရှိတော့ရော အဆင်မပြေတော့ဘူး။ တစ်လလုံး ပျက်ရက်မရှိဆင်းမှ လစာကျပ် ၁၉၀၀၀၀ လောက်ပဲရတယ်။ အရင် ကန်စွန်းရွက်တစ်စည်း ကျပ် ၂၀၀ ပဲ။ ပြီးတော့ ကျပ် ၃၀၀ ကနေ အခု ကျပ် ၄၀၀ ဖြစ်လာပြီ။ ကြက်သွန်၊ အာလူးတို့ ငါးတို့ ဈေးတွေတက်လာတယ်။ အလုပ်အကိုင်က မကောင်းရတဲ့အထဲ ကုန်ဈေးနှုန်းက တက်လာတော့ မိသားစုနည်းတဲ့သူဆို ကိစ္စမရှိပေမဲ့ မိသားစုများတဲ့ သူဆိုရင် အဆင်မပြေဘူးပေါ့။ အဆောင်ခ၊ အခန်းခ၊ ရေဖိုး၊ မီးဖိုး၊ စားသောက်စရိတ်တွေနဲ့ အဝတ်အစားတွေ ဘာတွေ ဝယ်လိုက်ရင် တစ်လတစ်လ အပိုအလျှံဆိုတာ သိပ်မရှိဘူး။ နယ်က မိသားစုဆီလည်း တစ်လကို ကိုးသောင်း၊ တစ်သိန်းလောက် ပြန်ပို့ရသေးတယ်” ဟု ဧရာဝတီတိုင်း၊ မြန်အောင်မြို့၊ သပြေကုန်းကျေးရွာမှ ရန်ကုန်သို့ လာရောက် အလုပ်လုပ်နေသူ မကြည်ပြာက လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ပြောပြသည်။
ထို့ပြင် ရသည့်လခမှာ အဆောင်စရိတ်၊ စားစရိတ်နှင့် မိဘများထံ ငွေပို့ရသည့်အတွက် ဈေးပေါသည့် အစားသောက်များကိုသာ ဝယ်ယူစားသောက်ရခြင်းကြောင့် ကျန်းမာရေးချူချာမှုများလည်း ရှိလာသည်ဟု အလုပ်သမားများက ဆိုသည်။
“ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ကျွန်မတို့ ဝယ်မစားနိုင်ဘူး။ ဒီလို ဝယ်မစားနိုင်တဲ့အတွက် ဈေးပေါတဲ့ဟာတွေကို ဝယ်ရတယ်။ အဲဒီတော့ အလုပ်သမားတွေက အလုပ်လည်း ပင်ပန်းတယ်။ အစားအသောက် အာဟာရကိုလည်း သင့်တင့်လျောက်ပတ်အောင် မစားနိုင်တဲ့ ကျန်းမာရေးတွေ ထိခိုက်လာတာ ရှိတယ်” ဟု ပိတ်သိမ်းလိုက်သည့် Seduno အထည်ချုပ်စက်ရုံမှ အလုပ်သမ မနှင်းသဇင်က ဆိုသည်။
အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ တိုးမြှင့် သတ်မှတ်လိုက်သော်လည်း လုပ်ငန်းရှင်များဘက်မှ အလုပ်သမားများ လစဉ်ရရှိနေသည့် အခြားခံစားခွင့်များကို မပေးတော့သည့်အတွက် မည်သို့မျှ ထူးခြားသွားခြင်း မရှိကြောင်း အလုပ်သမားများက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လက လှိုင်သာယာစက်မှုဇုန် (၂) မှ ကြာဆန်စက်ရုံ တစ်ရုံတွင် အခြားခံစားခွင့်များ မရတော့သည်ကို မကျေနပ်သည့် အလုပ်သမားများက စုပေါင်း၍ ဆန္ဒပြရာ၌ စက်ရုံမှ လုပ်သက်လျော်ကြေးပေးပြီး အလုပ်မှ ထုတ်ပယ်လိုက်သောကြောင့် အလုပ်လက်မဲ့ဘဝသို့ ရောက်ရှိသွားသည့် အလုပ်သမားများလည်း ရှိနေသည်။
“အခြားစက်ရုံတွေမှာ သွားလျှောက်ထားပေမဲ့ မခေါ်သေးဘူး။ ကျွန်မက အသက် ၃၀ ကျော်ပြီ ဆိုတော့ တခြားစက်ရုံတွေက အသက်ကြီးလို့ဆိုပြီး အလုပ်မခေါ်ချင်ကြဘူး။ သူတို့က၂၀ ကျော်လေးပဲ အလုပ်ခန့်ချင်ကြတာ။ အလုပ်ကမရှိပါဘူးဆိုမှ ကုန်ဈေးနှုန်းက တက်လာတော့ အဆင်မပြေပါဘူး။ အိမ်ကနေတောင် ပိုက်ဆံပြန်တောင်းနေရတယ်။ ဖြစ်နိုင်ရင် အလုပ်လေး တစ်ခုလောက် အမြန်လိုချင်တယ်။ အလုပ်မရခင် သူငယ်ချင်းတွေဆီက ပိုက်ဆံချေးပြီး စားသောက်နေရတာပေါ့။ အိမ်ကလည်း အဲဒီအကြောင်းတွေ မသိဘူး” ဟု အလုပ်ထုတ်ပယ် ခံထားရသည့် အလုပ်သမတစ်ဦးက ဆိုသည်။
အလုပ်သမားများဘက်တွင် ဝင်ငွေနှင့် ထွက်ငွေ မလောက်ငသည့် ပြဿနာများ ရှိနေသကဲ့သို့ အလုပ်ရှင် ဘက်တွင်လည်း အထည်ချုပ်လုပ်ငန်းကဏ္ဍ၌ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်မှုနှင့် အလုပ်သမား ပြဿနာများက ကြီးမားသည့် စိန်ခေါ်မှု ဖြစ်နေသည့်အတွက် စက်ရုံအချို့ ပိတ်သိမ်းမှုများ ရှိနေသည်။
ကုန်ထုတ်လုပ်မှု အထွက်နည်းခြင်း၊ အချိန်မီ Export မလုပ်နိုင်ခြင်း၊ စက်ရုံငှားရမ်းခ ကြီးမြင့်ခြင်းနှင့် အနိမ့်ဆုံး လုပ်ခလစာ တိုးမြင့်လာခြင်းတို့ကြောင့် လှိုင်သာယာမြို့နယ်တွင် ဖွင့်ထားသည့် Seduno (Myanmar) အထည်ချုပ်စက်ရုံ ရုတ်တရက် ပိတ်သိမ်းခဲ့သည်။ စက်ရုံအနေဖြင့် ဝန်ထမ်းများအား လုပ်ခလစာနှင့် ဥပဒေပါ နစ်နာကြေးများကို ဇွန် ၃၀ ရက်က ထုတ်ပေးသည်ဟု ထုတ်ပြန်သည်။
Seduno (Myanmar) အထည်ချုပ်စက်ရုံ ပိတ်သိမ်းပြီး မကြာမီအချိန်တွင် လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံ အပါအဝင် စက်ရုံ ၁၄ ရုံမှာ သုံးလအတွင်း ပိတ်သိမ်းခဲ့သည့် သတင်းက ပျံ့နှံ့ခဲ့သည်။ ပိတ်သိမ်းသွားသည့် စက်ရုံအရေအတွက်မှာ ၂၀၁၈ ခုနှစ် မေ ၇ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ၁၄ ရုံရှိနေပြီး မိကျောင်းပီနံအိတ်စက်ရုံ၊ ပုလဲအထည်ချုပ်စက်ရုံ၊ ဝါးဟားဟား ရေခဲမုန့်စက်ရုံ၊ မြတ်ပန်းမွှေး သနပ်ခါးစက်ရုံ၊ ရေခဲတောင် အအေးခန်းစက်ရုံ၊ Cham Zon အထည်ချုပ်စက်ရုံ၊ Success Time ဖိနပ်စက်ရုံ၊ Beauty Place လူသုံးကုန်စက်ရုံ၊ Kuwahara အထည်စစ်စက်ရုံ၊ TMP ငါးဖမ်းပိုက်စက်ရုံ၊ မြို့မဆင်ဖြူတော် ပဲသန့်စင်စက်ရုံ၊ United Knitting Myanmar Co.,Ltd ခြေအိတ်စက်ရုံ၊ Popular အထည်ချုပ်စက်ရုံနှင့် North Shore အထည်ချုပ်စက်ရုံတို့ ဖြစ်ကြောင်း သတင်းထွက်ခဲ့သည်။
“ကျွန်မတို့ဆီကို စက်မှုဇုန် ဥက္ကဋ္ဌက ပို့ထားတာပါ။ စက်ရုံပိတ်သိမ်းတာ ဘာကြောင့် ပိတ်သိမ်းတာလဲဆိုတာ ရှိပါတယ်။ တချို့ဟာတွေက ခေတ်နဲ့မလျော်ညီတော့လို့ ပိတ်သိမ်းရတာမျိုးတွေလည်း ရှိပါတယ်။ ခေတ်နဲ့မလျော်ညီတော့ဘူး။ ပြိုင်ဘက်တွေ ရောက်လာတယ်။ ရပ်တည်နိုင်စွမ်းမရှိလို့ ပိတ်သိမ်းတာတွေ ရှိပါတယ်။ ဘာကြောင့် ပိတ်သိမ်းသလဲ ဆိုတာကို သူတို့က အကြောင်းပြချက် ရှိပါလိမ့်မယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောကြားသည်။
ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) မှ တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က “စက်ရုံတွေ ပိတ်တယ်လို့ကြားတယ်။ ပိတ်ဖို့ရှိတယ်လို့ ကြားတယ်။ အဓိကကတော့ ထုတ်လုပ်မှုလုပ်ငန်း အလုပ်ပေါ့။ ထုတ်လုပ်မှုလုပ်တဲ့ အလုပ်ရုံတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံတာလည်း ရှိတယ်။ ပြည်တွင်းရင်းနှီး မြှုပ်နှံတာလည်း ရှိတယ်။ ထုတ်လုပ်မှု အပိုင်းမှာပဲ နိုင်ငံနဲ့ ပြည်တွင်း ပူးပေါင်းလို့ဖြစ်စေ၊ ပြင်ပပို့ ထုတ်လုပ်တာရှိတယ်။ ပိတ်သွားတဲ့ ရုံတွေထဲမှာ လေ့လာရသလောက် နိုင်ငံခြားပိုင်တဲ့ လူ ၈၀၀၊ ၉၀၀ လောက်ရှိတဲ့ရုံလည်း ပိတ်တယ်လို့ ကြားတယ်။ ပြည်တွင်း လုပ်ငန်းလေးတွေ ပိတ်တယ်လို့လည်း ကြားတယ်။ နောက်ဆုံး ရေခဲမုန့်ထုတ်တဲ့ ပြည်တွင်းအလုပ်ရုံ ပိတ်တာလည်း ကြားတယ်” ဟု ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံ ၁၄ ရုံသည် အားလုံးပိတ်သိမ်းခြင်း မဟုတ်ဘဲ အနည်းငယ်သာ ပိတ်သိမ်းခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
“လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ စက်ရုံ ၁၄ ရုံ အားလုံး ပိတ်သွားတယ်ဆိုတာ မဟုတ်ပါဘူး။ ပိတ်တယ်ဆိုတာ နည်းနည်းပါးပါးလေး ပိတ်တာပါ။ ကျန်တဲ့စက်ရုံတွေက နေရာ ရွှေ့တာရွှေ့တယ်။ ပေါင်းတာက ပေါင်းတယ်။ အဲဒီတော့ ဒီဟာက ရန်ကုန်တိုင်းမှာ စက်ရုံတစ်ရုံပြီးတစ်ရုံ ပိတ်တယ်ဆိုတာ မဟုတ်ပါဘူး” ဟု ဝန်ကြီး ဦးဇော်အေးမောင်က ဆို သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်အကိုင်ရှားပါးပြီး အလုပ်သမားများ အလုပ်ပြုတ်တော့မည်ဆိုသည့် ကိစ္စသည် ဟုတ်မှန်မှု မရှိကြောင်း ဝန်ကြီးက ငြင်းဆန်ထား သည်။
မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်လုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အလှမ်းဝေးနေသေးသည်ဟု ၂၀၁၆ ခုနှစ် ဒီဇင်ဘာက ထုတ်ပြန်ခဲ့သော ရှေ့ပြေးအသံ (Progressive Voice) ၏ “အနိမ့်ဆုံးကို မြှင့်တင်ပေးခြင်း” အစီရင်ခံစာ၌ ဖော်ပြထားသည်။
လက်ရှိအချိန်တွင် စီးပွားရေးမကောင်းသည့်အတွက် စက်ရုံအချို့ ပိတ်သိမ်းမှုများ ရှိနေခြင်းကြောင့် အလုပ်လက်မဲ့ဦးရေ ပိုများလာနိုင်သည့်အပြင် အလုပ်ရှင်ဘက်မှ တိမ်းရှောင်သွားသည့်အတွက် လုပ်ခလစာ မရသေးသည့် အလုပ်သမားများလည်း ရှိနေသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် ပခုက္ကူစက်မှုဇုန်က Myanmar Fu Fung အထည်ချုပ်စက်ရုံမှ အလုပ်ရှင်မှာ တိမ်းရှောင်သွားသည့်အတွက် စက်ရုံအလုပ်သမား ၃၀၀ ကျော် အနေဖြင့် လုပ်ခလစာရရှိရန် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းနေရဆဲ ဖြစ်သည်။
ထိုသတင်းများကို ကြားသိရချိန်တွင် မကြည်ကြည်လှိုင် တစ်ယောက် တုန်လှုပ်ချောက်ချားမိသည်ဟု ဆိုသည်။ သူတစ်ယောက်တည်းအတွက် ဆိုလျှင်မူ ကိစ္စမရှိသော်လည်း လက်ရှိအချိန်တွင် နာမကျန်းဖြစ်နေသည့် မိဘနှစ်ပါး၏ စားစရိတ်နှင့် ဆေးကုသစရိတ်ကို ထောက်ပံ့ပေးနေရသည့်အတွက် စိုးရိမ်နေခြင်းဖြစ်သည်။
မိသားစု စားဝတ်နေရေးအတွက် အခြေအနေအရ အထည်ချုပ်စက်ရုံတွင် မိဝေးဖဝေး လာရောက် အလုပ်လုပ် နေရသော်လည်း မကြည်ကြည်လှိုင်က သူ့တွင် ရည်မှန်းချက် တစ်ခုရှိကြောင်း ဖွင့်ဟသည်။
“ပိုက်ဆံစုပြီးရင် ရွာမှာ အိမ်ဆိုင်လေး တစ်ဆိုင်လောက်တည်ပြီး မိဘတွေကို ရှာကျွေးမယ်လို့ စိတ်ကူး ထားတယ်” ဟု မကြည်ကြည်လှိုင်က အားပါးတရဆိုသည်။