ဘရာဇီးလ်အသင်း ကမ္ဘာ့အဆင့် (၁) နေရာ ပြန်လည်ရယူ

ဘရာဇီးလ်အသင်း ကမ္ဘာ့အဆင့် (၁) နေရာ ပြန်လည်ရယူ
Published 11 August 2017

ကမ္ဘာ့အဆင့် (၁) နေရာ ပြန်လည်ရယူနိုင်ခဲ့သည့် ဘရာဇီးလ်အသင်း (Photo: AFP)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် နိုင်ငံလက်ရွေးစင် အမျိုးသားအသင်းများ၏ သြဂုတ်အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို သြဂုတ် ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကွန်ကာကပ်ဖ် ရွှေဖလားပြိုင်ပွဲမှလွဲ၍ အခြားနိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားခြင်း မရှိသော်လည်း ဘရာဇီးလ်အသင်းက ယခင်လထက် တစ်ဆင့်မြင့်တက်လာကာ နံပါတ် (၁) နေရာကို ပြန်လည် ရယူနိုင်ခဲ့သည်။ ကွန်ဖက်ဒရေးရှင်းဖလားချန်ပီယံ ဂျာမနီအသင်းမှာမူ အဆင့် (၂) နေရာသို့ ဆင်းပေးခဲ့ရပြီး အာဂျင်တီးနားအသင်းက အဆင့် (၃) နေရာတွင် ဆက်လက် ရပ်တည်နိုင်ခဲ့သည်။ ဆွစ်ဇာလန် နှင့် ပိုလန်အသင်းက တစ်ဆင့်စီ မြင့်တက်လာပြီး အဆင့် (၃)၊ (၄) နေရာ ရောက်ရှိလာကာ ဆွစ်ဇာလန်အသင်းအနေဖြင့် ၁၉၉၃ ခုနှစ် သြဂုတ်နောက်ပိုင်း အမြင့်ဆုံးနှင့် ပိုလန်အနေဖြင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးရပ်တည်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၎င်းတို့ ၏နောက်တွင် နာမည်ကြီးအသင်းများ ဖြစ်သည့် ပေါ်တူဂီ (-၂)၊ ချီလီ၊ ကိုလံဘီယာ၊ ဘယ်လ်ဂျီယံ (+၁)၊ ပြင်သစ် (-၁)၊ စပိန်၊ အီ တလီ၊ အင်္ဂလန်တို့ အစဉ်လိုက် ရပ်တည်လျက်ရှိကြောင်း သိရသည်။ အာရှဇုန်တွင် အီရန်အသင်းက အဆင့် (၂၄) ဖြင့် ထိပ်ဆုံးမှ လည်းကောင်း၊ အာဆီယံဇုန်တွင် သြစတြေးလျအသင်းက အဆင့် (၄၅) ဖြင့် ထိပ်ဆုံးမှလည်းကောင်း ရပ်တည်နေပြီး မြန်မာ့လက်ရွေးစင်အသင်းမှာလည်း ယခင်လအတိုင်း အဆင့် (၁၅၇) တွင် ရပ်တည်လျက် ရှိသည်။

 

 

Most Read

Most Recent