ထိုင်းနိုင်ငံထုတ် ဆပ်ပြာမှုန့်ထုပ်နှင့် မုန့်ပုံးအတွင်း စိတ်ကြွရူးသွပ်ဆေးပြားများထည့်၍ သယ်ဆောင်လာသူနှစ်ဦးအား ကျိုက်ထိုမြို့တွင် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံထုတ် ဆပ်ပြာမှုန့်ထုပ်နှင့် မုန့်ပုံးအတွင်း စိတ်ကြွရူးသွပ်ဆေးပြားများထည့်၍ သယ်ဆောင်လာသူနှစ်ဦးအား ကျိုက်ထိုမြို့တွင် ဖမ်းဆီးရမိ
Published 7 August 2018

ထိုင်းနိုင်ငံထုတ် ဆပ်ပြာမှုန့်ထုပ်နှင့် မုန့်ပုံးအတွင်း စိတ်ကြွရူးသွပ်ဆေးပြားများထည့်၍ သယ်ဆောင်လာသူနှစ်ဦးအား သြဂုတ် ၅ ရက် ညနေ ၃ နာရီ မိနစ် ၅၀ ခန့်က ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက် ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ မိုးကောင်းကင် လက်ဖက်ရည်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ သထုံခရိုင် ရဲတပ်ဖွဲ့မှုခင်းနှိမ်နင်းရေးခေါင်းဆောင် ရဲအုပ်အောင်သူနှင့် တပ်ဖွဲ့ဝင်နှစ်ဦး၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနမှ တပ်ကြပ်ကြီးအေးမင်းထွန်း၊ ကျိုက်ထိုမြို့မရဲစခန်းမှ နယ်ထိန်းတပ်ကြပ်ကြီးကျော်စိုးမိုးနှင့် တပ်ဖွဲ့ဝင်တစ်ဦးတို့က သက်သေများနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ “မိုးကောင်းကင်” လက်ဖက်ရည်ဆိုင်အတွင်းရှိ စားပွဲတွင်ထိုင်နေသော ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ ကျွန်းတော (၂) လမ်းတွင် နေထိုင်ကြသည့် မင်းမင်း (၃၈ နှစ်) (ဘ) ထွန်းကြည်နှင့် နိုင်ထူး (၃၃ နှစ်) (ဘ) သန်းထွန်းတို့အား စစ်ဆေးရာ ၎င်းတို့ ယူဆောင်လာသော ထိုင်းနိုင်ငံထုတ် ဆပ်ပြာမှုန့်အထုပ်အတွင်း ဆပ်ပြာမှုန့်များနှင့် ရောနှောလျက် အပြာရောင် ကပ်ခွာအိတ်တစ်အိတ်လျှင် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ ပြား၊ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြားနှစ်ပြား ထည့်ထားသည့် အပြာရောင်ကပ်ခွာအိတ်ငါးအိတ်နှင့် HACCP စာတန်းပါ ထိုင်းနိုင်ငံထုတ် မုန့်ချပ်များထည့်သည့် သံပုံးတွင် မုန့်ချပ်များနှင့် ရောနှောလျက် အပြာရောင် ကပ်ခွာအိတ်နှစ်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ ပြား၊ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား နှစ်ပြားထည့်ထားသည့် အပြာရောင်ကပ်ခွာ အိတ်နှစ်အိတ်၊ စုစုပေါင်း ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈၆ ပြားနှင့် အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ပြားတို့ကို သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်း ရဲမှတ်တမ်းတွင် ရေးသားထားသည်။

“မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိတဲ့သူတွေနဲ့ ဆက်စပ်တရားခံတွေကို ဖမ်းဆီးရမိနိုင်ရေး စစ်ဆေးဆောင်ရွက်နေပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျိုက်ထိုမြို့မရဲစခန်းမှာ အမှုဖွင့်လှစ် ဆောင်ရွက်ထားပါတယ်” ဟု ကျိုက်ထိုမြို့မရဲစခန်းမှ ရဲအုပ်ဇော်မျိုးလွင်က ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်တွေ့ရှိသူ မင်းမင်းနှင့် နိုင်ထူးတို့ နှစ်ဦးအပေါ် ကျိုက်ထိုမြို့မရဲစခန်းမှ မယ(ပ) ၁၁/၂၀၁၈၊ မှုးယစ်၊ စိတ်ပြောင်းဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent