ထိုင်းနိုင်ငံ လပ်ဘူရီခရိုင်တွင် အိမ်အကူ လုပ်နေသည့် ၁၇ နှစ်အရွယ် ကရင်အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးမှုအား မိမိကိုယ်ကိုယ် သတ်သေမှုဖြင့် အမှုဖွင့်ထားသည့်အပေါ် ပြန်လည်စုံစမ်းမည်

ထိုင်းနိုင်ငံ လပ်ဘူရီခရိုင်တွင် အိမ်အကူ လုပ်နေသည့် ၁၇ နှစ်အရွယ် ကရင်အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးမှုအား မိမိကိုယ်ကိုယ် သတ်သေမှုဖြင့် အမှုဖွင့်ထားသည့်အပေါ် ပြန်လည်စုံစမ်းမည်
Published 10 August 2017

သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးခဲ့သည့် မညိုညိုအေး ရုပ်အလောင်းအား ဂူမသွင်းမီ စစ်ဆေးနေစဉ် (ဓာတ်ပုံ-AAC)

ထိုင်းနိုင်ငံ လပ်ဘူရီခရိုင် ဘန်ပုံနယ်မြေအတွင်းရှိ ထိုင်းလူမျိုး သူဌေးမတစ်ဦး၏ အိမ်တွင် အိမ်အကူ လုပ်နေသည့် ကရင်အမျိုးသမီးငယ်တစ်ဦး သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး ကြိုးစားသွားမည် ဖြစ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ ဖြစ်သည့် AAC ထံမှ သိရသည်။

အိမ်အကူအလုပ် လုပ်ကိုင်သည့် အသက် ၁၇ နှစ်အရွယ် မညိုညိုအေးသည် ဦးခေါင်းအနောက်ပိုင်း သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အလုပ်ရှင်က ကိုယ့် ကိုယ်ကိုယ် သတ်သေသည်ဟုဆိုကာ ထိုင်း-မြန်မာ နယ်စပ်ရှိ သေဆုံးသူ၏ အမျိုးများထံသို့ သြဂုတ် ၈ ရက်က ဘတ်ငွေ ၅၀၀၀ နှင့်အတူ အလောင်းအား ပို့ဆောင်ခဲ့သဖြင့် အမှုမှန်ပေါ်ပေါက်ရန် ကူညီဆောင်ရွက်ပေးနေကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) တာဝန်ခံ ကိုရဲမင်းက သြဂုတ် ၁၀ ရက်က ပြောကြားသည်။

“သေတဲ့ ကလေးမလေးက ဘယ်သန်လို့ သိရတယ်။ ဒါပေမဲ့ သေနတ်ဒဏ်ရာက ညာဘက်ဦးခေါင်း အနောက်ဘက်မှာ ဖြစ်နေတယ်။ သူ့ကိုယ်သူ သတ်သေတာ မဖြစ်နိုင်ဘူးလို့ သံသယရှိနေတယ်။ ဒါပေမဲ့ သူ့ကိုယ်သူ သတ်သေတယ်ဆိုပြီး ထိုင်းသူဌေးမက ထိုင်း- မြန်မာနယ်စပ် လှဘော်လီမြို့နယ် ဆွန်ဖီးဆိုတဲ့ နေရာမှာနေတဲ့ သေဆုံးသူ ကလေးမရဲ့ အမျိုးအိမ်ကို ငွေ ၅၀၀၀ နဲ့အတူ အလောင်းကို တပည့်တွေနဲ့ ပို့ခိုင်းလိုက်တယ်။ အဲဒီကိစ္စကို အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကျွန်တော်တို့ အခုလုပ်ဆောင်နေပါပြီ။ အလောင်းကိုတော့ ဂူသွင်းထားပါတယ်။ တကယ်လို့ လိုအပ်ရင်ပြန်ဖော်ပြီး စစ်ချက်ပြန်ယူမယ်။ ထိုင်းနယ်မြေခံရဲကတော့ ကိုယ့် ကိုယ်ကိုယ် သတ်သေတယ်လို့ စစ်ချက်ယူထားတယ်။ ဒါဟာ ကိုယ့် ကိုယ်ကိုယ် သတ်သေတာ မဟုတ်ဘူးလို့ သုံးသပ်တယ်”ဟု ကိုရဲမင်းက ပြောကြားသည်။

အဆိုပါ အခင်းဖြစ်ပွားရာ နေအိမ်တွင် အတူတူအလုပ် လုပ်ခဲ့ဖူးသည့် မဖြူဖြုူက “သမီးတို့ကတော့ သိပ်ပြီး မသင်္ကာပါဘူး၊ သူဌေးမ ကပြောတာတော့ သူ့ဘာသာသူ ပစ်ပြီးသတ်သေတာ။ ငါတို့နဲ့ မဆိုင်ဘူး၊ ရဲစခန်းမှာ အမှုဖွင့်ထားတယ်၊ နင်တို့ သွားလေ့လာကြည့်ဆိုပြီး ပြောပါတယ်” ဟု ပြောကြားသည်။

သေဆုံးသူ မညိုညိုအေးသည် အဆိုပါအိမ်တွင် အလုပ်လုပ်နေသည်မှာ သုံးနှစ်ကျော် ကြာမြင့်ပြီ ဖြစ်ကြောင်း၊ ၎င်း၏နေထိုင်မှုပုံစံမှာ ရိုးရှင်းကြောင်းနှင့် ဆွေမျိုးသားချင်းများ အနေဖြင့် မညိုညိုအေး သေဆုံးမှုကို မိမိကိုယ်ကိုယ် သတ်သေမှုဖြင့် အမှုဖွင့်ထားမှုကို လက်မခံနိုင်သည့်အတွက် အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုရဲမင်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent