“ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ယောကျ်ားတွေ ဆွဲစားခွင့်လိုင်စင် ထုတ်ပေးပါ” ဟု လူမှုကွန်ရက် စာမျက်နှာတွင် မယ်လိမ့်လုံ စားသောက်ဆိုင် ပိုင်ရှင်က မှတ်ချက်ရေးသားမှုကို သက်သေခံအဖြစ် တင်သွင်း

“ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ယောကျ်ားတွေ ဆွဲစားခွင့်လိုင်စင် ထုတ်ပေးပါ” ဟု လူမှုကွန်ရက် စာမျက်နှာတွင် မယ်လိမ့်လုံ စားသောက်ဆိုင် ပိုင်ရှင်က မှတ်ချက်ရေးသားမှုကို သက်သေခံအဖြစ် တင်သွင်း
Published 26 July 2018

“ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ယောကျ်ားတွေ ဆွဲစားခွင့်လိုင်စင် ထုတ်ပေးပါ” ဟု လူမှုကွန်ရက် စာမျက်နှာတွင် မယ်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင်က မှတ်ချက်ပြု ရေးသားမှုကို သက်သေခံအဖြစ် တင်သွင်းခဲ့ကြောင်း သိရသည်။

ဆိုင်ရှင်က စားသောက်ဆိုင်ဝန်ထမ်း အမျိုးသားကို အဓမ္မပြုကျင့်သည်ဟု ဆိုသည့်အမှုအား ဇူလိုင် ၂၅ ရက်က တောင်ဥက္ကလာပမြို့နယ် တရားရုံး၌ ၁၁ ကြိမ်မြောက် ရုံးချိန်းခဲ့ရာ အဆိုပါရုံးချိန်းတွင် တရားလိုဘက်မှ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“ဘာကြောင့် တင်ရလဲဆိုတာ့ ကျူးလွန်တဲ့သူရဲ့ အရင်စိတ်နေစိတ်ထား အခြေအနေကို ပေါ်လွင်စေဖို့ တင်သွင်းတာ။ သူရေးထားတဲ့ ပို့စ်က ဇန်နဝါရီ ၂၅ ရက်က အကြောင်းအရာတစ်ခုကို သူရေးထားတာ။ မုဒိမ်းမှုနှင့် ပတ်သက်ပြီးတော့ ဘာရေးထားလဲ ဆိုတော့ ကြိုက်တဲ့ ယောက်ျားတွေကို ဆွဲစားခွင့်လိုင်စင် ထုတ်ပေးပါဆိုပြီး ရေးသားထားတာ” ဟု တရားလို စားသောက်ဆိုင် ဝန်ထမ်းဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ရုံးချိန်းအပြီးတွင် ပြောကြားသည်။

ထိုသို့ တင်သွင်းခဲ့သော်လည်း စွပ်စွဲခံရသူ ရှေ့နေများက ကန့်ကွက်မှုကြောင့် လာမည့်ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်များ ကြားနာမည်ဖြစ်ကာ သက်သေခံ တင်သင့် မတင်သင့် တရားရုံးက ဆုံးဖြတ်မည် ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စားသောက်ဆိုင် ပိုင်ရှင်ဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးအေးသက် က “သူတို့က တင်သွင်းဖို့ လျှောက်တယ်။ ကျွန်မက ကန့်ကွက်တယ်။ ဘာဖြစ်လို့ ကန့်ကွက်လဲဆိုရင် ရဲမှာ အမှုစစ်တဲ့ အချိန်တုန်းက ဒီဟာကို သက်သေခံအဖြစ် တင်သွင်းခဲ့ခြင်း မရှိဘူး။ ရုံးရှေ့မှာ အခုချိန်မှ သက်သေခံအဖြစ် တင်သွင်းတယ်။ သူ့ကို တရားသူကြီးက မေးတဲ့အခါမှာ လွန်ခဲ့တဲ့ သုံးရက်က သူလိုက်ရှာရင်းနဲ့ တွေ့တာ။ တွေ့တာ ပို့စ် မဟုတ်ဘူး။ Comment ။ ဇာနည်ထိုက်၏ စာစုမှ ဓာတ်ပုံများပို့စ် မှ Comment ပေါ့။ စားသောက်ဆိုင်ပိုင်ရှင် ရေးထားတာ ဟုတ်လား၊ မဟုတ်လား ဆိုတာ မသိဘူး။ စားသောက်ဆိုင်ပိုင်ရှင်ကို ပြန်မေးရမှာပေါ့။ စားသောက်ဆိုင်ပိုင်ရှင်က အချုပ်ထဲ ရောက်နေတာ ။ မတ်လ ကတည်းက ရောက်နေတာဆိုတော့ သူလည်း လောလောဆယ် ဘာမှ မမှတ်မိဘူး” ဟု ပြောကြားသည်။

အဆိုပါ ရုံးချိန်းတွင် တရားလိုပြ သက်သေဖြစ်သော မယ်လိမ့်လုံ စာသောက်ဆိုင်တွင် အချက်အပြုတ် တာဝန်ယူသည့် ဝန်ထမ်း မ .... အား စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ရုံးချိန်းအား လာမည့် သြဂုတ် ၈ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း၊ လာမည့် ရုံးချိန်းတွင် သက်သေခံ တင်သင့်၊ မတင်သင့် ကိစ္စအား နှစ်ဖက် လျှောက်လဲချက် ကြားနာပြီး တရားလိုပြ သက်သေ ဝန်ထမ်း မ ..... အား ဆက်လက် စစ်ဆေးမည် ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် တရားရုံးမှ သိရသည်။

အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးခံထားရပြီး တရားစွဲဆို ခံထားရသည့် စားသောက်ဆိုင်ပိုင်ရှင်က ကျန်းမာရေး မကောင်းသဖြင့် ဆေးအာမခံပေးရန် လျှောက်ထားခဲ့သော်လည်း တရားရုံးမှ ပယ်ချခဲ့ကြောင်း သိရသည်။

Most Read

Most Recent