ငွေလဲလှယ်မှုနှုန်းထား အတက်အကျ ဆက်တိုက်ဖြစ်နေမည် ဆိုပါက မြန်မာနိုင်ငံအပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နံှသူများ၏ ယုံကြည်မှု လျော့ကျလာနိုင်သည့်အတွက် အမြန်ဆုံး ထိန်းချုပ်နိုင်ရန်လိုအပ်

ငွေလဲလှယ်မှုနှုန်းထား အတက်အကျ ဆက်တိုက်ဖြစ်နေမည် ဆိုပါက မြန်မာနိုင်ငံအပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နံှသူများ၏ ယုံကြည်မှု လျော့ကျလာနိုင်သည့်အတွက် အမြန်ဆုံး ထိန်းချုပ်နိုင်ရန်လိုအပ်
Published 10 July 2018

ငွေလဲလှယ်မှုနှုန်းထား အတက်အကျ ဆက်တိုက်ဖြစ်နေမည် ဆိုပါက မြန်မာနိုင်ငံအပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု လျော့ကျလာနိုင်သည့်အတွက် အမြန်ဆုံးထိန်းချုပ်နိုင်ရန် လိုအပ်ကြောင်း  ဇူလိုင် ၉ ရက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ငွေလဲလှယ်နှုန်း ကျခြင်းတက်ခြင်းကတော့ ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်တော့ ချက်ချင်းလက်ငင်း သက်ရောက်မှုတော့ မရှိဘူး။ သို့သော်လည်းပဲ တက်လိုက်ကျလိုက် မကြာခဏ ဖြစ်နေရင်တော့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုပေါ့။ စိတ်ချယုံကြည်မှုကိုတော့ နည်းနည်းထိတာပေါ့။ လတ်တလော ငွေကြေး ရုတ်တရက်တက်သွားလို့ ကျသွားလို့ ရင်းနှီးမြှုပ်နှံမှုမှာတော့ ချက်ချင်းသက်ရောက်မှုတော့ မရှိဘူး။ ခဏခဏ တက်လိုက်ကျလိုက် ဖြစ်နေရင် ယုံကြည်မှုပေါ့။ မြန်မာနိုင်ငံမှာ ငွေကြေးနဲ့ ပတ်သက်ပြီး မတည်ငြိမ်ဘူးဆိုတဲ့ ယုံကြည်မှု ထိခိုက်လာနိုင်တာမျိုးတော့ ရှိလာနိုင်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လကစတင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်ခဲ့ပြီး တစ်ဒေါ်လာကို မြန်မာငွေကျပ် ၁၄၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ဇူလိုင် ၉ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်အောက် ဆက်ရှိပြီး ပြည်တွင်းဈေးကွက်အတွင်း တစ်ဒေါ်လာ ၁၃၉၃ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၆ ခုနှစ်တွင်လည်း ယင်းကဲ့သို့ ငွေလဲလှယ်နှုန်း အတက်အကျ ဆက်တိုက်ဖြစ်ပေါ် မှုများကြောင့် တစ်ဒေါ်လာလျှင် ကျပ်ငွေ ၁၄၃၀ ကျော်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းအချိန်ကာလများတွင် ငွေလဲလှယ်နှုန်း အတက်အကျ ဖြစ်ပေါ်မှုများကို အချိန်မီ ထိန်းသိမ်းထားနိုင် ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ထိခိုက်မှု မရှိခဲ့ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးမတည်ငြိမ်မှုများကိုလည်း အမြန်ဆုံး ထိန်းချုပ်ရန် လိုအပ်ကြောင်း သိရသည်။

“ဒါမျိုးဖြစ်စဉ်မျိုးက ယခင်ကာလမှာလည်း ဖြစ်ခဲ့ဖူးတယ်။ မနှစ်က ဖြစ်ခဲ့တဲ့အချိန်တုန်းက ဘာမှသက်ရောက်မှု မရှိလိုက်ဘူး။ ကာလလည်းတိုတယ်။ ချက်ချင်း ကျွန်တော်တို့က ထိန်းချုပ်နိုင်တယ်ဆိုတော့ ဒီကာလလည်း လက်ရှိတော့ ပြီးခဲ့တဲ့ လတွေထက်စာရင် တက်လာတာပေါ့နော်။ သို့သော်လည်း လက်ရှိအချိန်အထိ ဘာမှသက်ရောက်မှု မရှိသေးဘူး။ ဒါလေးကိုတော့ မြန်မြန်ထိန်းချုပ် နိုင်ရင်တော့ ပိုကောင်းတာပေါ့။ ကျွန်တော်ခြုံပြောမယ် ဆိုရင်တော့ ငွေကြေးဖောင်းပွမှုသည် ရုတ်တရက် တက်ခြင်းကျခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု အပေါ်မှာတော့ ချက်ချင်းသိသာတဲ့ သက်ရောက်မှုမရှိဘူး။ မကြာခဏ ဖြစ်ရင်တော့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ကျဆင်းတဲ့ သက်ရောက်မှု ရှိလာနိုင်တယ်” ဟု ဦးအောင်နိုင်ဦးက သုံးသပ်ပြောကြားသည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက် ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅  -၁၄၀၇ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက် အများဆုံး ဖြစ်ပေါ်ခဲ့သည်။

 

Most Read

Most Recent