လှိုင်သာယာမြို့နယ်တွင် YBS ယာဉ်နှင့် ဆိုင်ကယ်တို့ တိုက်မိပြီး တပ်မတော်သား တစ်ဦး သေဆုံး

လှိုင်သာယာမြို့နယ်တွင် YBS ယာဉ်နှင့် ဆိုင်ကယ်တို့ တိုက်မိပြီး တပ်မတော်သား တစ်ဦး သေဆုံး
Published 22 June 2018

လှိုင်သာယာမြို့နယ်တွင် YBS အမှတ် (၇၉) ယာဉ်လိုင်းမှ ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် မောင်းနှင်သည့် တပ်မတော်သား တစ်ဦး သေဆုံးခဲ့ကြောင်း ဇွန် ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

လှိုင်သာယာမြို့နယ် အနော်ရထာလမ်းအတိုင်း ဇွန် ၁၉ ရက် ညနေ ၃ နာရီခွဲခန့်က လှိုင်သာယာမြို့နယ်ဘက်မှ ရွှေပြည်သာမြို့ နယ်ဘက်သို့ မောင်းနှင်လာသည့် YBS အမှတ် (၇၉) ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ဘုရားလမ်း မှတ်တိုင်အနီး အရောက်တွင် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင် မှ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်မိခဲ့ပြီးနောက် YBS အမှတ် (၇၉) ယာဉ်မောင်းမှာ ယာဉ်ကိုထားကာ ထွက်ပြေးသွားခဲ့ပြီး ယင်းသို့ အတိုက်ခံခဲ့ရသဖြင့် ဆိုင်ကယ် မောင်းနှင်သည့် အမျိုးသားမှာ ဒဏ်ရာများရရှိကာ လှိုင်သာယာဆေးရုံသို့ တင်ပို့ ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများမှ သေဆုံးသူ အမျိုးသားနှင့် ပတ်သက်ပြီး ကိုယ်ရေး အချက်အလက်များအား စုံစမ်းရာ သေဆုံးသူမှာ ရှမ်းပြည်နယ်ရှိ တပ်ရင်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် တပ်သား ကို ....(၁၉ နှစ်) ဆိုသူ ဖြစ်ကြောင်း သိရပြီး ၎င်းသည် ခွင့်ဖြင့် လှိုင်သာယာမြို့နယ်ရှိ မိသားစုထံ ခေတ္တပြန်လည် ရောက်ရှိနေသူဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ YBS အမှတ် (၇၉) ယာဉ်မောင်းဖြစ်သူကို သောင်ကြီးနယ်မြေရဲစခန်းက ယာဉ် (ပ)၃၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

Most Read

Most Recent