ဆီးဂိမ်းစ်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ ကစားသမား လျှော့ချခဲ့ပြီး ၃၈၄ ဦးဖြင့် ယှဉ်ပြိုင်မည်

ဆီးဂိမ်းစ်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ ကစားသမား လျှော့ချခဲ့ပြီး ၃၈၄ ဦးဖြင့် ယှဉ်ပြိုင်မည်
Published 31 July 2017

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့သည် အားကစားသမားများ လျှော့ချခဲ့ပြီး စုစုပေါင်း ၃၈၄ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့သည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်း ၃၈ မျိုးအနက် ၂၉ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မူလက အားကစားသမား ၄၅၀ ကျော်ဖြင့် ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိနိုင်သည့် ကစားသမားများကို ဦးစားပေးရွေးချယ်ခဲ့သောကြောင့် ကစားသမားအရေအတွက် လျှော့ချခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း ၂၉ မျိုးအနက် ဘောလုံးအားကစားနည်း၌ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၀ ဖြင့် အင်အားအများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖူဆယ်အသင်းက ၂၈ ဦး၊ ဘော်လီဘောအသင်းက ၂၄ ဦး၊ ပိုက်ကျော်ခြင်းအသင်းက ၂၃ ဦး၊ ဘတ်စကက်ဘော အသင်းက ၂၂ ဦး ဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

ယခုပြိုင်ပွဲတွင် လှေလှော် အားကစားနည်း ပါဝင်လာခြင်း မရှိသောကြောင့် ယခင်ပြိုင်ပွဲများတွင် အင်အားအများဆုံး ယှဉ်ပြိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့ ပါဝင်လာခြင်းမရှိဘဲ ဘောလုံးအသင်းက အင်အားအများဆုံးဖြင့် ရပ်တည်နေခြင်း ဖြစ်သည်။ မြန်မာအားကစားအဖွဲ့သည် ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီသို့ မူလက ပေးပို့ထားသည့် ကစားသမားစာရင်းတွင်  အင်အား ၄၅၇ ဦးရှိသော်လည်း အပြီးသတ် ရွေးချယ်ရာတွင် ၇၀ ကျော် လျော့ကျသွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent