ရေကြောင်းဖြင့် တရားမဝင် သစ်ခိုးထုတ်မှုအား ရှာဖွေရာတွင် တမလန်းသစ်ချောင်း ၁၂၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သိမ်းဆည်းရမိခဲ့သည့် သစ်များမှာ ဗန်းမော်မြို့နယ် စင်းခန်းဘိနယ် စင်းခန်းကျေးရွာ အရှေ့မြောက်ဘက် ငါးမိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်း နံဘေးတွင် စက်လှေတစ်စင်းပေါ်မှ တရားမဝင် တမလန်းခွဲသား ဆိုက်စုံ ၁၂၁၃ ချောင်းဖြစ်ကြောင်း၊ တရားမဝင် သစ်နှင့် စက်လှေအပါအဝင် ဆက်စပ်ပတ်သက်သူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေကြောင်းဖြင့် တရားမဝင် သစ်ခိုးထုတ်ခြင်းကို ယခုလအတွင်း ဖမ်းဆီးရမိမှု များပြားလျက်ရှိပြီး ယခုဖြစ်စဉ် မတိုင်မီက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရှာဖွေခဲ့ရာတွင် ကျွန်းသစ်လုံး ၄၀၀ ကျော်နှင့် ကျွန်းသစ်ချောင်း ၃၆၀ ခန့် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မလယ်ဘိနယ် ဧရာဝတီမြစ် အတွင်းမှ ဖောင်တွဲ၍ ခိုးယူသယ်ဆောင်လာသည့် ကျွန်းသစ် ၄၀၁ လုံး၊ ကျွန်းခွဲသား ၁၀၄ ချောင်းနှင့် ကျွန်းပကာ ၂၅၆ ချောင်း စုစုပေါင်းတန်ချိန် ၉၀ ခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။