အရွယ်မရောက်သေးသည့် နဝမတန်း ကျောင်းသူအား ခိုးယူပေါင်းသင်းခဲ့သည့် အမျိုးသားအား အနောက်ပိုင်းခရိုင် တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ကြောင်း ဇူလိုင် ၂၉ ရက်က သိရသည်။
အဆိုပါ အမျိုးသားအား ဇူလိုင် ၂၈ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံး၊ ဒုတိယခရိုင် တရားသူကြီး ၁၄ က တရားရုံး အမှုအမှတ် ၉၇/၂၀၁၆ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ အရ ထောင်ဒဏ် ငါးနှစ် ကျခံစေရန်နှင့် ပြစ်ဒဏ်နှစ်ရပ်လုံးအား တပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအမှုမှာ မရမ်းကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူအား ၎င်းနှင့် တစ်ရပ်ကွက်တည်းနေထိုင်သူ ကိုလေး (ခ) သန့်ဇင်ဟိန်း (၂၃ နှစ်) က ခိုးယူပေါင်းသင်းကာ သားမယားပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ် ၄ ရက်တွင် မရမ်းကုန်းမြို့နယ်နေ ဒေါ်...သည် ယင်းနေ့ညနေပိုင်းတွင် သမီးဖြစ်သူ နဝမတန်းကျောင်းသူမှာ ကျောင်းဆင်းချိန်အထိ နေအိမ်သို့ ပြန်မလာသဖြင့် လိုက်လံစုံစမ်းခဲ့ကြောင်း သိရသည်။
ထိုသို့ စုံစမ်းရာ သမီးဖြစ်သူအား တစ်ရပ်ကွက်တည်းတွင် နေထိုင်သည့် ကိုလေး (ခ) သန့်ဇင်ဟိန်းက ရွှေပြည်သာရှိ ၎င်း၏ မွေးစားမိဘများ နေအိမ်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ယင်းသို့ ခေါ်ဆောင်သွားကြောင်း ဒေါ်....မှ သိရသဖြင့် အဆိုပါ နေအိမ်အား သွားရောက်ရှာဖွေရာ သမီးဖြစ်သူနှင့် ကိုလေး (ခ) သန့်ဇင်ဟိန်းတို့အား တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ထို့နောက် သမီးဖြစ်သူ နဝမတန်း ကျောင်းသူအား မေးမြန်းရာ ကိုလေး (ခ) သန့်ဇင်ဟိန်းနှင့် သမီးဖြစ်သူတို့မှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက ရည်းစားဖြစ်နေကြပြီး သားမယားအဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသဖြင့် မရမ်းကုန်း မြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ သက်ဆိုင်ရာ ရဲစခန်းက (ပ) ၆၄၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။