ဟင်္သာတ တက္ကသိုလ်ဝင်းအတွင်း၌ အရပ်သားတစ်ဦးက ကတ်ကြေးဖြင့်ထိုးသဖြင့် ဝန်ထမ်းသုံးဦး ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ မေ ၁၀ ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ သုံးဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဟင်္သာတတက္ကသိုလ် လျှပ်စစ်ဌာနမှ ဦးကိုကိုနိုင်၏ ဝန်ထမ်းလိုင်းခန်းသို့ ၎င်း၏သမီးဖြစ်သူနှင့် အမှုရင်ဆိုင်နေသည့် သမက်ဖြစ်သူ ရောက်ရှိလာပြီး နောက်ဖေးမီးဖိုချောင်မှ ကတ်ကြေးဖြင့် ထိုးခဲ့ရာ ဦးကိုကိုနိုင်တွင် ထိုးသွင်းဒဏ်ရာနှင့် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ကျူးလွန်သူမှာ ဆိုင်ကယ်ဖြင့် မောင်းထွက်သွားပြီး တက္ကသိုလ်လေးထပ်ဆောင်ရှိ ငွေစာရင်းဌာနတွင် အလုပ်လုပ်နေသော ဇနီးဖြစ်သူအား ကတ်ကြေးဖြင့် ထပ်မံထိုးခဲ့သဖြင့် လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတစ်ဦးက ဝင်ဆွဲခဲ့ရာ အထိုးခံရသူနှင့် ဝင်ဆွဲသူနှစ်ဦးစလုံး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ အမှုမှ ကျူးလွန်သူသည် ဇနီးဖြစ်သူနှင့် တရားရုံးတွင် အမှုရင်ဆိုင်နေရသူဖြစ်ပြီး တရားဝင် ကွာရှင်းနိုင်ရေး ဆောင်ရွက်နေမှုအား မကျေမနပ်ဖြစ်ကာ ထိုသို့ဒေါသအလျောက် ပြုမူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဟင်္သာတမြို့မရဲစခန်း၌ (ပ) ၄၂၇ / ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။