ကြည့်မြင့်တိုင်မြို့နယ် ဆင်မလိုက်မီးပွိုင့်အနီး၌ ဖွင့်လှစ်ရောင်းချနေသည့် လမ်းဘေးထမင်းကြော်ဆိုင်တစ်ဆိုင်အား ကွန်တိန်နာယာဉ်တစ်စီးက အရှိန်လွန်၍ ဝင်တိုက်မိရာ ထမင်းစားနေသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီ ၃ ရက် နံနက် ၁၂ နာရီခွဲခန့်တွင် ကြည့်မြင်တိုင်မြို့နယ် ဘုရင့်နောင်လမ်းမတစ်လျှောက် မောင်းနှင်လာသော ကုန်တင်ယာဉ်တစ်စီးသည် ယင်းလမ်းမနံဘေး၌ ရှိသော ထမင်းကြော်ဆိုင်တစ်ဆိုင်အား အရှိန်လွန်၍ ဝင်တိုက်မိရာ ထမင်းကြော်ဆိုင်တွင် ထမင်းစားနေသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် ထမင်းကြော်ဆိုင်ကို ဝင်တိုက်မိသည့် ကွန်တိန်နာယာဉ် မောင်းနှင်သူမှာ အသက် ၁၈ နှစ်အရွယ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းအား သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။
“ထမင်းကြော်ဆိုင်ကို ဝင်တိုက်မိတဲ့ ကုန်ကားကို မောင်းတဲ့ကောင်လေးက အသက် ၁၈ နှစ်လောက်ပဲ ရှိမယ်ထင်တယ်။ သူ့ကိုတော့ သက်ဆိုင်ရာက ခေါ်ဆောင်သွားတာကို တွေ့တယ်။ ပျက်စီးမှုတွေကတော့ လက်ရှိတွေ့တဲ့အတိုင်း ထမင်းကြော်ဆိုင် တစ်ဆိုင်ရယ်၊ ဘေးမှာရှိတဲ့ ရေသန့်ပုံးတင်တဲ့ လိုက်ထရက်ပ်တစ်စီးရယ်၊ ကုန်ကားရယ်ကတော့ တော်တော်ပျက်စီးသွားတာ တွေ့တယ်” ဟု ယာဉ်တိုက်မှုအား မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောကြားသည်။
ယင်းယာဉ်တိုက်မှုဖြစ်စဉ်အား သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့တို့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။