ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်း၊ တင်ပို့ခြင်းဆိုင်ရာ ထောက်ခံချက်များ ထုတ်ပေးတော့မည် မဟုတ်သဖြင့် လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်များ လျှောက်ထားရန် ညွှန်ကြား

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်း၊ တင်ပို့ခြင်းဆိုင်ရာ ထောက်ခံချက်များ ထုတ်ပေးတော့မည် မဟုတ်သဖြင့် လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်များ လျှောက်ထားရန် ညွှန်ကြား
Published 6 May 2018

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအား ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်းဆိုင်ရာ ထောက်ခံချက်များ ထုတ်ပေးတော့မည် မဟုတ်သဖြင့် လုပ်ငန်းလုပ်ကိုင်လိုသူများ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်များ လျှောက်ထားရမည်ဖြစ်ကြောင်း ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟို ကြီးကြပ်ရေးအဖွဲ့မှ ညွှန်ကြားချက်အမှတ် (၁/၂၀၁၈) ဖြင့် ထုတ်ပြန်လိုက်သည်။

ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၄၇၊ ပုဒ် မခွဲ (ခ)အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထုတ်ပြန်ခြင်းဖြစ်သည်။

ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဓာတုပစ္စည်း (သို့မဟုတ်) ဆက်စပ်ပစ္စည်းများကို နိုင်ငံတွင်းမှတစ်ဆင့် ဖြတ်သန်းကုန်သွယ်ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း (သို့မဟုတ်) ပြည်ပသို့တင်ပို့ခြင်းကိစ္စအတွက် ထောက်ခံချက်ကို ထုတ်ပေးခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်း ပြုလုပ်နိုင်သည်ဟု ပြဋ္ဌာန်းထားရှိသဖြင့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအား ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းများ လုပ်ကိုင်လိုသူ လုပ်ငန်းရှင်များအနေဖြင့် ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ထောက်ခံချက်ကို ရယူနိုင်ရန်အလို့ငှာ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းကို ဦးစွာပြုလုပ်ရမည်ဖြစ်သည်။

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း ဥပဒေပုဒ်မ (၇) ပါ ပြဋ္ဌာန်းချက်များအရ ဗဟိုဦးစီးအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၆) ဖြင့် ၂၀၁၆ ခုနှစ် ဇွန် ၃၀ ရက်မှသာလျှင် ဗဟိုကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ယင်းသို့ဖွဲ့စည်းရန် ဆောင်ရွက်နေစဉ်ကာလအတွင်း ဗဟိုကြီးကြပ်ရေးအဖွဲ့ကိုယ်စား စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနအနေဖြင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အလို့ငှာ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းမရှိသေးသော လုပ်ငန်းရှင်များအား ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းတို့အတွက် ထောက်ခံချက်များကို ၂၀၁၆ ခုနှစ် မတ် ၂၄ ရက်မှစ၍ အခမဲ့ထုတ်ပေးခဲ့သည်။

လက်ရှိအချိန်တွင် ဗဟိုကြီးကြပ်ရေးအဖွဲ့သည် မိမိတို့၏လုပ်ငန်းတာဝန်များကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးကို ရည်ရွယ်လျက် လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ် မရှိသေးသော လုပ်ငန်းရှင်များသို့ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအား ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပတင်ပို့ခြင်းဆိုင်ရာ ထောက်ခံချက်များကို ခွင့်ပြုထုတ်ပေးတော့မည် မဟုတ်သဖြင့် ထောက်ခံချက်ရယူလိုသူ လုပ်ငန်းရှင်များအနေဖြင့် ယခုညွှန်ကြားချက် ထုတ်ပြန်သည့်နေ့မှစ၍ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်တို့ကို ဥပဒေနှင့်အညီ လျှောက်ထားကြရမည်ဖြစ်ကြောင်း ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

Most Read

Most Recent