LD ပါတီ ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဦးကိုနီကို လုပ်ကြံခံရခြင်းနှင့် ဆက်စပ်၍ မြဝတီမြို့တွင် နေထိုင်သည့် မြင့်ဆွေဆိုသူကို စစ်ဆေးရန် ရန်ကုန်သို့ ရဲအရာရှိတစ်ဦးက သွားရောက်ပို့ပေးလျက်ရှိကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဆင့်မြင့်ရဲအရာရှိတစ်ဦး ပြောကြားချက်အရ သိရသည်။
“သူ့ကို တွေ့ချင်လို့ ရပ်ကွက်ရုံးကတဆင့် ဆင့်ခေါ်တော့ သူလာတယ်လို့ သိရတယ်။ ပြီးတော့ ရဲစခန်းကို ခေါ်စစ်တယ်။ တရားခံမြင့်ဆွေ ဟုတ် မဟုတ် ဆိုတာကတော့ မသိသေးပါဘူး။ အထက်ကညွန်ကြားချက်နဲ့ သူ့ကို ရန်ကုန် မင်္ဂလာဒုံရဲခစန်းကို ရဲအရာရှိတစ်ဦးက ဒီမနက် အစောကြီးကဘဲ သွားရောက်ပို့ဆောင်နေပါပြီ။ တရားခံမြင့်ဆွေ ဟုတ် မဟုတ် ဆိုတာကိုတော့ ရန်ကုန်မှာဘဲ ဆက်လက် စစ်ဆေးပါလိမ့်မယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ပြောကြားသည်။
အဆိုပါ ပျံံ့နှံ့နေသည့် သတင်းများနှင့် ပတ်သက်ပြီး ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းအား ဆက်သွယ်မေးမြန်းရာ ၎င်းက ဦးကိုနီအား လုပ်ကြံရန်ခိုင်းစေသည့် မြင့်ဆွေဆိုသူအား ဖမ်းမိသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်။
“ဖမ်းမိတာ မဟုတ်သေးပါဘူး။ ဒီသတင်းက ကောလဟာလ သတင်းအမှားလို့ ပြောလို့ရတယ်။ လောလောဆယ်တော့ ထူးခြားမှု မရှိသေးပါဘူး။ ကွင်းဆက်တရားခံကို ဖမ်းမိဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ပြီး ဆောင်ရွက်နေပါတယ်” ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဖေဖော်ဝါရီ ၁ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
မြဝတီမြို့မှ ခေါ်ဆောင်လာသည့် မြင့်ဆွေဆိုသူမှာ ဦးကိုနီကို လုပ်ကြံရန် ခိုင်းစေသူ ဟုတ်၊ မဟုတ်ကိုမူ ရဲတပ်ဖွဲ့မှ အတည်မပြုနိုင်ခြင်း မရှိသေးပေ။