ရန်ကုန်တိုင်းအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် အိမ်ရာ၊ စက်မှုကဏ္ဍနှင့် စီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်းများပါဝင်မည့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းအစီရင်ခံစာ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ

ရန်ကုန်တိုင်းအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် အိမ်ရာ၊ စက်မှုကဏ္ဍနှင့် စီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်းများပါဝင်မည့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းအစီရင်ခံစာ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ
Published 4 May 2018

ရန်ကုန်တိုင်းအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းများ၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးစီမံကိန်းများ၊ စီးပွားရေး အဆောက်အအုံဖွံ့ဖြိုးရေး စီမံကိန်းများပါဝင်မည့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းအစီရင်ခံစာ (၂၀၁၈-၂၀၂၁) အား တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာအား မေ ၃ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

“မြို့ပြအလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ဆယ်စုနှစ် နှစ်ခုအတွင်း လူဦးရေ ၁၀ သန်းကျော်နဲ့ မြို့ကြီးမဟာ (Mega City) အဆင့်ရောက်ရှိလာမယ့် ရန်ကုန်မြို့အတွက် မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး ပင်မစီမံကိန်းပုံစံ (Greater Yangon 2040 Master Plan) နဲ့အညီ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် စနစ်တကျဖော်ဆောင်ခြင်းဖြင့် မြို့ပြစိန်ခေါ်မှုများဖြစ်တဲ့ ယာဉ်ကြောကျပ်တည်းမှု၊ မြို့ပြအခြေခံအဆောက်အအုံ လျော့နည်းပြတ်လပ်မှု၊ အိမ်ရာမလုံလောက်မှုနဲ့ မြို့ပြဆင်းရဲနွမ်းပါးမှုတို့ကို ကျော်လွှားနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ၊ အိမ်ရာများ၊ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများနဲ့ ထိရောက်တဲ့ မြို့ပြသယ်ယူပို့ဆောင်ရေး စနစ်များပါဝင်တဲ့ ကောင်းမွန်သော မြို့ပြပတ်ဝန်းကျင်တစ်ရပ်ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း အစီရင်ခံစာ (၂၀၁၈-၂၀၂၁) တွင် အဆိုပြုထားသည့် သယ်ပို့ဆောင်ရေး စီမံကိန်းများမှာ လုပ်ငန်းစီမံကိန်းများမှာ ငွေပင်လယ်ကုန်းတွင်း ဆိပ်ကမ်းနှင့် ကုန်သေတ္တာလွင်ပြင် (Dryport and ICD) စီမံကိန်း၊ စမ်းကြီးဝပို့ဆောင်ရေးဗဟို (Transportation Hub) စီမံကိန်းတို့ဖြစ်ပြီး အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းများမှာ နိုင်ငံ့ဝန်ထမ်း အငှားနှင့်နိုင်ငံ့ ဝန်ထမ်း/ပြည်သူ့တန်ဖိုးနည်း/တန်ဖိုးသင့် အရောင်းအိမ်ရာစီမံကိန်း၊ ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း၊ ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း၊ ရန်ကင်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း၊ ဝေဠုဝန်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း တို့ဖြစ်ကြောင်း သိရသည်။

စက်မှုဖွံ့ဖြိုးရေး စီမံကိန်းများအနေဖြင့် Smart & Eco City စီမံကိန်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ခေတ်မီစက်မှုဇုန်စီမံကိန်းတို့ဖြစ်ကြောင်း သိရပြီး စီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုးမှုစီမံကိန်းများမှာ မရမ်းကုန်းဗီလာ အဆင့်မြင့်စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး (Commercial and Mixed Development) စီမံကိန်း၊ ပါရမီအဆင့်မြင့် စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး (Commercial and Mixed Development) စီမံကိန်း၊ (င)- ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၊ ပြည်သူ့ဘဝမြှင့်တင်ရေး မြို့သစ်စီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြို့မှာ ယာဉ်ကြောကျပ်တည်းမှုကြောင့် မြို့ပြသယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်စီးဆင်းမှုနှေးကွေးခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ခရီးသွားကြာမြင့်ခြင်းတို့မှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ကျဆင်းခြင်းနဲ့ လူထုရဲ့ လူမှုစီးပွားဘ၀ ထိခိုက်မှုတို့ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် မြို့ပြသယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်စေရန်အတွက် မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ အစိုးရမြေပေါ်မှာ အဝေးပြေးယာဉ်များ၊ မြို့တော် YBS Bus များနဲ့ မြို့ပတ်ရထားတို့ကို ချိတ်ဆက်ပို့ဆောင်ပေးမယ့် သယ်ယူပို့ဆောင်ရေး ဗဟို Transportation Hub ကို ဖော်ဆောင်နိုင်ရန် အဆိုပြုခြင်း ဖြစ်ပါတယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

 

Most Read

Most Recent