ချစ်သူနောက် ခိုးရာလိုက်ရန် ခြောက်လွှာတိုက်ခန်းမှ အဝတ်ကြိုးဖြင့်ဆင်းသည့် မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံးမှု ဧပြီ ၃၀ ရက်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။
အဆိုပါဖြစ်စဉ်မှာ ဧပြီ ၃၀ ရက် နံနက် ၂ နာရီ ဝန်းကျင်ခန့်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ပြည်သာယာအိမ်ရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
အခင်းမဖြစ်မီ ညပိုင်းက သေဆုံးသူ မိန်းကလေးသည် ချစ်သူနောက်သို့ခိုးရာလိုက်ပြေးစဉ် အစ်မဝမ်းကွဲတစ်ဦးက တွေ့ရှိပြီး နေအိမ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် မိခင်ဖြစ်သူထံ ဖုန်းဆက်အကြောင်းကြားနေစဉ် သေဆုံးသူမိန်းကလေးမှာ နေအိမ်ရေချိုးခန်းအတွင်းသို့ ဝင်ရောက်ကာ အထဲမှ ဂျက်ချပြီး ရေချိုးခန်းအတွင်းရှိ အဝတ်များကို ကြိုးကဲ့သို့ချည်နှောင်၍ ပြတင်းပေါက်မှတစ်ဆင့် တွယ်ဆင်းရာမှ ကြိုးပြတ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သေဆုံးတဲ့ကလေးမလေးက သူ့ရည်းစားနဲ့ ခိုးရာလိုက်ပြေးတဲ့အချိန်မှာ အစ်မတစ်ယောက်ကတွေ့လို့ အိမ်ပြန်ခေါ်လာတာ။ ပြန်ရောက်တော့ သူ့အမေကိုဖုန်းဆက်တုန်း ရေချိုးခန်းထဲဝင်သွားပြီး အထဲက အဝတ်တွေနဲ့ ကြိုးလုပ်ပြီးဆင်းရာကနေ ကြိုးပြတ်ပြီး သေဆုံးရတာပါ” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။
မိန်းကလေးရုပ်အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ရန်ကင်းမြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၄/၁၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။