တွေးမိသော နေ့တစ်နေ့

တွေးမိသော နေ့တစ်နေ့
Published 29 April 2018

ဗိုလ်အောင်ကျော်လမ်း စာအုပ်ဈေးတွင် စာရေးသူ-စာဖတ်သူ ဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျည်စိုးမြင့်)

(၁) ကျွန်တော်၏အတွေးများသည် စာပေဟောပြောပွဲအတွက် ပြင်ဆင်နေကြသူများကို ကြည့်နေရင်း အတိတ်သို့ ရောက်သွားမိသည်။ စာရေးဆရာ ဒါရိုက်တာရုပ်ရှင်မင်းသား ဗိုလ်ဗကိုသည် ရခိုင်ပုဆိုး အနီရဲရဲ၊ တက်ထရက်တိုက်ပုံ အဖြူဆွတ်ဆွတ်နှင့်ဖြစ်ပြီး စာရေးဆရာကြီး စိန်ခင်မောင်ရီက နေမကောင်းပျောက်စဟု ဆိုကာ လောင်းကုတ်ရှည်ကြီး ဝတ်ဆင်ထားသည်။ စာရေးဆရာကြီး ဦးအောင်သင်းကတော့ တိုက်ပုံအင်္ကျီ အညိုရောင်လေးနှင့်ဖြစ်ပြီး ပုဆိုးအရောင်ကိုမူ မမှတ်မိတော့ပါ။

အထိမ်းအမှတ်အဖြစ် ကျင်းပသည့် စာပေပြိုင်ပွဲများမှ ဆုရရှိသူများကို စာရေးဆရာကြီးများကိုယ်တိုင် ပေးအပ်ချီးမြှင့်သည်။ ဆုပေးပွဲပြီးတော့ ဟောပြောပွဲအခမ်းအနား စတင်သည်။ စာရေးဆရာ ဗိုလ်ဗကို ပြောဟောနေသည့် ရုပ်ရှင်မင်းသား ကျော်ဟိန်းနှင့် မင်းသမီး စန္ဒာအကြောင်းကို ပရိသတ်က စိတ်ဝင်တစား နားထောင်နေကြသည်။ ကျော်ဟိန်း လမ်းလျှောက်ပုံကို “ပေါင်ကြားထဲ အုန်းသီးကြီး ညှပ်ထားသလိုပဲ” ဟု မြင်သာအောင် ပြောသောအခါ တဝါးဝါးနှင့် သြဘာပေးကြသည်။ မင်းသမီးစန္ဒာအကြောင်း ပြောပြသောအခါ သနားဂရုဏာသက်ကြပြန်သည်။ ဆရာ စိန်ခင်မောင်ရီကတော့ ဘာသာပြန် ရသစာပေအကြောင်း ပြောပြီး သူဘာသာပြန်ခဲ့ဖူးသည့် အနာတဟန် ဝတ္ထုရှည်အကြောင်းကို စကားဆက်သည်။ ပရိသတ်က တိတ်ဆိတ်ငြိမ်သက်စွာ ရသရေလျဉ်မှာ မျောနေကြသည်။ ဆရာဦးအောင်သင်းကတော့ လူငယ်တွေကို ဦးတည်ချက်ထားပြီး ဟောပြောသွားပါသည်။

(၂) “စာစီစာကုံးကို ဘယ်အချိန်မှာစပြီး ရေးဖူးခဲ့သလဲ” ဟု ပြန်စဉ်းစားကြည့်မိလျှင် စာဆိုတော်ရာသီဟူ၍ သတ်မှတ်ထားသော နတ်တော်လထဲတွင် ရေးခဲ့ဖူးသည်ကို ပြန်အမှတ်ရမိသည်။ ဆောင်း၏ အအေးဓာတ်ကြောင့် ဖောင်တိန်ကိုင်ရသည်မှာ လက်များကျင်နေသည်ကိုလည်း ပြန်သတိရမိသည်။ ကြာတော့ အတော့်ကိုကြာခဲ့ပြီ ဖြစ်ပါသည်။ နှစ်ပေါင်း ၃၀ ပင် ကျော်ရော့မည်။

ထိုစဉ်က စာပေဟောပြောပွဲဟူသည် မြို့တိုင်း၊ ရွာတိုင်းအတွက် တကယ့်ကို ထွတ်ထွတ်မြတ်မြတ် ဒုလ္လဘတရားတစ်ခု ဖြစ်ခဲ့ဖူးပါသည်။ ယနေ့အချိန်အခါလို ၁၂ လရာသီ စာပေဟောပြောပွဲခေတ် မဟုတ်ပါ။ စာရေးဆရာကြီး၊ စာရေးဆရာမကြီးများကို ထိုအချိန်အခါ၌သာ ခရီးတွင်တွင် သွားကြသည်ကို တွေ့မြင်ရသည်။

ကျွန်တော်တို့ မြို့လေးတွင်ရှိသော စာပေချစ်မြတ်နိုးသူများသည် ထိုကာလသို့ရောက်လျှင် စာပေဟောပြောပွဲ ကျင်းပမည့် ရက်မတိုင်မီ ငါးရက်တစ်ပတ်ခန့်စော၍ စာပေပြိုင်ပွဲများ ကျင်းပပေးကြသည်။ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ စသည့် ပြိုင်ပွဲများအပြင် ကျွန်တော်တို့လို ပဉ္စမတန်းကျောင်းသားလေးများအတွက် စာစီစာကုံးပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပပေးခဲ့သည်။ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ စသည့် စာမူများက မိမိနေအိမ်တွင် ရေးသားနိုင်ကြသော်လည်း စာစီစာကုံးကိုမူ ရေးသားချိန် တစ်နာရီ သတ်မှတ်ပေးကာ စာသင်ခန်းအတွင်း ဖြေဆိုကြရသည်။

‘တို့ဖေဖေ’ စာစီစာကုံးကို ရေးသားသည့် ငါးတန်းကျောင်းသား ကျွန်တော်သည် ကလေး အတွေးထက်တော့ ကျော်လွန်၍မရခဲ့ပါ။ ကျွန်တော်သာ နတ်သားလေးဖြစ်ပါက တာဝတိံသာနတ်ပြည်သို့ ပန်းရထားလေးဖြင့်တင်ပြီး ဖေဖေ့ကို ခေါ်သွားချင်ပါသည်ဟူ၍ ကျွန်တော် ရေးမိလျှင် ဆုရွေးချယ်သောအဖွဲ့က လူးလွန့်လေသော စိတ်ကူးကို ကလေးအရွယ်နှင့် မတန်ဘူးဟူ၍ အကဲဖြတ်ကြပေမည်။ ‘ဆိပ်ကမ်းသာ’ စာစီစာကုံး၌

ဆိပ်ကမ်းရယ်သာ
အိပ်တန်းကိုယ်စီရှာကြ
သောင်ဖီလာသီတာဦးမှာ
လင်းပြာကမြူး...ဟူ၍ ကဗျာလေး ထည့်ရေးလိုက်ပါက ငါးတန်းကျောင်းသား ကျွန်တော်၏စာကွန့်မှုကို အတွန့်တက်ကောင်း တက်ကြပေမည်။ ယခုအရွယ်မှသာ ထိုအတွေးဝင်ခဲ့ရခြင်း ဖြစ်ပါသည်။

အစွန်းအထင်း နည်းပါးလှသော ထိုအရွယ်က ရိုးသားစွာ မတွေးမိခဲ့ပါ။ စာဆိုတော်နေ့ အထိမ်းအမှတ်ပြိုင်ပွဲတိုင်း၌ ရေးခဲ့ဖူးသမျှ စာစီစာကုံးတိုင်းသည် ရိုးသားမှု အပြည့်ပါခဲ့သည်။

(၃) ငယ်စဉ်အခါက စာစီစာကုံးတစ်ပုဒ် ရေးသားရာတွင် နိဒါန်း၊ စာကိုယ်၊ နိဂုံးစလယ်ဆုံး သုံးပါးစလုံး ညီညွှတ်မျှတစေရန် ကြိုးစားခဲ့ရပါသည်။ အများသောအားဖြင့် နိဒါန်းတွင် အစပျိုးထားခဲ့သည်များကို စာကိုယ်တွင် တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ရုပ်လုံးသွင်းရင်း နိဂုံးတွင် အချောသတ်ပြီးစီးနိုင်ရန် ကြိုးစားအားထုတ်ရပါသည်။ ထိုသို့ဖြစ်မှသာ ဆုရွေးချယ်ရေးအဖွဲ့က နှစ်သက်သော စာစီစာကုံးတစ်ပုဒ်အဖြစ် သတ်မှတ်ခံရပါသည်။

ငယ်စဉ်ဘဝက စာစီစာကုံးနှင့် ယဉ်ပါးခဲ့သော ကျွန်တော်သည် တစ်ခါတရံ၌ ရသစာတမ်းငယ်လေးများကို ရေးသားချင်လာမိသည်။ လူမှုဘဝထဲ သွားလာနေထိုင်ရင်း တွေ့ကြုံခဲ့ရသည်များကို ရင်းနှီးခင်မင်စွာ ဖောက်သည်ချချင်လာသည်။ နာခဲ့ရခြင်းများ၊ သာခဲ့ရခြင်းများ၏ အကျိုးအပြစ်တို့ကို သံဝေဂယူရင်း အရာရာကို ကတ္တားချမိလာပါသည်။

ငယ်စဉ်ကလေးဘ၀ စာစီစာကုံး ရေးသားရာ၌ ဆရာဗန်းမော်တင်အောင်ကဲ့သို့၊ ဆရာကြီးဒဂုန်တာရာကဲ့သို့ ရဲရင့်ခွင့်မရ၊ နုထွတ်ဆန်းသစ်ခွင့် မရသည်များကို ယခုအချိန်မှာ အတိုးချ ရေးချင်မိတော့သည်။

ဆရာသိန်းဖေမြင့်သည်လည်း ‘ကျောင်းစာစီစာကုံးမှ ရသစာပေဆီသို့’ ဟူသောခေါင်းစဉ်ဖြင့် သူ့ကျောင်းသားဘ၀ အတွေ့အကြုံကို ဖော်ပြခဲ့ဖူးသည်။ ကျွန်တော်သည်လည်း ငယ်စဉ်ကလေးဘဝက ရေးသားခဲ့ဖူးသည့် ‘တို့ဖေဖေ’ စာစီစာကုံးကို ဆရာသိန်းဖေမြင့် ရေးသားသည့် ‘အမေ’ စာတမ်းငယ်ကဲ့သို့ ကလောင် လူးလွန့်ချင်လာမိသည်။

အလားတူပင် ‘ဆိပ်ကမ်းသာ’ စာစီစာကုံးကို ယခုအချိန်တွင် ရသစာတမ်းငယ်အဖြစ် ရေးခွင့်ရပါက ငယ်ဘ၀ စာစီစာကုံးရေးသားသကဲ့သို့ ဆိပ်ကမ်း၏ သာယာပုံလေးနှင့် တင်းတိမ်မနေနိုင်တော့ဘဲ ဧရာဝတီမြစ်ရေများ နောက်ကျိသွားပုံ၊ ထိုသို့ဖြစ်ရသည်မှာ မေခနှင့် မလိခမြစ်နှစ်သွယ်မှ ရေအားလျှပ်စစ် ထုတ်ယူရန် ကြံစည်နေကြသည့် လောဘသမားများကြောင့် ဖြစ်ရပုံ၊ မြစ်၏အထက်ပိုင်းမှ ရွှေဖောင်များဖြင့် ရွှေရှာနေကြသော လောဘသမားများ အတောမသတ်နိုင်ကြပုံ စသဖြင့်သော အတွေးများကိုပါ ထည့်သွင်းရေးသားမိလေမည်လား စဉ်းစားမိပါသည်။

ထိုသို့ စဉ်းစားနေမိရင်း ကျွန်တော့် အတွေးများ ထက်မြက်လာကြသည်မှာ နိုင်ငံတော်အစိုးရတစ်ရပ်ဆီသို့ပင် ပေါက်ရောက်သွားပါသည်။ သူတို့သည် အစိုးရမဖြစ်မီ နိုင်ငံရေးပါတီအဖြစ် မဲဆွယ်စဉ်က အစိုးရဖြစ်လျှင် ပြည်သူလူထုအား ဘာတွေ လုပ်ပေးကြမည်။ ညာတွေ လုပ်ပေးကြမည်။ ငြိမ်းချမ်းရေး ရအောင် ဘယ်နည်းဘယ်ပုံ ကြိုးစားပါမည်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေကို ဘယ်လိုဝန်ဆောင်ပေးပါမည်။ ပြည်သူလူထု၏ သားသမီးသဖွယ် ကျင့်ကြံနေထိုင်ကြပါမည် စသဖြင့်သော ကတိကဝတ် ပေါင်းများစွာကိုပေး၍ စည်းရုံးခဲ့ကြပါသည်။ ထိုကာလများကို စာစီစာကုံးတစ်ပုဒ်နှင့် ယှဉ်ထိုးကြည့်ပြီး နိဒါန်းအစဟု ကျွန်တော် သဘောထားကြည့်သည်။ အစိုးရဖြစ်လာပြီး ကာလများကိုတော့ စာကိုယ်ဟု တွေးထား၊ တေးထားလိုက်သည်။ ကျွန်တော်တို့ကတော့ ဆုရွေးချယ်ရေးအဖွဲ့ဝင်များဖြစ်ကြသည်ဟု ဘာသာမှတ်ယူထားလိုက်သည်။

အစိုးရတစ်ရပ်၏ ၎င်းတို့သက်တမ်းအတွင်း လုပ်ကိုင်ဆောင်ရွက်ကြသည့် ကောင်းခြင်း၊ သင့်ခြင်း၊ ညံ့ခြင်းများကို သက်တမ်းအလိုက် စိစစ်တိုင်းတာပြီး စာစီစာကုံးတစ်ပုဒ် အဖြစ် စိတ်ကူးယဉ်ကြည့်နေမိသော ကျွန်တော့်အတွေးများသည် ရသများဖြင့် နွယ်ယှက်ကာ နုရာမှ ရင့်လာခဲ့ရပါသည်။

ဆရာများ၏ အဆိုအရ ဆောင်းပါးသည် စာရေးသူ၏ ဦးနှောက်မှလာ၍ ရသစာတမ်းငယ်သည်စာရေးသူ၏ နှလုံးသားမှလာသည်ဟု မှတ်သားခဲ့ရဖူးပါသည်။ ဆောင်းပါးသည် အချက်အလက် အားကိုးကာ ရေးဖွဲ့သောကြောင့် သူစိမ်းဆန်ပြီး သိစရာ၊ မှတ်စရာ သုတများသည်ဟုလည်း သိရပါသည်။ ရသစာတမ်းငယ်မှာတော့ ကြမ်းတစ်ပြေးတည်းထိုင်ပြီး စကားပြောကြသလို ရင်းနှီးနွေးထွေးစွာ ထဲထဲဝင်ဝင်ရှိသည်ဟု သိရပါသည်။ ကျွန်တော့်အနေဖြင့် သုတသာပေးသော အေးစက်စက်နိုင်လွန်းသည့် ဆောင်းပါးထက် ရသပေးသော စာတမ်းငယ်ကို ပိုမိုနှစ်သက်စွာ ခံစားတတ်ပါသည်။ ဦးနှောက်မှ လာသော သိစရာ၊ မှတ်စရာ ဗဟုသုတများထက် နှလုံးသားမှ သွေးခုန်နှုန်းနှင့်အပြိုင် ယိုစိမ့်လာသော အတွေးအမြင်ကြောင့် ပေါက်ဖွားလာသည့် စကားများကို ပိုမိုတောင့်တမိပါသည်။

အစိုးရတစ်ရပ်သည်လည်း ဆောင်းပါး ရေးသကဲ့သို့ ဦးနှောက်မှလာသော အချက်အလက်များ အားကိုးဖြင့်သာ အေးစက်စက်မနေဘဲ နှလုံးသားမှ ပေါက်ဖွားလာသော ဆင်ခြင်တွေးဆမှုများဖြင့် ကျွန်တော်တို့အား ရင်းနှီးနွေးထွေးစွာ စကားစမြည်ပြောပါလျှင် မည်မျှကောင်းလေမည်နည်းဟု တွေးမိပြန်လေသည်။ ကျွန်တော်တို့ကိုယ်တိုင်သည်လည်း စာစီစာကုံး အကဲဖြတ်သည့် ဆုရွေးချယ်ရေး အဖွဲ့ဝင်များ မဟုတ်ကြဘဲ နှလုံးသားဖြင့် ရေးထားသည်ကို နှလုံးသားဖြင့် ဖတ်ရှုနေသည့် ရသစာတမ်းငယ် ရွေးချယ်မည့် စာပေဝမ်းစာပြည့်၊ အယ်ဒီတာကြီးများ ဖြစ်ချင်လာပါသည်။

စာစီစာကုံးသည် နိဒါန်း၊ စာကိုယ်၊ နိဂုံး စလယ်ဆုံး သုံးပါးစလုံး မညီညွတ်ပါလျှင် အကဲဖြတ် အမှတ်ပေးရန် ခက်ခဲသည်ဟု သိမှတ်ခဲ့ရဖူးပါသည်။ ရသစာတမ်းငယ်ဟူသည်ကား စလယ်ဆုံး သုံးပါးလုံး မညီညွတ်ခဲ့လျှင်လည်း အမှတ်ပေး၍ ဖြစ်နိုင်မည်ထင်ပါ၏။ ချက်ကော့၏ ဝတ္ထုမဟုတ်၍ ပြောသလိုမဖြစ်ခဲ့လျှင်လည်း ခွင့်လွှတ်နိုင်မည် ထင်ပါ၏။ အရေးကြီးသည်မှာ ခပ်မာမာဆင်ခြေများ မဟုတ်ဘဲ နိဝါတတရားများပါသော နွေးထွေးမှုသာ ဖြစ်လိမ့်မည်။

(၄) စာပေဟောပြောပွဲများကို ကြုံဆုံရလေတိုင်း ငယ်စဉ်ကလေးဘဝက စာရေးဆရာကြီးများ ဟောပြောခ ဲ့ကြသည်ကို ပြန်သတိရမိသည်။ ရေးသူဖတ်သူ ဆွေးနွေးကြသည်များကို ပြန်မြင်မိသည်။ အတွေးများ ကွန့်မိသည်။ သတိအရဆုံးနှင့် ယူကျုံးမရ အဖြစ်ဆုံးမှာ ကျွန်တော်တို့မြို့လေးမှ ဆရာဗိုလ်ဗကို ပြန်သွားပြီး မကြာမီအချိန်လေးမှာ ကွယ်လွန်ခဲ့ခြင်းပင်။

(၅) ကလေးဘဝတွင် အတွေးများ လွန့်လူးခွင့်မရခဲ့ပါ။ ရေးသူဖတ်သူ ဆွေးနွေးပွဲများတွင်လည်း အသက်အရွယ်အရ မပါဝင်ခဲ့ရ။ စာရေးဆရာကြီး ဗိုလ်ဗကိုသာ သက်ရှိထင်ရှား ရှိနေသေး၍ စာပေဟောပြောပွဲ လာရောက်မည်ဆိုလျှင် “ဆရာကြီးခင်ဗျာ၊ ဆရာကြီးအနေနဲ့ လူထုအောင်သံဇာတ်လမ်းမှာ ရဲဘော် အောင်ဝင်းအဖြစ် သရုပ်ဆောင်စဉ်က ဘယ်လိုခံစားခဲ့ရပါသလဲခင်ဗျာ” ဟု မေးမိမည်လားဟု အတွေးကွန့်မိပြန်ပါသည်။

Most Read

Most Recent