လူငယ်များလက်ထဲက တရုတ်-မြန်မာချစ်ကြည်ရေး အနာဂတ်

လူငယ်များလက်ထဲက တရုတ်-မြန်မာချစ်ကြည်ရေး အနာဂတ်
Published 9 June 2026
ရေးသူ- ဧပရယ်လ်

တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့ရှိ နှစ်နိုင်ငံလူငယ်များသည် ကွဲပြားခြားနားသော နယ်ပယ်အသီးသီးတွင် ထုဆစ်ပုံဖော်နေ ကြသည်။ ပညာရေးမှသည် သိပ္ပံနည်းပညာအထိလည်းကောင်း၊ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုများမှသည် ဉာဏ်ရည်တုနည်းပညာအထိ အစရှိသော နယ်ပယ်အသီးအသီးကဏ္ဍအသီးသီးတို့တွင် ကိုယ်ပိုင်ဟန်ပန်များဖြင့် ချစ်ကြည်ရေး ပေါင်းကူးတံတားများကို တည်ဆောက်နေကြသည်။

နှစ်နိုင်ငံရှိ မြို့အသီးသီးတွင် မတူညီသောအလုပ်များကို လုပ်ဆောင်နေကြသော်လည်း တူညီသည့်လမ်းကြောင်းကို လျှောက်လှမ်းနေလျက်ရှိသည်။ အချို့မှာလည်း တောတောင်ရေမြေများကို ဖြတ်ကျော်လာရောက်ပြီး အောင်မြင်မှုအသီး အပွင့်များ ပြန်လည်ယူဆောင်သွားကြသလို အချို့မှာမူ ရောက်ရာအရပ်၌ပင် နေရစ်ခဲ့၍ အခြားသူများအတွက် ပေါင်းကူးတံတားတစ်စင်းသဖွယ် ဖန်တီးတည်ဆောက်ပေးလျက်ရှိသည်။

🟪 နယ်စပ်ဖြတ်ကျော်လာသော ပညာ 

မြန်မာနိုင်ငံမှ အသက် ၆ နှစ်အရွယ် မောင်ဟန် ဆိုသူ ကလေးငယ်သည် အရုဏ်ဦးအလင်းရောင်ဖြာထွက်ခါစ နံနက်ခင်း ၇ နာရီဝန်းကျင်လောက်တွင် မိခင်ဖြစ်သူ အားယဉ်၏ လက်ကိုဆွဲပြီး မြူခိုးများကြားမှ တရုတ်-မြန်မာနယ်စပ် အမှတ် ၇၁ နယ်ခြားမှတ်တိုင်ကို ဖြတ်ကျော်၍ တရုတ်နိုင်ငံ ရွှေလီမြို့အတွင်းသို့ သွားရောက်ခဲ့သည်။ 

၎င်းကလေးငယ်၏ လွယ်အိတ်အတွင်းတွင် သင်ယူဖတ်ရှုရသော ဖတ်စာအုပ်များကို ထည့်ထားပြီး ရင်ဘတ်ရှေ့တွင် “နယ်စပ် အဝင်/အထွက် ဦးစားပေး စစ်ဆေးရေးကတ်ပြား” တစ်ချပ်ကို ချိတ်ဆွဲထားလျက်ရှိသည်။ ထိုကလေးကို မြင်ရသော တာဝန်ကျ နယ်စပ်ရဲအရာရှိက အပြုံးဖြင့် လက်ပြနှုတ်ဆက်ခဲ့သလို ကလေးငယ်နှင့်မိခင်ဖြစ်သူမှာ တဖြေးဖြေးချင်း သွားလာရင်း ရွှေလီမြို့အတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။

အဆိုပါခရီးစဉ်မှာ ကလေးငယ် မောင်ဟန်အတွက် နေ့စဉ်ကျောင်းတက်ရသည့် ပုံမှန်လုပ်ရိုးလုပ်စဉ်မျိုးဖြစ်သော်လည်း မိခင်ဖြစ်သူ အားယဉ်အတွက် မျိုးဆက်နှစ်ဆက်စာ အမှတ်တရများကိုတင်ဆောင်ထားသော ခရီးလမ်းသဖွယ်ဖြစ်ခဲ့သည်။ လွန်ခဲ့သော ၂၀၀၈ ခုနှစ်လောက်က အားယဉ် ဟုအမည်ရသော အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးသည်လည်း မြန်မာနိုင်ငံ မူဆယ်မြို့ မန့်ဟီးရိုးမြို့နယ်မှ စက်ဘီးဟောင်းတစ်စီးကိုနင်းကာ ထွက်ခွာလာပြီး ယင်ကျင်နယ်စပ် မူလတန်းကျောင်း၌ ကျောင်းတက်ခဲ့သည်။

ထိုစဉ်ကာလက အဆိုပါမူလတန်းကျောင်း၌ ပထမဆုံးအသုတ်အဖြစ် လက်ခံသင်ကြားခဲ့သော “ပညာတော်သင် ကျောင်းသားလေးများ”အနက်မှ တစ်ဦးအပါအဝင်လည်းဖြစ်ခဲ့သည်။ သူမအပေါ် ကျောင်းမှဆရာဆရာမများသည်လည်း မိမိတို့၏ရင်သွေးပမာ ဂရုစိုက်သင်ပေးခဲ့သလို တရုတ်နိုင်ငံမှ အတန်းဖော်များကလည်း တရုတ်စကားသင်ပေးခဲ့သည်။ သူမကလည်း အတန်းဖော်များကို မြန်မာစကားပြန်လည်သင်ပေးခဲ့ဖူးသည်။

အားယဉ်က “ကျွန်မသားနဲ့ တစ်ကျောင်းတည်းထွက် ဖြစ်လာလိမ့်မယ်လို့ တကယ်ကို မထင်မိတာပါ”ဟု စကားဆိုကာ ပြောဆိုလိုက်သလို သူမ၏မျက်ဝန်းအတွင်းတွင် ရောင်ဝါများလည်း လင်းလက်တောက်ပနေပေသည်။ 

ယခုချိန်တွင်မူ ယင်ကျင်နယ်စပ် မူလတန်းကျောင်းတွင် မြန်မာနိုင်ငံသား ကျောင်းသားကျောင်းသူအရေအတွက်မှာ တစ်ကျောင်းလုံး၏ သုံးပုံတစ်ပုံကျော် ရှိလာခဲ့သည်။ စာသင်ကျောင်းတွင် တရုတ်စကား၊ မြန်မာစကား၊ တိုင်စကား အစရှိသည့် “သုံးဘာသာသင်ခန်းစာ” ကို ဖွင့်လှစ်သင်ကြားပေးပြီး ကလေးငယ်များကို ငယ်စဉ်ကတည်းက ယဉ်ကျေးမှုပေါင်းစုံ ပတ်ဝန်းကျင်၌ ကြီးပြင်းလာနိုင်စေရန် ပံ့ပိုးပေးခဲ့သည်။

ထို့အတူ ရွှေလီမြို့ သက်မွေးပညာ အလယ်တန်းကျောင်း၌လည်း မြန်မာနိုင်ငံသား ကျောင်းသားကျောင်းသူ ၈၈ ဦးတို့က ပိုမိုကြီးမားသော ရည်မှန်းချက်များကို ကြိုးစားဖော်ဆောင်နေလျက်ရှိသည်။ ထိုကျောင်းသားကျောင်းသူများအနက်တွင် ရန်ကုန်မြို့ရှိ စူးရွှယ်နီ ဆိုသော ကျောင်းသူမှာလည်း ငယ်စဉ်က သူမဝါသနာပါသော ပန်းချီအိပ်မက်ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် ၃ နှစ်တက်ရောက်ရသည့် အဝတ်အထည်ဆိုင်ရာ အထူးပြုဘာသာရပ်ကို ရွေးချယ်တက်ရောက်ခဲ့သည်။

စာတွေသာမက လက်တွေ့သင်ကြားခြင်းများလည်းရှိပြီး မြန်မာ့ရိုးရာ ပန်းထိုးပန်းရက်အတတ်ပညာကို တရုတ်နိုင်ငံ၏ စမတ်ကုန်ထုတ်လုပ်မှုနှင့် ပေါင်းစပ်နိုင်ရန် မျှော်လင့်၍သင်ယူခဲ့ခြင်းဖြစ်သလို ငယ်စဉ်ကဝါသနာပါရာရည်မှန်းချက်ကို အကောင်အထည်ဖော်လာခဲ့ခြင်းဖြစ်သည်။

🟪 အသက်ရှင်ရေး အကူအညီပေးလာသည့် လက်တစ်စုံ

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြီးခဲ့သော ၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်က အသက် ၆၀ နီးပါးအရွယ် ရှိသော ရုတ်တရက်နှလုံးသွေးကြောပိတ်ဝေဒနာခံစားရသည့် လူနာတစ်ဦး အရေးပေါ် ဆေးရုံတက်ရောက်လာခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် တရုတ်နိုင်ငံတွင် သင်တန်းတက်ရောက်ပြီးနောက် မကြာသေးခင်အတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိနေသည့် မြန်မာလူငယ်ဆရာဝန် ဒေါက်တာတိုးဝေဝေနိုင်က ပထမဆုံးအလုပ်ပြန်ဝင်သော နေ့၌ပင် ယင်းခွဲစိတ်မှုကို လက်ခံလုပ်ဆောင်ခဲ့သည်။

ခွဲစိတ်ခန်းအတွင်း မီးလင်းလာချိန်တွင် လမ်းညွှန်ကြိုး (Guidewire) ကို တည်ငြိမ်စွာ ထိန်းချုပ်ကိုင်တွယ်ပြီး လူနာ၏ ပိတ်ဆို့နေသော သွေးကြောကို အောင်မြင်စွာ ပြန်ဖွင့်ပေးနိုင်ခဲ့သည်။ ထိုဖြစ်စဉ်သည် အရေးပေါ် PCI (နှလုံးသွေးကြောချဲ့ ကုသနည်း) ခွဲစိတ်မှုကို သူမကိုယ်တိုင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ခွဲစိတ်လုပ်ဆောင်နိုင်ခဲ့ခြင်းမျိုးလည်း ဖြစ်သည်။

ရှမန်တက္ကသိုလ်၏ နှလုံးသွေးကြောဆိုင်ရာအထူးကုဆေးရုံက ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံဆွေးနွေးပွဲ၌ “ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံဆိုင်ရာ မိတ်ဆွေအဖွဲ့” တွင် ပါဝင်သည့် နိုင်ငံများထံမှ “Heart Sapling Visiting Scholar Program” အတွက် သင်တန်းသား၊ သင်တန်းသူ အယောက် ၅၀ ကို သုံးနှစ်အတွင်း ခေါ်ယူသွားမည်ဟု ကြေညာခဲ့သည်။

အဆိုပါ “Heart Sapling Visiting Scholar Program” အတွက်ခေါ်ယူသည့် သင်တန်းသား၊ သင်တန်းသူများအနက်တွင် ဒေါက်တာတိုးဝေဝေနိုင်လည်း ရွေးချယ်ခံခဲ့ရသည်။ ထိုတက္ကသိုလ် နှလုံးသွေးကြောဆိုင်ရာအထူးကုဆေးရုံတွင် စာတွေ့ လေ့ကျင့်သင်ကြားမှုများ၊ လက်တွေ့ခွဲစိတ်ပြသမှုများ၊ ရောဂါဖြစ်ရပ် ဆွေးနွေးဖလှယ်မှုများ စသည့် လေ့ကျင့်ရေးအစီအစဉ် တစ်ခုကို သင်ယူခွင့်ရခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံရှိ အဆိုပါသင်တန်းသို့ တက်ရောက်ခွင့်ရသော မြန်မာနိုင်ငံ၏ ပထမဆုံးသောမြန်မာဆရာဝန်တစ်ဦးလည်း ဖြစ်ခဲ့သည်။

“ရှမန်မြို့မှာ သွေးကြောဓာတ်မှန်ရိုက်ခြင်း၊ အသံလှိုင်းကုထုံး အပြင် ECMO ( Extracorporeal Membrane Oxygenation) အစရှိတဲ့ နိုင်ငံတကာခေတ်ရှေ့ပြေး နည်းပညာများကို ထိတွေ့ခွင့်ရခဲ့ပါတယ်”ဟူ၍လည်း ၎င်းက ပြောကြားထားသည်။

သူမ၏ဖြစ်ရပ်သည်လည်း အသက်ရှင်သန်ရေး၏အရေးပါမှုအတွက် တောတောင်ရေမြေ ဖြတ်ကျော် အကူအညီပေးနိုင်ခဲ့သော တန်ဖိုးရှိသည့်လက်တစ်စုံလည်းဖြစ်ခဲ့သလို တရုတ်-မြန်မာ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပုံရိပ်ငယ်တစ်ခုလည်း ဖြစ်သည်။

🟪 အာကာသအကွာဝေးနီးစပ်ဖို့ 

သိပ္ပံနည်းပညာနယ်ပယ်တွင်လည်း တရုတ်-မြန်မာလူငယ်များမှ အလားတူ လက်တွဲချီတက်လုပ်ဆောင်နေလျက်ရှိသည်။ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင် တို့အဖွဲ့သည်လည်း လွန်ခဲ့သော 

၂၀၂၅ ခုနှစ် စက်တင်ဘာလက ဖုတန့်တက္ကသိုလ်ထံ အလည်အပတ်သွားရောက်ခဲ့ပြီး လန်ချန်း-မဲခေါင် လူငယ်နက္ခတ္တဗေဒသုတေသန ဌာနနှင့်အတူ နှီးနှောဖလှယ်မှုကို ပြုလုပ်ခဲ့သည်။ မြန်မာသိပ္ပံပညာရှင်များက 300TW လေဆာစမ်းသပ်ခန်း၊ ဂြိုဟ်တုအချက်ပြဖမ်းယူစခန်း၊ ရှန်ဟိုင်း Electron Beam Ion Trap (EBIT) စမ်းသပ်ခန်း စသည်တို့ထံ သွားရောက်လေ့လာ ခဲ့ပြီး ဂြိုဟ်တုငယ် စမ်းသပ်ထုတ်လုပ်ရေး၊ ဒေတာအချက်အလက်မျှဝေရေး၊ ထူးချွန်လူငယ်များပျိုးထောင်ရေး တို့နှင့် ပတ်သက်၍လည်း ရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။

ထိုမှ အနာဂတ်တွင် ဂြိုဟ်တုငယ်စမ်းသပ်ထုတ်လုပ်ရေး၊ သိပ္ပံဆိုင်ရာ ဝန်တင်ဆောင်ပစ္စည်း တီထွင်ရေး၊ ပူးတွဲသိပ္ပံသုတေသနပြုလုပ်ရေး စသည့် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန် ညှိနှိုင်းသဘောတူခဲ့ကြသည်။ မြေပြင်မှ အာကာသအထိ ကြယ်တာရာကောင်းကင်ကို မျှော်ငေးကြည့်ကြသော လူငယ်တစ်စုသည် တရုတ်-မြန်မာ နှစ်နိုင်ငံကြားမှ “အာကာသ အကွာအဝေး” ကို နီးစပ်လာအောင် ဆောင်ရွက်နေကြခြင်းလည်းဖြစ်သည်။

ထိုလအတွင်းမှာပင် မန္တလေးမြို့တွင်လည်း ဉာဏ်ရည်တု နည်းပညာအသုံးပြုမှုဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကို ဖွင့်လှစ်ခဲ့ရာ သင်တန်းသားသင်တန်းသူ ၄၀ ခန့် တက်ရောက်ခဲ့သည်။ သင်တန်းတွင် AI နည်းပညာကို အသုံးချပြီး တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး အစရှိသည့် လုပ်ငန်းနယ်ပယ်များ၌ ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရန်ရည်ရွယ်ထားလျက်ရှိသည်။ ထို့အတူ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ယင်းလုပ်ငန်းများ ရေရှည်ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းအဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် စူပါလေဆာနည်းပညာမှ ဉာဏ်ရည်တုနည်းပညာအထိ တရုတ်-မြန်မာလူငယ်များက အတူယှဉ်တွဲဖော်ဆောင်နေမှုကို အတိုင်းသား သိမြင်နိုင်မည်ဖြစ်သည်။

🟪 ချစ်ကြည်ရေးကို ချိတ်ဆက်လာမည့် ပေါင်းကူးတံတား

ဟွာချောင်တက္ကသိုလ် ဗိသုကာကျောင်းသို့ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားတစ်ဦးဖြစ်သည့် ကုံမင်ချန့် ဆိုသူက ၂၀၂၁ ခုနှစ်တွင် တက်ရောက်ခဲ့သည်။ ကျောင်းသုတေသနအဖွဲ့နှင့်အတူ ပေကျင်း၊ ဟာဘင်၊ စူးကျိုး၊ မကာအို တို့သို့ သွားရောက် လေ့လာခဲ့ပြီး လက်တွေ့ကွင်းဆင်းလေ့လာမှုများဖြင့် အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်။ ပြည်ပရောက်တရုတ်လူမျိုးများ ဇာတိအလွမ်းပြေ အိမ်အိုအိမ်ဟောင်းများဖြစ်သည့် “ပြည်ပရောက်တရုတ်လူမျိုးအဆောက်အအုံများ” ကို ၎င်းမှ စိတ်ဝင်စားလာခဲ့သည်။ 

တက္ကသိုလ်တက်ရောက်နေဆဲကာလတွင် ဒစ်ဂျစ်တယ်-စမတ်နည်းပညာဖြင့် ရှေးဟောင်းအဆောက်အအုံများကို ထိန်းသိမ်းကာကွယ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံ၏ ၁၉ ကြိမ်မြောက် “Challenge Cup” နိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသားများ အတန်းပြင်ပ ပညာရေးနှင့်သိပ္ပံနည်းပညာလက်ရာ ပြိုင်ပွဲ၌ “ဉာဏ်ရည်တု နည်းပညာ” အထူးပြိုင်ပွဲ၏ တတိယဆုကို ရရှိသွားခဲ့သည်။ 

ရှေးဟောင်းအဆောက်အအုံများထိန်းသိမ်းမှုမှာ ကျွမ်းကျင်မှုနှင့်ပေါင်းစပ်ပြီး လက်တွေ့လုပ်ဆောင်ကြရခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ကုံမင်ချန့် က “ဗိသုကာဆိုတာ စာရွက်ပေါ်မှာပဲ ပုံဆွဲရတာ မဟုတ်ပါဘူး၊ လုပ်ငန်းခွင်ထဲကို သွားကြည့်ရပါတယ်၊ ကိုင်တွယ်ကြည့်ရပါတယ်၊ ဒါမှ အဆောက်အအုံတွေရဲ့နောက်ကွယ်က နွေးထွေးစရာတွေကို နားလည်သိရှိနိုင်မှာပါ”ဟု ဆိုထားသည်။

၎င်းသည် ပင်လယ်ရေကြောင်းပိုးလမ်းမ ယဉ်ကျေးမှုပြခန်း ရှင်းလင်းပြောကြားသူတစ်ဦးအဖြစ် လုပ်ဆောင်ခဲ့သလို ပြသထားသော ပစ္စည်းများ၏ နောက်ကွယ်မှ ဇာတ်လမ်းများကို ပြုံးရွှင်သောမျက်နှာဖြင့် ရှင်းလင်းပြောပြတတ်သည်။ ထိုသို့ ရှင်းလင်းပြောပြပြီးသည့်အခါတိုင်းတွင် ၎င်းကိုယ်တိုင် တရုတ်ယဉ်ကျေးမှုကို ပိုမိုသိရှိနားလည်လာသည်ဟု တွေးထင်မိလေ့ ရှိသည်။ “ပိုးလမ်းမအိပ်မက်ရှာဖွေခြင်း” လက်တွေ့သုတေသနအဖွဲ့နှင့်အတူ မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီး တရုတ်နိုင်ငံတွင် လေ့လာဆည်းပူးခဲ့သည့် အတွေ့အကြုံပညာရပ်များကို ပြောပြခဲ့သည်။ ၎င်း၏ ကြိုးပမ်းလုပ်ဆောင်မှုများကိုလည်း တရုတ်-မြန်မာနှစ်နိုင်ငံ မီဒီယာအဖွဲ့အစည်းများမှ အာရုံစိုက်ခဲ့ကြသလို နှစ်နိုင်ငံမီဒီယာအဖွဲ့များ၌ သတင်းဖော်ပြခြင်းများရှိခဲ့သည်။

ဘွဲ့ရရန် အချိန်နီးကပ်လာသလို ၎င်း၏ရည်မှန်းချက်ပန်းတိုင်မှာလည်း ပိုမိုထင်ရှားလာပြီး တရုတ်-မြန်မာချစ်ကြည်ရေးကို ချိတ်ဆက်ပေးမည့် “ပေါင်းကူးတံတား” တစ်စင်း ဖြစ်လာအောင် ကြိုးစားသွားရန် ဆန္ဒရှိနေသူလည်းဖြစ်သည်။

🟪 ပညာဖြင့်ခင်းပေးသည့် ပေါင်းကူးတံတား

အသက် ၁၈ နှစ်အရွယ် ဟွမ်ကျောင်းကျောင်း ဟူ၍အမည်ရသော မြန်မာမိန်းကလေးငယ်တစ်ဦးသည်လည်း လွန်ခဲ့သော ၂၀၀၅ ခုနှစ်က တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့သည်။ အစပိုင်းတွင် မင်္ဂလာပါဟူ၍ တရုတ်လို “နီဟောင်”ဟု အသံထွက်စကားကို ပြေပြစ်အောင်မပြောနိုင်ခဲ့သော အခြေအနေမှ နောင်တစ်ချိန်တွင် ပေကျင်းတက္ကသိုလ် ပါရဂူဘွဲ့ရသူ ဖြစ်လာမည်ကို မည်သူကမှ ထင်မှတ်ခဲ့ကြခြင်းမျိုးမရှိပေ။

လက်တွေ့ဘဝ၏ သိမ်မွေ့နက်နဲမှုက သူမကိုထိုးနှက်ခဲ့သော်လည်း တွန့်ဆုတ်လက်လျှော့သွားခြင်း မရှိဘဲ စကားပြောဆိုမှု သာမက အစားအသောက်၊ ရာသီဥတု၊ နေထိုင်များပါမကျန် လူနေမှုဘဝကို လိုက်လျောညီထွေဖြစ်အောင် တက်ကြွစွာ ကြိုးစားလုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။ ၄ နှစ်တာ ဘွဲ့ကြိုကာလတွင် စိတ်ပညာ၊ စီးပွားရေးပညာ စသည့် ပညာရပ် နယ်ပယ်များကို လေ့လာလိုက်စားခဲ့ပြီး နောက်ဆုံးတွင် တရုတ်စာဘာသာရပ်မှာ သူမ၏စိတ်ဝင်စားဆုံးသော ဘာသာရပ်ဖြစ်သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

သူမ၏ ဇွဲလုံ့လကြောင့် ပေကျင်းမြို့၏ ထူးချွန်ထက်မြက်သော နိုင်ငံခြားကျောင်းသား ပညာတော်သင်ဆု အပြည့်အဝနှင့် ချင်းဟွာတက္ကသိုလ် အထူးပညာတော်သင်ဆုတို့ကို ဆက်တိုက်ရရှိခဲ့သည်။ သူမ၏ရည်မှန်းချက်အတိုင်း ပေကျင်းတက္ကသိုလ်၌ ၂၀၀၉ ခုနှစ်တွင် တက်ရောက်ခွင့်ရခဲ့ပြီး တက္ကသိုလ်၏ တရုတ်ဘာသာစကားနှင့်စာပေဌာန မဟာတန်းကျောင်းသူတစ်ဦး ဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ပါရဂူဘွဲ့ရရှိခဲ့သလို သူမကြိုးပမ်းခဲ့သော ဇွဲလုံ့လတို့က အောင်မြင်မှုများဖြင့် အကောင်းဆုံးသော သက်သေအဖြစ် ပြသနေလျက်ရှိသည်။ နောက်ပိုင်းတွင် လုပ်ခလစာမြင့်မားသော အလုပ်ရရှိနိုင်သည့် အခြေအနေမျိုးဖြစ်လာချိန်တွင် မည်သူမှထင်မထားသောဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့သည်။

သူမအနေဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံ၏ ပညာရေးကွာခြားမှုကို မြင်တွေ့ခဲ့ရပြီး တာဝန်သိသောစိတ်မျိုးတစ်ခု သူမထံတွင် ကိန်းအောင်းလာကာ ယင်းအသိစိတ်က သူမကို မြန်မာနိုင်ငံသို့ပြန်လာစေရန် တွန်းအားပေးသလိုဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်ရောက်သည့်အခါ ဟွမ်ကျောင်းကျောင်းက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန်မြို့၌ Lehua International Education စာသင်ကျောင်းကို တည်ထောင်ခဲ့သည်။

သူမ၏ကြိုးပမ်းမှုကြောင့် စာသင်ခန်းငယ်လေး တစ်ခုမှ ၇ နှစ်အတွင်းတွင် ၁၂ တန်းပါဝင်သော ပရော်ဖက်ရှင်နယ် စာသင်ကျောင်းအထိ ဖြစ်မြောက် အောင်မြင်လာခဲ့သည်။ ထို့နောက်တွင် သူမ၏မိတ်ဆက်မှုမှတစ်ဆင့် တရုတ်နိုင်ငံသို့ သွားရောက်ကျောင်းတက်ခဲ့ကြသော ကျောင်းသားကျောင်းသူပေါင်း ရာနှင့်ချီအထိ ရှိလာခဲ့သည်။

“သူတို့ကို မြင်ရရင် အရင်တုန်းက ကျွန်မကို ပြန်မြင်ရသလိုပါပဲ၊ ဒီပေါင်းကူးတံတားက နောက်ဆုံးတော့ သူတို့ခြေထောက်အောက်ရောက်အောင် လမ်းခင်းပေးနိုင်ခဲ့ပြီ”ဟုလည်း သူမက ဆိုထားသည်။

🟪 ဆန်းသစ်တီထွင်မှုဖြင့် ရေးဖွဲ့လိုက်သောစာမျက်နှာ

ယခု ၂၀၂၆ ခုနှစ်အတွင်း ပြီးခဲ့သော ဇန်နဝါရီလ ၃၀ ရက်က လန်ချန်း-မဲခေါင်နိုင်ငံများ သိပ္ပံနှင့်နည်းပညာ ဆန်းသစ် တီထွင်မှုပြိုင်ပွဲ မြန်မာနိုင်ငံဆိုင်ရာပြိုင်ပွဲနှင့် တတိယကြိမ်မြောက် တရုတ်-မြန်မာ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှု ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်တို့မှာ မန္တလေးမြို့၌ အောင်မြင်စွာ ကျင်းပပြီးဆုံးခဲ့သည်။

ထိုပြိုင်ပွဲသည် နှစ်နိုင်ငံကြားတွင် သိပ္ပံနည်းပညာ နှီးနှောဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ထိရောက်စွာ တွန်းအားပေးနေသလို မြန်မာလူငယ်များ၏ ဆန်းသစ်တီထွင်မှုစွမ်းအားနှင့် စွန့်ဦးတီထွင်မှုစိတ်ဓာတ်ကို ပိုမိုထိရောက်စွာ လှုံ့ဆော်ပေးနေကြောင်း မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက ပိတ်ပွဲအခမ်းအနား၌ ထုတ်ဖော်ပြောကြားသည်။

မြန်မာနိုင်ငံရှိ ကုမ္ပဏီတစ်ခု၏ “ကော်ဖီစေ့ခူးပြီးနောက် ကုန်ချောနည်းပညာဖြင့် ကော်ဖီအရည်အသွေးမြှင့်တင်ခြင်း” စီမံကိန်းဖြင့် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့သည်။ ကုမ္ပဏီကိုယ်စားပြုသူတစ်ဦးက “ကျွန်တော်တို့လို အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ အတွက်တော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့က အဓိကမဟုတ်ဘဲ ကိုယ့်လုပ်ငန်းကို ပြသဖို့နဲ့ နည်းပညာအထောက်အပံ့ရရှိဖို့ အခွင့်အရေးပဲဖြစ်ပါတယ်”ဟု ထုတ်ဖော်ပြောကြားသည်။

ပိတ်ပွဲအခမ်းအနားတွင် အနိုင်ရရှိသောအသင်းများက ဆုဖလားများ လက်ခံရယူချိန်၌ မျက်စိဖြင့်မမြင်တွေ့နိုင်သည့် သိပ္ပံနည်းပညာဆိုင်ရာ ချစ်ကြည်ရေးနှောင်ကြိုးမျှင်များမှာ တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနီးကပ်လာစေခဲ့သည်။ ခေတ်မီစိုက်ပျိုးရေး၊ ဇီဝဆေးပညာ စသည့် ကုန်ထုတ်လုပ်ငန်းလိုအပ်ချက်များအတွက် ကော်ဖီလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ပူးတွဲဓာတ်ခွဲခန်း၊ ရှောက်ချိုသီး ပူးတွဲသုတေသနဌာန စသည့် အဓိကစီမံကိန်းများကို နှစ်နိုင်ငံအတူ အကောင်အထည်ဖော် လာနိုင်ခဲ့သည်။

တရုတ်-မြန်မာနှစ်နိုင်ငံ လူငယ်စွန့်ဦးတီထွင်သူများ၏ အသိဉာဏ်ပညာ၊ ကြိုးစားအားထုတ်မှုများက သုတေသနဓာတ်ခွဲခန်း များမှ လယ်ယာစိုက်ခင်းများအထိပင် ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်ကို ရေးဖွဲ့နိုင်ခဲ့ကြသည်။

၎င်းတို့သည် ချစ်ခင်ကြည်နူးဖွယ်ရာကောင်းပြီး လေးစားစရာကောင်းလှသည့် လူငယ်များဖြစ်သလို ရေခြားမြေခြားမှ အိမ်ပြန်ရမည့်ရက်များမတွေးဘဲ စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ခဲ့ကြသည်။ သိပ္ပံနည်းပညာနယ်ပယ်၏ ရှေ့တန်း၌ အတူယှဉ်တွဲကြိုးပမ်းပြီး မသိရှိသေးသည့်အရာများကို စူးစမ်းလေ့လာနေကြသလို သင်ယူရရှိထားသည့် အတတ်ပညာတို့ကို ဇာတိမြေဆီ ပြန်လည်ယူဆောင်ကာ အခြားသူများထံ အလင်းပြပေးနိုင်သည့် အလင်းတန်းငယ်တစ်ခု ဖြစ်လာခဲ့ကြသည်။

ထို့ကြောင့် လူငယ်တို့၏စွမ်းပကားများဖြင့် နှစ်နိုင်ငံကြားတွင် ချစ်ကြည်ရေးပိုမိုခိုင်မာလာစေကာ အနာဂတ်အတွက် လင်းလက်နေသည့် အလင်းတန်းများဖြစ်လာစေမည် ဖြစ်ကြောင်းကို ရေးသားလိုက်ရပေတော့သည်။

Most Read

Most Recent