နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒီဇယ်ဆီ HSD(500 ppm)အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စကို လွှတ်တော်က သဘောတူအတည်ပြု

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒီဇယ်ဆီ HSD(500 ppm)အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စကို လွှတ်တော်က သဘောတူအတည်ပြု
Published 9 June 2026

ဒီဇယ်စျေးနှုန်းများ မတက်အောင် ဆောင်ရွက်သည့် အစိုးရ၏ စီမံမှုများသည် ပြည်သူများ၊ စားသုံးသူများထံ အမှန်တကယ် ရောက်ရှိခံစားခွင့် ရ၊ မရ စောင့်ကြည့်သုံးသပ်ရမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒီဇယ်ဆီ HSD(500 ppm)အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေး ကိစ္စကို လွှတ်တော်က သဘောတူအတည်ပြုခဲ့ကြောင်း သိရသည်။

ယနေ့(ဇွန် ၉ ရက်)တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒီဇယ်ဆီ HSD(500 ppm)အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ(၃၇)တွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အမိန့်ကြေညာစာထုတ်ပြန်၍ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ရတနာ ကင်းလွတ်ခွင့်ပေးခြင်း သို့မဟုတ် သက်သာခွင့် ပေးခြင်းတို့ကို ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားချက်အရ ဒီဇယ်ဆီ HSD(500 ppm)ကို တင်သွင်းရောင်းချခြင်းအပေါ် အခွန်ကင်းလွတ်ခွင့်များကို ၂၀၂၆ ခုနှစ် ဧပြီလအတွက် အဆိုပြုပြီး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှုကို တောင်းခံနေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အဖွဲ့သည် ၂၀၂၆ ခုနှစ် ဧပြီလအတွက် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်းကို ဧပြီ ၂ ရက်က ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှု မရမီကတည်းက နိုင်ငံပိုင်သတင်းစာများတွင် အများပြည်သူသို့ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်ဟု မိမိအနေနှင့် သဘောပေါက်နေပါကြောင်း ဝန်းသိုမဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင် က ဆွေးနွေးပြောကြားသည်။

“ ကျရောက်ပြီးဖြစ်တဲ့ ၂၀၂၆ ခုနှစ် မေလအတွက်လည်း ထပ်မံတိုးမြှင့်လျက် ဒီဇယ်ဆီအတွက် အထူးကုန်စည်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်များကို ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ၇ ရက် ၅ လ ၂၀၂၆ ရက်နေ့ နိုင်ငံပိုင်သတင်းစာများမှတဆင့် အသိပေးထုတ်ပြန်၍ ကြေညာခဲ့ပြီး ဖြစ်တယ်လို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးရဲ့ အဆိုပြုတင်ပြချက်မှာ ပါဝင်တဲ့အတွက် အခွန်ဝန်ကြီးဌာနသည် ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီမှု မရသေးဘဲနဲ့ ဒီဇယ်ဆီအတွက် အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ပေးနေတာ၊ နိုင်ငံပိုင်သတင်းစာများမှ အသိပေးထုတ်ပြန်နေမှုတွေက ဥပဒေနဲ့ညီညွတ်မှု ရှိ၊ မရှိ ပြန်လည်သုံးသပ်စေလိုပါတယ်။ လွှတ်တော်မှာ အဆိုတင်သွင်းရှင်းလင်းပြီးတော့ သဘောတူညီချက် တောင်းခံနေတာလား၊ အသိပေးရုံသက်သက်လား၊ မသဲကွဲအောင် ဖြစ်ရပါတယ်” ဟု ဦးစိုးပိုင် က ဆွေးနွေးပြောကြားသည်။

ဒီဇယ်ဆီ ပြည်ပမှ တင်သွင်းခြင်းနှင့် ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းတို့အပေါ်တွင် အခွန်များ လျော့ချပေးခြင်း၊ ကင်းလွတ်ပေးခြင်းတို့ကို ကန့်ကွက်စရာ မရှိပါကြောင်း၊ ဒီဇယ်ဆီ စက်သုံးဆီသည် သယ်ယူပို့ဆောင်ရေး၏ အဓိက ကုန်ကျစရိတ်ဖြစ်ခြင်းကြောင့် ဒီဇယ်စျေးကို လျော့ချပေးခြင်း၊ ဒီဇယ်စျေးနှုန်း ကျဆင်းခြင်းအားဖြင့် ကုန်စည်သယ်ယူပို့ဆောင်ခများကို လျော့ချထားနိုင်မည် ဖြစ်ကြောင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ၏ စျေးနှုန်းများကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ စက်ရုံများ၊ လယ်ယာကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၏ လည်ပတ်ကုန်ကျစရိတ် လျော့ကျနိုင်ပြီး ထုတ်လုပ်မှုများကိုလည်း တိုးတက်စေနိုင်ပါကြောင်း  ဦးစိုးပိုင် က ဆွေးနွေးပြောကြားသည်။

ဦးစိုးပိုင် က “ သို့သော် ဒီဇယ်ဆီ၊ စက်သုံးဆီ တင်သွင်းခြင်း၊ ရောင်းချခြင်းဟာ နိုင်ငံတော်အတွက် အခွန်အကောက်ရရှိမှုအပိုင်းမှာ အရေးပါတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တာကြောင့် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ ရရှိမှုအပိုင်းကတော့ များစွာထိခိုက်နိုင်ပါတယ်။ အများကြီး ထိခိုက်နိုင်ပါတယ်။ အခွန်ငွေတွေ လျော့နည်းသွားရင် အစိုးရရဲ့ အသုံးစရိတ်တွေကို ဖြည့်ဆည်းဖို့အတွက် ခက်ခဲနိုင်ပြီးတော့ ဘဏ္ဍာရေး လိုငွေပြမှုကို ပိုမိုမြင့်တက်လာစေနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ လိုငွေပြတဲ့ ဘတ်ဂျက်နဲ့ ခရီးဆက်နေရဆဲနိုင်ငံ ဖြစ်ပါတယ်။ ပိုငွေပြတဲ့ ဘတ်ဂျက်၊ ညီမျှတဲ့ ဘတ်ဂျက်တွေ မရေးဆွဲနိုင်သေးပါဘူး။ ဒီဇယ်ဆီကိုသာ အထူးကင်းလွတ်ခွင့်ပေးပါက အခြားကုန်ပစ္စည်းနဲ့ လုပ်ငန်းကဏ္ဍများကလည်း တူညီသော သက်သာခွင့်များ တောင်းဆိုလာနိုင်တယ်ဆိုတာကိုလည်း သတိပြုဖွယ် ဖြစ်ပါတယ်။ အခွန်သက်သာခွင့်ပေးတိုင်း ပြည်သူတွေ အကျိုးအပြည့်အဝရမယ်လို့ မဆိုနိုင်တာကိုလည်းပဲ သတိချပ်စေချင်ပါတယ်။ ဒီဇယ်စျေးတွေ မတက်အောင် ဆောင်ရွက်တဲ့ အစိုးရရဲ့ စီမံမှုများဟာ ပြည်သူတွေထံ၊ စားသုံးသူတွေထံ အမှန်တကယ် ရောက်ရှိခံစားခွင့် ရ၊ မရ စောင့်ကြည့်သုံးသပ်ကြရမှာ ဖြစ်ပါတယ်။ ဒီနေ့ မငြိမ်းချမ်းသေးတဲ့ ဒေသတွေရဲ့ တရားမဝင် သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ဒီဇယ်ဆီကို ဘယ်လိုသုံးနေကြတယ်ဆိုတာကို အကျယ်ချဲ့ပြီးတော့ ကျွန်တော် မတင်ပြလိုတော့ပါဘူး။ နိုင်ငံတော်ရဲ့ အခွန်ငွေ ဆုံးရှုံးမှုနဲ့ ပြည်သူတွေ ရရှိမယ့် အကျိုးကျေးဇူးတွေကြားမှာ မျှတတဲ့ရလဒ် ဖြစ်သင့်ပါတယ်။ ဒါကြောင့်မလို့ ဒီဇယ်ဆီ စက်သုံးဆီ အခွန်အခ ကင်းလွတ်ခွင့်ကိစ္စဟာ တစ်လချင်းအလိုက် ခွင့်ပြုချက် တောင်းခံခြင်းမျိုး ဖြစ်တဲ့အတွက် လက်ရှိအခြေအနေမျိုးမှာတော့ အခွန်ကင်းလွတ်ခွင့်များ တောင်းခံမှုကို ပြည်သူလူထု အကျိုးဖြစ်ထွန်းမှု အမှန်တကယ် အထောက်အကူ ဖြစ်၊ မဖြစ် စောင့်ကြည့်သုံးသပ်သွားရမှာဖြစ်တယ်လို့ ဆွေးနွေးတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်” ဟု  ဆွေးနွေးပြောကြားသည်။

ရိုးရိုးဒီဇယ်(500 ppm) အပေါ် ကျသင့်သော အထူးကုန်စည်ခွန် ငါးရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းတို့အား ယာယီကင်းလွတ်ခွင့်ပြုရေးဆိုကို ထောက်ခံပါကြောင်း၊ ထို့အတူ ပရီမီယမ်ဒီဇယ်ကိုလည်း ဒီဇယ်အုပ်စုတွင် ထည့်သွင်းပြီး အလားတူ ကင်းလွတ်ခွင့်မျိုး ပြုနိုင်ရန် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက ဆွေးနွေးပြောကြားသည်။

“ ဒီဇယ်ဆီအပေါ် ယာယီအခွန်သက်သာခွင့်ပြုခြင်းဟာ အခွန်လျော့ပေးခြင်းသက်သက် မဟုတ်ပါဘူး။ စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုကဏ္ဍများကို ကုန်ကျစရိတ် လျော့ချပေးခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ ဒီဇယ်ဆီအပေါ်မှာ အခွန်လျော့ချလိုက်ခြင်းအားဖြင့် ပြည်သူတွေ သက်သာခွင့်ရပါမယ်။ အဲ့ဒီကနေ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ လျော့သွားမှာ ဖြစ်ပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ်လျော့ရင် ငွေဖောင်းပွမှုလည်း ထိန်းချုပ်ပြီးသား ဖြစ်ပါမယ်။ စီးပွားရေး လည်ပတ်မှုအရှိန်လည်း တိုးတက်သွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာကျော်ဆွေက ဆွေးနွေးပြောကြားသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ဒီဇယ်ဆီ HSD(500 ppm) အပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ယာယီကင်းလွတ်ခွင့်ပြုရေးနှင့်စပ်လျဉ်း၍ ထောက်ခံပါကြောင်း၊ ထိုသို့ အခွန်ကင်းလွတ်ခွင့်ပြုခြင်းအားဖြင့် ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝတွင် အသုံးပြုလျက်ရှိသည့် အခြေခံစားသောက်ကုန်နှင့် ကုန်စျေးနှုန်းများ တည်ငြိမ်မှု ရှိ၊ မရှိ ကိုလည်း သက်ဆိုင်ရဌာန တာဝန်ရှိသူများမှ တာဝန်ယူ စိစစ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ထို့အပြင် ပရီမီယမ်ဒီဇယ်(50 ppm) အတွက်ပါ ထည့်သွင်းစဉ်းစား၍ ယာယီကင်းလွတ်ခွင့် ပြုသင့်ပါကြောင်းလည်း ဒေါက်တာကျော်ဆွေ က ဆွေးနွေးပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများနှင့်ပတ်သက်၍ “ လက်ရှိအခြေအနေမှာတော့ နိုင်ငံတော်အစိုးရအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီး နှစ်ဦး တင်ပြဆွေးနွေးခဲ့ကြသလိုပဲ စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍများမှာ အဓိက အများဆုံး အသုံးပြုရတဲ့ ဒီဇယ်ဆီ HSD(500 ppm) စျေးနှုန်းကို တည်ငြိမ်စေရန်၊ ကုန်ကျစရိတ်ကို လျော့ချနိုင်ရန်နှင့် အခြေခံ ပြည်သူများရဲ့ လူမှုစီးပွားဘဝ အဆင်ပြေစေရေးအတွက် အဓိက ဦးတည်ပြီးတော့ ဒီဇယ်ဆီ HSD(500 ppm)ကို လတ်တလောအနေနဲ့ ကင်းလွတ်ခွင့်ပြုခဲ့ပေးခြင်း ဖြစ်ပါတယ်” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

နိုင်ငံတော်အစိုးရအနေနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားမှု အခြေအနေနှင့် ကမ္ဘာ့လောင်စာဆီ စျေးနှုန်း အခြေအနေ၊ ပြည်တွင်း ဒီဇယ်ဆီစျေးနှုန်းနှင့် အခြေခံစားကုန် ကုန်စည်စျေးနှုန်း အခြေအနေ၊ အခြား ဒေသတွင်းနိုင်ငံများ၏ တုံ့ပြန်ဆောင်ရွက်မှု အခြေအနေများကို လစဉ် စိစစ်သုံးသပ်ပြီး လိုအပ်ပါက ဒီဇယ်ဆီ HSD(500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ထပ်မံကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

“ သို့ဖြစ်ပါ၍ ဒီဇယ်ဆီ HSD(500 ppm)အပေါ် ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ၂၀၂၆ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေ ပုဒ်မ ၃၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို စက်ခလုပ်အသုံးပြု၍ ဆန္ဒပြုသည့်နည်းလမ်းနှင့် ဆောင်ရွက်ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၅၅၈ ဦးတွင် ထောက်ခံဆန္ဒမဲ ၄၉၇ မဲ၊ ကန့်ကွက်မဲ ၁၀ မဲနှင့် ကြားနေမဲ ၇ မဲ ရရှိခဲ့ပြီး ထောက်ခံမဲများသည့်အတွက် ဒီဇယ်ဆီ HSD(500 ppm)အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စကို လွှတ်တော်က သဘောတူအတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး က ကြေညာခဲ့သည်။

Most Read

Most Recent