Forbes Korea မဂ္ဂဇင်းက သရုပ်ဆောင်များ၊ အဆိုတော်များ၊ ရုပ်သံတင်ဆက်သူများနှင့် အားကစားသမားများ ပါဝင်သည့် သြဇာအရှိဆုံး ထင်ရှားကျော်ကြားသူ ၄၀ စာရင်းကို မကြာသေးမီက ထုတ်ပြန်ခဲ့ရာ BTS က ပထမ၊ ဂျီဒရက်ဂွန်က ဒုတိယ ဖော်ပြခံခဲ့ရသည်။
ထင်ရှားသူများ၏ ဝင်ငွေနှင့် သြဇာလွှမ်းမိုးမှုတို့အပေါ် မူတည်၍ အဆင့်သတ်မှတ်ခြင်းဖြစ်ပြီး ရလဒ်များကို တွက်ချက်ရာတွင် နှစ်စဉ်ဝင်ငွေကို အဓိကကြည့်ကာ ပရိသတ်မဲပေးမှု၊ မီဒီယာများတွင် ဖော်ပြခံရမှုနှင့် လူမှုကွန်ရက်ပေါ် သြဇာလွှမ်းမိုးနိုင်မှုတို့ကို အခြေခံ၍ ပေါင်းစပ်တွက်ချက်ခဲ့ခြင်းဖြစ်သည်။
ပထမနေရာကို ကမ္ဘာကျော် ကေပေါ့ပ်ယောကျာ်းလေးအဆိုတော်အဖွဲ့ BTS က ရခဲ့ပြီး အဖွဲ့ဝင် ခုနစ်ဦးစလုံးကလည်း စာရင်း၏ Top 20 အတွင်း ပါဝင်နေပြန်သည်။ BTS သည် ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ထိုစာရင်း၏ ထိပ်ဆုံးနေရာတွင် ဆက်တိုက်ရပ်တည်ခဲ့သည်။
ဒုတိယနေရာကို BigBang အဖွဲ့ဝင် ကေပေါ့ပ်စူပါစတား ဂျီဒရက်ဂွန်က ရခဲ့သည်။ BigBang သည် ယခုနှစ်တွင် အဖွဲ့ဖြစ်တည်မှု နှစ် ၂၀ ပြည့်မြောက်တော့မည်ဖြစ်ပြီး ပရိသတ်ရှေ့ တစ်ကျော့ပြန် ရောက်လာတော့မည်။
Forbes က ဂျီဒရက်ဂွန်နှင့်ပတ်သက်၍ “သူက ဂီတတစ်ခုတည်းနဲ့ သြဇာလွှမ်းထားတဲ့ သူ မဟုတ်ဘူး။ သူဟာအမြဲတမ်း ပရိသတ်ရှေ့ ရှိမနေပေမယ့် သူပေါ်လာပြီဆိုရင်လည်း အားလုံးက အာရုံစိုက်ချင်ရာကောင်းတယ်” ဟု ချီးကျုးခဲ့သည်။
Blackpink အဖွဲ့က စာရင်း၏ တတိယနေရာတွင် ရပ်တည်နေပြီး အဖွဲ့ဝင်ဂျန်းနီက အဆင့် (၁၆)၊ လီဆာက အဆင့် (၂၀) ၊ ရိုဇေက အဆင့် (၂၃)၊ ဂျီဆူးက အဆင့် (၂၄) အသီးသီး ရပ်တည်နေသည်။ လေးဦးစလုံးက ဂီတအပြင် တစ်ကိုယ်တော်လှုပ်ရှားမှု၊ ဖက်ရှင်၊ သရုပ်ဆောင်၊ ပြည်ပအဆိုတော်များနှင့် ပူးပေါင်းမှုတို့၌လည်း အောင်မြင်လာကြသည်။
ဘောလုံးစတား ဆွန်ဟောင်မင်က စတုတ္ထနေရာနှင့် Trot အဆိုတော် လင်ယောင်ဝန်က ပဥ္စမနေရာတို့ကို ရယူထားသည်။ ပရိသတ်အချစ်တော် အိုင်ယူက အဆင့် (၁၉)တွင် ရှိနေသည်။
ကိုရီးယားရုပ်ရှင်မင်းသားများထဲ ပတ်ဘိုဂမ်က အဆင့် (၁၄) ဖြင့် အမြင့်ဆုံးရပ်တည်နေပြီး မင်းသား ဗြွန်ဝူဆော့က အဆင့် (၁၇)၊ ချာအွန်ဝူးက အဆင့် (၂၁)၊ လီဗြောင်ဟွန်းက အဆင့် (၂၆)တို့ဖြင့် ယခုနှစ်စာရင်းတွင် ပါဝင်လာကြသည်။















