ငွေလဲနှုန်းတည်ငြိမ်စေရေးနှင့် နိုင်ငံခြားငွေထိရောက်စွာအသုံးပြုနိုင်ရေး ဒုသမ္မတ ဦးညိုစော ဦးဆောင်မည့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ဧပြီ ၂၁ ရက်တွင် အမိန့်ထုတ်ပြန်လိုက်သည်။
အဆိုပါကော်မတီတွင် ဒုသမ္မတဦးညိုစောအပါအဝင် အဖွဲ့ဝင်ခြောက်ဦးပါဝင်ပြီး အဆိုပါအဖွဲ့ဝင်များမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ ပါဝင်ကြောင်း သိရသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒုဥက္ကဌအဖြစ်လည်းကောင်း၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူးအဖြစ်လည်းကောင်း ယင်းကော်မတီတွင် တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများက လိုအပ်သည့် စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်ယန္တရားများ၊ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် အသုံးအဆောင်များနှင့် ကုန်ကြမ်းပစ္စည်းများစသည်တို့ တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊ လိုအပ်သည့် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပြည်တွင်း၌ဝယ်ယူရရှိနိုင်ခြင်းမရှိသည့် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ အစရှိသည်တို့ ဝယ်ယူတင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊ လူမှုရေးကိစ္စအလို့ငှာ ပြည်ပသို့သွားရောက်ဆေးကုသခြင်း၊ ပညာရေး ကိစ္စများအတွက် သွားရောက်ခြင်းနှင့် ဘာသာရေးကိစ္စများအတွက် သွားရောက်ခြင်း စသည်တို့အတွက် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း အစရှိသည်တို့ဖြစ်သည်။
ထို့ပြင်အထွေထွေဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့ ချေးငွေနှင့် အတိုးများ ပြန်လည်ပေးဆပ်ခြင်း၊ ဝန်ဆောင်ခများပေးချေခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အမြတ်ငွေများ ပြန်လည်လွှဲပို့ခြင်း စသည့်ကိစ္စများတွင် အသုံးပြုရန် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊ လူမှုအသုံးအဆောင် ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအတွက် မဖြစ်မနေတင်သွင်းရန် လိုအပ်မှုအပေါ် နိုင်ငံခြားသုံးငွေစိစစ်ခွင့်ပြုပေးခြင်း၊ နိုင်ငံအတွင်းရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှု လုပ်ငန်းများအတွက် နိုင်ငံခြားသုံးငွေလည်ပတ်မှုဆိုင်ရာကိစ္စရပ်များအား ကြီးကြပ်ကွပ်ကဲခြင်း တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကော်မတီအနေဖြင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအပြင် အခြားပေးအပ်သောတာဝန်များကိုလည်း ထမ်းဆောင်ရမည်ဖြစ်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။















