■ ကိုရင်လေးအား ပြင်းထန်စွာရိုက်နှက်ခဲ့သည့် ဘုန်းကြီးအား လူဝတ်လဲပြီး ရာဇသတ်ကြီး ပုဒ်မ ၂၉၅-(က) ဖြင့်အရေးယူ

■ ကိုရင်လေးအား ပြင်းထန်စွာရိုက်နှက်ခဲ့သည့် ဘုန်းကြီးအား လူဝတ်လဲပြီး ရာဇသတ်ကြီး ပုဒ်မ ၂၉၅-(က) ဖြင့်အရေးယူ
Published 23 April 2026

ကိုရင်လေးအား ပြင်းထန်စွာရိုက်နှက်ခဲ့သည့် ဘုန်းကြီးအား လူဝတ်လဲပြီး ရာဇသတ်ကြီး ပုဒ်မ ၂၉၅-(က) ဖြင့်အရေးယူထားကြောင်း ယင်းအမှုနှင့်ပတ်သက်ပြီး လိုက်ပါဆောင်ရွက်နေသည့် ဆရာတော် ဦးသုနန္ဒက လူမှုကွန်ရက်တွင် ရေးသားထားသည်။

" လူဝတ်လဲပြီး ရာဇသတ်ကြီးပုဒ်မ ၂၉၅-(က)နဲ့အရေးယူဆောင်ရွက်ထားပါကြောင်းအများပြည်သူ သိစေအပ်ပါသည်" ဟု ဆရာတော်က မိန့်ကြားသည်။

အမှုဖွင့်ထားသည့် ရာဇသတ်ကြီး ပုဒ်မ၂၉၅-(က)မှာ လူတစ်စားကိုးကွယ်သည့် ဘာသာ သာသနာကိုဖြစ်စေ ဘာသာရေးယုံကြည်မှုကိုဖြစ်စေ စော်ကားခြင်းဖြင့် ထို လူတစ်စား၏ ကိုးကွယ်ရာ ဘာသာရေးစိတ်ဓာတ်ကို နာကျဉ်းစေရန်ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သော ပြုလုပ်မှုဖြစ်ပြီး ယင်းအမှုကို ကျူးလွန်ပါက အာမခံမပေးနိုင် ကျေအေးခွင့်မရှိဘဲ  ထောင်ဒဏ် နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ၊ ငွေဒဏ်ကိုဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်းပြဌာန်းထားသည်။ 

ကိုရင်လေးအား ပြင်းထန်စွာရိုက်နှက်ခဲ့သူမှာ မြိတ်မြို့ ကျောက်ဖြူတောင် ပဋိပတ္တိတောရကျောင်းမှ ဦးတေဇဆိုသူ ဘုန်းကြီးဖြစ်ကြောင်း သိရသည်။

ဘုန်းကြီးတပါးက ကိုရင်ငယ်တစ်ပါးကို ပြင်းထန်စွာ ရိုက်နှက် ထိုးကြိတ်နေသည့် ဗီဒီယိုဖိုင်မှာ ဧပြီ ၂၁ ရက် ညပိုင်းက လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ပြီးနောက် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

ယင်းနောက် ဗီဒီယိုဖိုင်တွင် ရိုက်နှက်ကျူးလွန်နေသည့် ဘုန်းကြီးကို အရေးယူပေးရန် တောင်းဆိုမှုများလည်း ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

ဝေဖန်မှုများ မြင့်တက်လာပြီးနောက်ပိုင်းတွင် ဆရာတော်၊ သံဃာတော်များနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဘုန်းကြီးက ရိုက်နှက်ခဲ့သည့် ကိုရင်ငယ်မှာ လက်ရှိတွင် စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း သိရသည်။

Most Read

Most Recent