အီတလီလက်ရွေးစင်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ နောက်ခံလူဟောင်း ဘိုနူချီက မန်စီးတီးနည်းပြ ဂွါဒီယိုလာကို အီတလီလက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)ဟာ အီတလီလက်ရွေးစင်အသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ်ဆက် ခြေစစ်ပွဲမအောင်မြင်တဲ့အတွက် အကြီးစားပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး အသင်းကို အကောင်းဆုံးဦးဆောင်မှုပေးနိုင်မယ့် နည်းပြသစ်ကိုလည်း ရှာဖွေနေပါတယ်။
ဘိုနူချီ(၃၈ နှစ်)ဟာ ကစားသမားဘဝက အနားယူပြီးနောက် လက်ရွေးစင်နည်းပြ ဂတ်တူဆိုရဲ့ လက်ထောက်နည်းပြတစ်ဦးအဖြစ်ရော နည်းစနစ်ပိုင်းဆိုင်ရာ နည်းပြတစ်ဦးအဖြစ်ပါ ဆောင်ရွက်ခဲ့သူပါ။
''ကျွန်တော်တို့ လက်ရွေးစင်အသင်းကို ထိထိရောက်ရောက်ဖြစ်အောင် အပြောင်းအလဲလုပ်ချင်တယ်ဆိုရင် နည်းပြရာထူးအတွက် သင့်တော်တဲ့သူက ပက်ဂွါဒီယိုလာလို့ ကျွန်တော် ပြောချင်ပါတယ်။ ဒါက အရမ်းခက်ခဲမှာဖြစ်ပေမဲ့ အိပ်မက်မက်တာ အဖိုးအခမပေးရပါဘူး'' လို့ ဘိုနူချီက ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာက မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ လာမယ့်နွေရာသီမှာ လမ်းခွဲဖွယ်ရှိကြောင်း ထင်ကြေးပေးမှုတွေရှိနေတာကြောင့် ကမ်းလှမ်းဖို့ စောင့်ကြည့်နေတဲ့အသင်းတွေ အတော်များများရှိနေကြောင်း သိရပါတယ်။
ဂွါဒီယိုလာက နည်းပြဘဝက အနားမယူခင် လက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်လိုကြောင်းလည်း ပြောကြားခဲ့ဖူးပါတယ်။
ဂွါဒီယိုလာကို အီတလီလက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ ဘိုနူချီ တိုက်တွန်း
Most Read
Most Recent
3 hours ago















