အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်ကစားသမား ဂရီးဇ်မန်းက မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းကို ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သတင်းထွက်ခဲ့ပေမဲ့ လက်ရှိအသင်းမှာ ရာသီကုန်တဲ့အထိ ဆက်ရှိမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
မေဂျာလိဂ်ရဲ့ အပြောင်းအရွှေ့စျေးကွက်က မတ်(၂၆)မှာမှ ပိတ်သိမ်းမှာဖြစ်ပြီး အစောပိုင်းတုန်းက ဂရီးဇ်မန်းအနေနဲ့ ဒီလအတွင်းမှာပဲ အော်လန်ဒိုစီးတီးအသင်းကို ပြောင်းရွှေ့ဖို့စီစဉ်နေကြောင်း သတင်းထွက်ခဲ့တာပါ။
စပါးနဲ့ပွဲအပြီးမှာတော့ ဂရီးဇ်မန်းက ''ကျွန်တော် ဒီမှာ ပျော်ရွှင်နေပါတယ်။ ကွင်းထဲမှာ ကျွန်တော် ဘယ်လိုကစားနေသလဲဆိုတာက ဒါကို သက်သေပြနေပါတယ်။ ဘာဖြစ်လာမလဲဆိုတာ မြင်တွေ့ရမှာဖြစ်ပြီး ကျွန်တော့်စိတ်ကူးကတော့ ရာသီကုန်အထိ ဆက်ရှိချင်ပါတယ်။ လာမယ့်လမှာ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားဖို့က ကျွန်တော့်ရဲ့အိပ်မက်၊ ကျွန်တော့်ရဲ့ရည်မှန်းချက်ပါ'' လို့ ပြောကြားခဲ့ပါတယ်။
မတ်လ(၂၁)ရက်မှာ (၃၅)နှစ်ပြည့်တော့မယ့် ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းဟာ အက်သလက်တီကိုအသင်းမှာ ဒုတိယအကြိမ်ပြန်လည်ကစားနေတာဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၇ မှာမှ ကုန်ဆုံးမှာဖြစ်ကြောင်း သိရပါတယ်။















