မန်စီးတီးအသင်းရဲ့ ဂိုးသမား ဒွန်နာရမ်မာက ရီးယဲလ်အသင်းမှာ ပြင်သစ်တိုက်စစ်မှူး ဘာပေ မကစားနိုင်တာဟာ မိမိတို့အတွက် အခွင့်အရေးတစ်ရပ်ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘာပေဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၃)ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်နေသူဖြစ်ပြီး လက်ရှိအချိန်မှာ ဒူးဒဏ်ရာကြောင့် အနားယူနေရပါတယ်။
ဘာပေဟာ တစ်ဦးချင်းလေ့ကျင့်မှုတွေ ပြုလုပ်နေပြီဖြစ်ပေမဲ့ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို လွဲချော်ရမှာဖြစ်ကြောင်း ရီးယဲလ်နည်းပြ အာဘီလိုအာက အတည်ပြုထားပါတယ်။
ဒါကြောင့် ဒွန်နာရမ်မာက မိမိတို့အတွက် တစ်ပန်းသာစေတဲ့ အခွင့်ရေးတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပေမဲ့ ဒုတိယအကျော့မှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
''ကျွန်တော်က ကိုင်လီယန်(ဘာပေ)နဲ့အတူ ကစားခွင့်ရခဲ့တာကြောင့် ကံကောင်းခဲ့ပြီး သူက ကမ္ဘာမှာ အ့ံအားသင့်စရာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ သူက အလွန်အရည်သွေးပြည့်ဝတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ထိပ်တန်းဂိုးသမားတစ်ယောက်အတွက် ဒီလိုကစားသမားနဲ့ ရင်မဆိုင်ရတာဟာ အခွင့်အရေးတစ်ရပ် ဖြစ်နိုင်ပါတယ်။ ကျွန်တော် အလုပ်နည်းမှာဖြစ်ပေမဲ့ သူ့နေရာ အစားထိုးဖို့ ကစားသမားတွေ ရှိနေပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်ကစားရမှာက ချန်ပီယံဆုများစွာ ရယူထားတဲ့ ရီးယဲလ်မက်ဒရစ်အသင်းပါ။ ဘာပေနဲ့ ကျွန်တော်က မိတ်ဆွေရင်းချာတွေဖြစ်ပြီး ဒုတိယအကျော့မှာ သူပြန်ကစားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အဲဒီလိုကစားခွင့်ရဖို့ ထိုက်တန်လို့ပါ'' လို့ ဒွန်နာရမ်မာက ပြောကြားခဲ့ပါတယ်။















