လက်ရွေးစင်ကစားသမားဘဝက အနားယူလိုက်ပြီဖြစ်ကြောင်း ဝေါ်လ်ကာ ကြေညာ

လက်ရွေးစင်ကစားသမားဘဝက အနားယူလိုက်ပြီဖြစ်ကြောင်း ဝေါ်လ်ကာ ကြေညာ
Photo: X
Photo: X
Published 11 March 2026

ဘန်လေအသင်းမှာ ကစားနေတဲ့ အင်္ဂလန်နောက်ခံလူ ဝေါ်လ်ကာက လက်ရွေးစင်ကစားသမားဘဝက အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အသက်(၃၅)နှစ်ရှိပြီဖြစ်တဲ့ ဝေါ်လ်ကာဟာ ၂၀၁၁ ခုနှစ်ကတည်းက အင်္ဂလန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ပွဲပေါင်း(၉၆)ပွဲ ယှဉ်ပြိုင်ကစားထားပါတယ်။

ဝေါ်လ်ကာဟာ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား၊ ယူရို-၂၀၁၆၊ ၂၀၂၀ နဲ့ ၂၀၂၄ ပြိုင်ပွဲတွေမှာ အင်္ဂလန်နိုင်ငံကို ကိုယ်စားပြုခွင့်ရခဲ့ပြီး ဆုဖလားအောင်ပွဲတော့ ရယူနိုင်ခြင်းမရှိခဲ့ပါဘူး။

ဝေါ်လ်ကာဟာ စပါးအသင်းနဲ့ မန်စီးတီးအသင်းတွေမှာ အချိန်အကြာဆုံးကစားခဲ့ပြီး မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု(၆)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၁)ကြိမ်အပါအဝင် ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့ပါတယ်။

ဝေါ်လ်ကာက ဘန်လေအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ကလပ်အသင်းကစားသမားဘဝကိုတော့ ရှေ့ဆက်လျှောက်လှမ်းသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

''အခုလို ဆုံးဖြတ်ရတာ ကျွန်တော် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အင်္ဂလန်အသင်းနဲ့အတူ ရရှိခဲ့တာတွေအတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်'' လို့ ဝေါ်လ်ကာက ပြောကြားခဲ့ပါတယ်။

Most Read

Most Recent