မန်စီးတီးနည်းပြ ဂွါဒီယိုလာက နယူးကာဆယ်နဲ့ပွဲမှာ တိုက်စစ်မှူး ဟာလန်းကို အနားပေးခဲ့တာဟာ ရီးယဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမယ့် အဝေးကွင်းပွဲစဉ်အတွက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်(၁၆)သင်းအဆင့်မှာ ရီးယဲလ်အသင်းနဲ့ ဆုံတွေ့နေပြီး ပထမအကျော့အဝေးကွင်းပွဲစဉ်ကို အခုတစ်ပတ် ဗုဒ္ဓဟူးညမှာ ယှဉ်ပြိုင်ရမှာပါ။
ဒါကြောင့် စနေနေ့က နယူးကာဆယ်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလားပွဲမှာ နော်ဝေတိုက်စစ်မှူး ဟာလန်းကို အနားပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဟာလန်းဟာ လိဒ်စ်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးကွင်းမှာ အသေးစားဒဏ်ရာရရှိခဲ့တာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပေမဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ပြန်ကစားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ နယူးကာဆယ်နဲ့ပွဲမှာတော့ ဟာလန်းကို အသင်းနဲ့အတူ ခေါ်ဆောင်လာခြင်းတောင်မရှိဘဲ မန်ချက်စတာမှာပဲ လေ့ကျင့်စေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
''နယူးကာဆယ်နဲ့ပွဲမှာ အာလင်းဟာလန်း ကစားဖို့ လိုအပ်တယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ သူ့ရဲ့ စစ်မှန်တဲ့ အရှိန်အဟုန်ကို ပြန်လည်ရရှိစေဖို့အတွက် အသင်းမှာပဲ လေ့ကျင့်စေခဲ့ပါတယ်'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။















