စပိန်နဲ့ အာဂျင်တီးနားအသင်း ယှဉ်ပြိုင်ရမယ့် ၂၀၂၆ Finalissima ပွဲအတွက် ဆုံးဖြတ်ချက်မချသေးဘဲ အခြေအနေကို စောင့်ကြည့်နေ

စပိန်နဲ့ အာဂျင်တီးနားအသင်း ယှဉ်ပြိုင်ရမယ့် ၂၀၂၆ Finalissima ပွဲအတွက် ဆုံးဖြတ်ချက်မချသေးဘဲ အခြေအနေကို စောင့်ကြည့်နေ
Photo: X
Photo: X
Published 6 March 2026

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ စပိန်နဲ့ အာဂျင်တီးနားအသင်း ယှဉ်ပြိုင်ရမယ့် ၂၀၂၆ Finalissima ပွဲအတွက် ဆုံးဖြတ်ချက်မချသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြောင်း သိရပါတယ်။

 Finalissima ပွဲက ဥရောပချန်ပီယံနဲ့ တောင်အမေရိကချန်ပီယံအသင်း ယှဉ်ပြိုင်ရတဲ့ပွဲဖြစ်ပြီး ၂၀၂၂ မှာတုန်းက ယူရို-၂၀၂၀ ချန်ပီယံ အီတလီအသင်းနဲ့ ၂၀၂၁ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ခဲ့ပါတယ်။

အခု ၂၀၂၆ ပြိုင်ပွဲမှာတော့ ယူရို-၂၀၂၄ ချန်ပီယံ စပိန်အသင်းနဲ့ ၂၀၂၄ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ရမှာပါ။

၂၀၂၆ Finalissima ပြိုင်ပွဲကို ကာတာနိုင်ငံမှာ မတ်လ(၂၇)ရက်နေ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပေမဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကြောင့် အီရန်က အရှေ့အလယ်ပိုင်းနိုင်ငံတွေကို တုံ့ပြန်တိုက်ခိုက်နေတဲ့အတွက် ကာတာနိုင်ငံမှာ ကျင်းပနိုင်ဖို့ မရေမရာဖြစ်နေပါတယ်။

ဒါပေမဲ့ ကာတာနိုင်ငံက ဒီပြိုင်ပွဲအတွက် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ထားတာကြောင့် တခြားနိုင်ငံမှာ ရွှေ့ပြောင်းကျင်းပစေလိုခြင်းမရှိဘဲ ကာတာနိုင်ငံမှာပဲ ကျင်းပနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒါကြောင့် UEFA က အခြေအနေကို စောင့်ကြည့်နေတာဖြစ်ပြီး နောက်လာမယ့်ရက်သတ္တပတ်အကုန်မှသာ ဆုံးဖြတ်သွားမယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

 

Most Read

Most Recent