ပြင်သစ်လီဂူး၊ ဘွန်ဒစ်လီဂါ၊ စီးရီးအေနဲ့ လာလီဂါ ပွဲကြိုသုံးသပ်ချက်

ပြင်သစ်လီဂူး၊ ဘွန်ဒစ်လီဂါ၊ စီးရီးအေနဲ့ လာလီဂါ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 6 March 2026

PSG - မိုနာကို (မတ် ၇ ရက်နေ့ နံနက် ၂း၁၅ နာရီ)

PSG က လန်းစ်ကို (၄)မှတ်ပြန်ဖြတ်ထားနိုင်ပြီဖြစ်တာကြောင့် ဖိအားနည်းနည်းလျော့သွားပါပြီ။ ခြေစွမ်းပိုင်းကတော့ သိပ်ပြီး အားရစရာမရှိသေးပါဘူး။ မိုနာကိုကလည်း ပြင်သစ်လိဂ်မှာ (၃)ပွဲဆက်အနိုင်ရထားပေမဲ့ PSG နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်နှစ်ကျော့မှာတော့ တစ်ပွဲသရေ၊ တစ်ပွဲရှုံးခဲ့ပါတယ်။ ရက်ပိုင်းအတွင်း ပြန်တွေ့ရတဲ့ အနေအထားမှာ အိမ်ရှင် PSG အသင်း အနိုင်ကစားပါလိမ့်မယ်။

ဘိုင်ယန်မြူးနစ် - မိုချန်ဂလာဘတ် (မတ် ၇ ရက်နေ့ နံနက် ၂းဝ၀ နာရီ)

ဘိုင်ယန်မြူးနစ်က ပြိုင်ပွဲစုံ(၅)ပွဲဆက် အနိုင်ရရှိထားပြီး မိုချန်ဂလာဘတ်ကတော့ နောက်ဆုံး(၈)ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း ခြေသလုံးဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ ဂိုးသွင်းနိုင်တဲ့ကစားသမားတွေ အများကြီးရှိပါတယ်။ မိုချန်ဂလာဘတ်ကို (၅)ပွဲဆက်တိုက် အနိုင်ရထားတဲ့ ဘိုင်ယန်မြူးနစ်ပဲ အလွယ်တကူအနိုင်ရမှာ သေချာပါတယ်။

နာပိုလီ - တိုရီနို (မတ် ၇ ရက်နေ့ နံနက် ၂း၁၅ နာရီ)

နာပိုလီက အင်တာမီလန်နဲ့ (၁၄)မှတ်ပြတ်နေပြီဖြစ်တာကြောင့် ချန်ပီယံမျှော်လင့်ချက်က ကုန်ဆုံးသလောက်ဖြစ်နေပါပြီ။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိန်ခေါ်နိုင်တဲ့အသင်းတွေ များပြားနေတာကြောင့် အခုလိုအိမ်ကွင်းပွဲမှာ အမှတ်မလျော့အောင် ကြိုးစားမှာပါ။ ပထမအကျော့က ရှုံးကြွေးကို နာပိုလီ ပြန်ဆပ်ပါလိမ့်မယ်။

ဆယ်လ်တာဗီဂို - ရီးယဲလ်မက်ဒရစ် (မတ် ၇ ရက်နေ့ နံနက် ၂း၃၀ နာရီ)

ချန်ပီယံပြေးလမ်းပေါ်မှာ ဘာစီလိုနာနဲ့ (၄)မှတ်ကွာဟသွားတာထက် လာလီဂါမှာ နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့တာက ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပိုပြီးခံပြင်းစရာကောင်းပါတယ်။ ဒါကြောင့် ပြန်လည်ရုန်းထနိုင်ဖို့ လိုအပ်နေပေမဲ့ အခု ရင်ဆိုင်ရမယ့် ဆယ်လ်တာဗီဂိုက ပြိုင်ပွဲစုံ(၄)ပွဲဆက်အနိုင်ရထားပြီး ပထမအကျော့မှာလည်း ရီးယဲလ်ကို အနိုင်ကစားထားပါတယ်။ အဝေးကွင်းမှာ ရီးယဲလ်အသင်း အမှတ်ထပ်လျော့နိုင်ပါတယ်။

Most Read

Most Recent