လာမယ့်(၃)လအတွင်း အနာဂတ်အတွက် စဉ်းစားဆုံးဖြတ်သွားမယ်လို့ လီဝန်ဒေါစကီး ပြောကြား

လာမယ့်(၃)လအတွင်း အနာဂတ်အတွက် စဉ်းစားဆုံးဖြတ်သွားမယ်လို့ လီဝန်ဒေါစကီး ပြောကြား
Photo: X
Photo: X
Published 6 March 2026

ဘာစီလိုနာအသင်းရဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးက အနာဂတ်အတွက် လာမယ့်(၃)လအတွင်း စဉ်းစားဆုံးဖြတ်သွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက်(၃၇)နှစ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးဟာ လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။

လီဝန်ဒေါစကီးဟာ အသက်အရွယ်ရလာပြီဖြစ်တာကြောင့် ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ဒီရာသီမှာ သူ့ရဲ့ပွဲကစားချိန်တွေကို လျှော့ချလာခဲ့ပါတယ်။

ဒါကြောင့် လီဝန်ဒေါစကီးအနေနဲ့ ဒီရာသီလာလီဂါမှာ (၁၀)ပွဲသာ ပွဲထွက်ကစားခွင့်ရရှိထားကြောင်း သိရပါတယ်။

ဒီအခြေအနေအတွက် လီဝန်ဒေါစကီးက ''ဒါက ဘာကောင်းသလဲဆိုတော့ ကျွန်တော့်မှာ ဖိအားမရှိတာပါပဲ။ အသက်(၃၀)အရွယ် ဒါမှမဟုတ် အဲဒီထက်ငယ်တဲ့အရွယ်ဆိုရင်တော့ ခံစားမှုက အခုနဲ့ ခြားနားနေမှာပါ။ ဒါပေမဲ့ ဒီအခိုက်အတန့်မှာတော့ ကျွန်တော် သည်းခံနိုင်ပါတယ်။ ကျွန်တော် ဘာလုပ်ချင်သလဲဆိုတာကို (၃)လဝန်းကျင်အတွင်းမှာ စဉ်းစားဆုံးဖြတ်သွားမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။

လီဝန်ဒေါစကီးကို ခေါ်ယူဖို့ မေဂျာလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။

Most Read

Most Recent