လီဗာပူးလ်နည်းပြ အာနယ်ဆလော့က မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူ ဂူဟီအနေနဲ့ ဆာလာကို ဆွဲခဲ့တဲ့အတွက် အနီကတ်ပြခံရသင့်ကြောင်း ပြစ်တင်ပြောကြားခဲ့ပါတယ်။
အဲဒီပွဲမှာ လီဗာပူးလ်အသင်းက ဆိုဘိုဆလိုင်းရဲ့ ဖရီးကစ်ဂိုးနဲ့ ဦးဆောင်ခွင့်ရခဲ့ပေမဲ့ မန်စီးတီးအသင်းအတွက် (၈၄)မိနစ်မှာ ဘာနာဒိုဆေးလ်ဗားက ချေပဂိုး၊ (၉၀+၃)မိနစ်မှာ ဟာလန်းက ပယ်နယ်တီကနေ အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ မန်စီးတီးတို်က်စစ်မှူး ဟာလန်းကို နောက်ကဆွဲခဲ့တာကြောင့် လီဗာပူးလ်ကစားသမား ဆိုဘိုဆလိုင်း အနီကတ်ပြထုတ်ပယ်ခံခဲ့ရပေမဲ့ မိနစ်(၇၀)ဝန်းကျင်မှာ ဆာလာကို ဆွဲခဲ့တဲ့ ဂူဟီ အဝါကတ်သာ ပြသခံခဲ့ရတာကြောင့် အာနယ်ဆလော့က ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်အဖွဲ့ကို ဝေဖန်ပြစ်တင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
''ဒိုင်လူကြီးတွေက စည်းမျဉ်းအတိုင်း လိုက်နာတယ်ဆိုရင် ဂူဟီက မိုဆာလာရဲ့အကျင်္ီကိုဆွဲခဲ့တာ ရှင်းရှင်းလင်းလင်းကြီးပါပဲ။ မိုဆာလာက အဲဒီလိုအနေအထားမှာ (၈)နှစ်အတွင်း အကြိမ်(၁၀၀)ကန်ရင် အကြိမ်(၁၀၀) ဂိုးပါတယ်။ ဒါက နည်းနည်းပုံကြီးချဲ့ရာရောက်ရင်တော့ ဒါက အနီကတ်မဟုတ်ပါဘူး'' လို့ အာနယ်ဆလော့က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ မန်ယူတိုုက်စစ်မှူးဟောင်း ရွန်နီကတော့ အာနယ်ဆလော့ရဲ့ ပြောကြားမှုကို လက်မခံကြောင်းနဲ့ ဆာလာဟာ သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အရေးကို ပိုင်ဆိုင်ခဲ့ခြင်းမဟုတ်ကြောင်း၊ ဂူဟီကို အဝါကတ်သာ ပြသရမယ့်အခြေအနေဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။















