၂၀၂၈ အိုလံပစ်ပြိုင်ပွဲအတွက် ကျား၊မ စစ်ဆေးမှု ခံယူမယ်လို့ ခီလစ်ဖ် ဖွင့်ဟ

၂၀၂၈ အိုလံပစ်ပြိုင်ပွဲအတွက် ကျား၊မ စစ်ဆေးမှု ခံယူမယ်လို့ ခီလစ်ဖ် ဖွင့်ဟ
Photo: X
Photo: X
Published 6 February 2026

အငြင်းပွားဖွယ် အိုလံပစ်ရွှေတံဆိပ်ဆုရှင် အယ်လ်ဂျီးရီးယား အမျိုးသမီးလက်ဝှေ့ သမား ခီလစ်ဖ်က ၂၀၂၈ လော့စ်အိန်ဂျလိစ် အိုလံပစ်ပြိုင်ပွဲအတွက် ကျား၊မ စစ်ဆေးမှု ခံယူသွားမှာဖြစ်ကြောင်း CNN သတင်းဌာနနဲ့ အင်တာဗျူးမှာ ထုတ်ဖော်ဖွင့်ဟခဲ့ပါတယ်။

ခီလစ်ဖ် (၂၆ နှစ်) ဟာ ၂၀၂၄ ပါရီ အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသမီးလက်ဝှေ့ ဝယ်လ်တာဝိတ်တန်းမှာ ရွှေတံဆိပ်ဆုရရှိခဲ့ပေမဲ့ အမျိုးသားတစ်ဦး ဒါမှမဟုတ် လိင်ပြောင်းတစ်ဦးဖြစ်ကြောင်း ဝေဖန်မှုများ ပြင်းထန်စွာခံနေရပါတယ်။

ဒါကြောင့် ခီလစ်ဖ်က ''ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့  ကျွန်မ လုပ်ရမယ့်အရာမှန်သမျှကို လက်ခံပါတယ်။ သူတို့အနေနဲ့ အမျိုးသမီးတွေကို ကာကွယ်ပေးသင့်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ တခြားအမျိုးသမီးတွေကို မထိခိုက်စေသင့်ဘူးဆိုတာ အာရုံစိုက်သင့်ပါတယ်။ ကျွန်မက လိင်ပြောင်းထားသူ မဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ပါ'' လို့ ပြောကြားခဲ့ပါတယ်။

ခီလစ်ဖ်က သူ့အနေနဲ့ တခြားအမျိုးသမီးတွေနဲ့ ကွဲပြားခြားနားမှုရှိနေပေမဲ့ ဘာမှ ပြုပြင်ပြောင်းလဲမှုလုပ်မထားဘဲ သဘာဝအတိုင်းသာ အမျိုးသမီးတစ်ဦးအဖြစ် ရှိနေခြင်းဖြစ်ကြောင်းလည်း ဆိုခဲ့ပါတယ်။

ဒါ့အပြင် ခီလစ်ဖ်က နိုင်ငံရေးသမားတွေအနေနဲ့ သူ့အမည်ကို အသုံးချနေတာတွေကို ရပ်တန့်ဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

Most Read

Most Recent