ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် လက်စတာအသင်း (၆)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရ

ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် လက်စတာအသင်း (၆)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရ
Photo: X
Photo: X
Published 6 February 2026

လိဂ်ချန်ပီယံရှစ်မှာ ယှဉ်ပြိုင်ကစားနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဟောင်း လက်စတာအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် (၆)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။

လက်စတာအသင်းဟာ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာလအတွင်း အမြတ်ငွေနဲ့ တည်တ့ံမှုစည်းမျဉ်း(PSR)နဲ့ ကိုက်ညီအောင် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ စည်းမျဉ်းချိုးဖောက်ခဲ့တာကြောင့် အခုလို အရေးယူခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

PSR စည်းမျဉ်းအရ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ (၃)ရာသီအတွင်း ပေါင်(၁၀၅)သန်းထက်ပိုပြီး အရှုံးပေါ်လို့ မရဘဲ အောက်တန်းလိဂ်တွေကို ရောက်သွားခဲ့ရင်တော့ တစ်ရာသီမှာ ပေါင်(၂၂)သန်းသာ အရှုံးပေါ်ခွင့်ရှိကြောင်း သိရပါတယ်။

လက်စတာအသင်းဟာ ၂၀၂၁-၂၂၊ ၂၀၂၂-၂၃ နဲ့ ၂၀၂၃-၂၄ ရာသီ(၃)ခုမှာ သတ်မှတ်ချက်ထက်ပိုပြီး အရှုံးပေါ်ခဲ့တာကြောင့် (၆)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။

လက်စတာအသင်းဟာ ဒီရာသီ လိဂ်ချန်ပီယံရှစ်မှာ ပြစ်ဒဏ်ချမှတ်မခံရခင်ကတည်းက အဆင့်(၁၇)နေရာရောက်ရှိနေခဲ့ပြီး (၆)မှတ်လျှော့ခံရချိန်မှာတော့ အဆင့်(၂၀)နေရာ ရောက်ရှိသွားခဲ့ပါတယ်။

ဒါကြောင့် တန်းဆင်းဇုန်ထဲမှာရှိနေတဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ အမှတ်တူဖြစ်သွားခဲ့တာကြောင့် လိဂ်ချန်ပီယံရှစ်ကနေ တန်းထပ်မဆင်းရဖို့ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။

Most Read

Most Recent