ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အယ်လ်အစ်တီဟတ်အသင်းနဲ့ လမ်းခွဲပြီး အယ်လ်ဟီလာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပွဲဦးထွက်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြခဲ့ကြောင်း သိရပါတယ်။
ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းရဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို မကျေနပ်တာကြောင့် စာချုပ်ဖျက်သိမ်းကာ လမ်းခွဲခဲ့တာဖြစ်ပြီး အယ်လ်ဟီလာအသင်းနဲ့ (၁၈)လစာချုပ် ချုပ်ဆိုခဲ့တာပါ။
ဘန်ဇီမာဟာ အွတ်ခ်ဒုဒ်အသင်းကို (၆-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တဲ့အပြင် ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ပွဲအပြီးမှာ ဘန်ဇီမာက ''အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်တာကြောင့် ကျွန်တော်တို့ ပျော်ရွှင်ပါတယ်။ ဒီအသင်းမှာရှိတဲ့လူတိုင်းက ကျွန်တော့်ကို အရာအားလုံးပေးအပ်ခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော်ကလည်း ကွင်းထဲရှိနေတဲ့အချိန်တိုင်း သူတို့အတွက် အရာအားလုံးပေးအပ်သွားမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။
အယ်လ်ဟီလာအသင်းဟာ ဒီရာသီမှာ ရှုံးပွဲမရှိရလဒ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်းဖြစ်ပြီး ဘန်ဇီမာက အာရှရဲ့ ရီးယဲလ်မက်ဒရစ်အသင်းဖြစ်တယ်လို့လည်း ညွှန်းဆိုပြောကြားခဲ့ပါတယ်။















